လာရောက်ဖတ်ရှုကြသူအားလုံးကိုကျေးဇူးပါရှင် Mee Mee Thaw Gyi

Sunday, November 26, 2006

စားမှာပဲ ... စားမှာပဲ

မီးသော်ကြီး ဒီမနက် အိပ်ရာနိုးလာတော့ မျက်နှာအဟောင်းကြီးနဲ့ စဉ်းစားလိုက်တယ်။ နံနက်စာကို ဘာစားရင် ကောင်းမလဲပေါ့။ အဲလက်စ်ရဲ့ သီချင်းလိုပဲနော်။ အဟိ ...။ ( မိုးလင်းထဲက စဉ်းစားမိတာ စားဖို့ပါပဲ ... )။ မုန့်ဟင်းခါး စားမယ်လို့ ဆုံးဖြတ်လိုက်တယ်။ ဆုံးဖြတ်ချက် ကျတာနဲ့ ညက်နှာအဟောင်းကြီးကို အမြန်သစ်။ နေ့သစ်အတွက် မျက်နှာအသစ် ဖြစ်သွားပါပြီ။ ပြီးတာနဲ့ မုန့်ဟင်းခါးကို ၀ယ်ခဲ့ပေးဖို့ အဒေါ်ကို မှာသွားလိုက်တယ်။ ခဏနေတော့ သူဝယ်လာတဲ့ မုန့်ဟင်းခါးနဲ့ ထမင်းနည်းနည်းနဲ့ စားလိုက်တယ်။ မုန့်ဟင်းခါးကို ဒီတိုင်းစားရင် ရင်အရမ်းပူလို့ ထမင်းနည်းနည်း ထည့်စားလိုက်တာလေ။ စားလို့ပြီးသွားတော့ ဆာလောင်ခြင်းဒွတ်ခ ကင်းလွတ်သွားတာနဲ့ တပြိုင်နက် နောက်တစ်ကြိမ် ပြန်မဆာမခြင်း မာန်တက်နေလိုက်တယ်။ စားဖိုဆောင်ကိုလဲမသွား၊ ကူညီရမလားလဲ မမေးနဲ့ ...။ ဘာလုပ်ရမလဲ စဉ်းစားလိုက်တော့ စာလေး နည်းနည်းပါးပါးတော့ ရေးလိုက်ဦးမယ်လို့ တွေးမိလိုက်တာနဲ့ ကွန်လေးကိုဖွင့် တရားအားထုတ်နေရတဲ့ အွန်လိုင်းလေးကို ခဏ ပြေးကြည့်လိုက်တယ်။ အင်း ဆန်းဒေးမို့ ထင်တယ်။ ဒူမှလဲမတွေ့။ အဲတာနဲ့ ပြန်ထွက်လာပြီင်္း စာရေးတော့မယ်လို့ ဆုံးဖြတ်ချက်ကို လုံးဝချလိုက်တယ်။

ရေးမယ်ဆိုတော့လဲ ဘာရေးရမလဲပေါ့။ တွေးမိတာတွေကလဲ ဟိုတစ်စ ဒီတစ်နဲ့ စုံစီနဖာကို ပွလို့။ ဖြစ်သေးပါဘူးလေ။ အဲလိုတော့မဖြစ်ဘူး။ တော်ကြာ လာဖတ်သူ တယ်ဂျင်းတွေက စိတ္တဇအတွေးလို့ ဆိုတဲ့အတိုင်း ပေါက်ကရတွေ တွေးပြီး အရူးမက ရေးထားတယ် ပြောနေကြဦးမယ်။ အင်း ... လူတွေကလဲ မှန်တာပြောရင် တယ်နာတတ်သကိုး။ အမှန်က သူတို့ ဝေဖန်တာက ဟုတ်နေတာပဲလေ။ လူ့စိတ်ဆိုတာ အဲလိုပဲ။ မှန်တာပြောတော့လဲ စိတ်ဆိုးတတ်ကြတယ်။ မမှန်တာပြောလဲ စိတ်ဆိုးတတ်ကြတယ်။ မမှန်တာပြောရင် - ဟုတ်လို့ ပြောတာဆို ခံရတာ တော်ပါသေးတယ်။ မဟုတ်ပဲနဲ့တော့ အပြောမခံနိုင်ဘူးတဲ့။ မှန်တာတွေ ပြောတော့လဲ မှန်တာတွေ ပြောရပါ့မလားဆိုပြီး စိတ်ဆိုးကြတာပါပဲလေ။ ကဲ ... ပြောချင်တာ ပြောကြပါစေတော့အေ။ ပေယျာလကန် ပြုလိုက်မယ်။ ( ဘာလဲတော့မမေးနဲ့ မီးသော်ကြီးလဲ သူ့အနက်အဓိပ္ပါယ်ကို မသိဘူး။ ) ရေးမှဖြစ်မယ်လေ။

ခုဏ စားလိုက်တဲ့ မုန့်ဟင်းခါး တန်ခိုးက ပြလာပါပြီ။ ရင်ပူလိုက်တာ။ လိမ်မော်သီးစားမှထင်တယ်။ မုန့်ဟင်းခါးက အဲလိုစွမ်းတာလေ။ သူ့ကိုစားပြီးရင် လုံးဝမေ့ထားလို့ မရဘူး။ အဲကြောင့်ဖြစ်မယ်။ ညမာတွေ အားလုံးက တက်ညီလက်ညီကို ကြိုက်ကြတယ်။ မုန့်ဟင်းခါးလို့ ပြောလိုက်တာနဲ့ စားချင်လာကြရော။ မီးသော်ကြီး ထင်တယ်။ အခြားအစားအစာ တစ်မျိုးမျိုးထက် မုန့်ဟင်းခါးက အကြိုက်ပိုညီကြတယ်။ မုန့်ဟင်းခါးက အနယ်နယ်အရပ်ရပ်မှာ သူ့ပုံစံမျိုးနဲ့သူ ရပ်တည်နေတာ။ မုန့်ဟင်းခါးလို့သာ နာမည်တူတာ သူ့နယ်အလိုက် ချက်နည်းတွေက မတူကြဘူး။ တစ်နယ်ကို ပုံစံတစ်မျိုးစီပါပဲ။ ကုလားပဲနဲ့ ချက်ကြသလို ပဲမပါဘဲ ဆန်နဲ့ချည်းလဲ ချက်ကြတယ်။ အချို့နယ်က မြေပဲဆန်ကို စေးနေအောင်ထောင်းပြီး ထည့်ကြတယ်။ အချို့နယ်က စပါးလင်ပါတာ မကြိုက်ကြဘူး။ အချို့နယ်က ပဲကိုမှပျစ်ပျစ်ကြီးချက်ပြီး စားကြတယ်။ မီးသော်ကြီး တွေ့ဘူးတာတော့ ကရင်ပြည်နယ်ဘက်မှာဆိုရင် မုန့်ဟင်းခါးထဲကို ပူစီနံတို့ ပဲပင်ပေါက်တို့ ( မန်းလေးမှာတော့ ပဲပင်ပေါက်ကို တိုရလို့ခေါ်တယ်။ ဘာလို့ အဲလိုခေါ်လဲဆိုတာ မီးသော်ကြီး မသိဘူး။ ) ဂေါ်ဖီတို့ ခ၇မ်းချဉ်သီးတို့ ထည့်စားကြတယ်။ မီးသော်ကြီး မိတ်ဆွေတစ်ယောက်ကတော့ ဂန့်ဂေါဘက်က။ သူကျတော့ မုန့်ဟင်းခါးထဲကို ကောက်ညင်းပေါင်း ထည့်စားတယ်။ များသောအားဖြင့်တော့ အကြော်စုံ၊ ငါးဖယ်၊ ကြက်ဥ-ဘဲဥ နံနံပင် အဲတာမျိုးကတော့ ထည့်စားနေကြတာပဲ။ မီးသော်ကြီးဆိုရင် ငါးဖယ်ကြော်ရယ် ဘူးသီးကြော်ရယ် ကြက်သွန်ကြော်ရယ် ဘဲဥရယ် ထည့်စားတာကို ကြိုက်တယ်။ မုန့်ဟင်းခါးဆို သူ့ပုံစံကို မမြင်ရသေးနဲ့ဦး အနံ့ရလာပြီဆိုတာနဲ့ စားချင်ကြတာ။ ပုံမှန် မုန့်ဟင်းခါး တစ်ပွဲမှာ ဆိုရင် မုန့်တီရယ် ကြက်ဥရယ် အကြော်ရယ် နံနံပင်ရယ် ကြက်သွန်ဖြူကို ကြော်ထားတဲ့ ဆီချက် အဖန်လေးတွေရယ် ငရုပ်သီးရယ် သံပုရာသီးရယ် ဟင်းရည်ရယ်ပါတယ်။ မုန့်ဟင်းခါးနဲ့ စားတဲ့ ငရုပ်သီးကလဲ ဆီနဲ့ကြော်ရင် နည်းနည်းမှ စားမကောင်းဘူး။ လှော်ပြီး ထောင်းထားမှ စားလို့လိုက်ဖက်တယ်။ မီးသော်ကြီးတို့ အိမ်မှာဆို မုန့်ဟင်းခါးကို မကြာခဏ ချက်ချက်စားကြတယ်။ များသောအားဖြင့်တော့ ၂ မျိုးချက်စားတယ်။ ၁ မျိုးက ကုလားပဲကို ပြုတ်ချေပြီး ငါးဆီသတ်နဲ့ ချက်တယ်။ ငါးကို ဆီသတ်တဲ့ချိန်မှာ စပါးလင်ကို ညက်နေအောင် ထောင်းထားတာရယ်၊ ကြက်သွန်ဖြူကို ထောင်းထားတာရယ်၊ ကြက်သွန်နီကို ထောင်းထားတာရယ်၊ ဂျင်းကို ထောင်းထားတာရယ်ကို အားလုံးရောပြီး ဆီသတ်လိုက်တယ်။ ငရုပ်သီး အနုမှုန့်ကို နည်းနည်းထည့်တယ်။ အဲလို ဆီသတ်ပြီး ကုလားပဲပြုတ်ပြီး ချေထားတဲ့ အထဲထည့်လိုက်ပြီး ကြက်သွန်နီဥတွေ၊ ငှက်ပျောအူတွေ၊ ဘဲဥတွေ ထည့်ပြီးတည်တယ်။ နောက် ၁ မျိုးကတော့ ဆန်မှုန့်ကို လှော်လိုက်တယ်၊ ပြီး ရေနဲ့ဖျော် ပြီးတည်တယ်။ ငါးပြုတ်ကို အသားတွေကို နွှာပြီးထည့်တယ်။ ခေါင်းတွေနဲ့ အရိုးတွေကို ထောင်းပြီး သူ့အရည်ကို အရိုးစတွေ မပါအောင် စစ်ပြီး ထည့်လိုက်တယ်။ အဲ မဟုတ်ဘူး အသားတွေကို ကြက်သွန်နီနဲ့ ဆနွင်းနဲ့ နည်းနည်းလေး ဆီသတ်တယ် ဆိုရုံလေး ဆီသတ်သေးတယ်။ ပြီးရင် ဆူပွက်လာအောင် တည်တယ်။ ထုံးစံအတိုင်း ကြက်သွန်ဥ ဘာညာ ထည့်တယ်ပေါ့။ သူက ငရုပ်ရောင်မဟုတ်ပဲ ၀ါဝါလေး။ ဆန်လှော်ချက်ပေါ့။ အဲလို ၂မျိုး ချက်စားတယ်။ တစ်ကြိမ်ထဲ ၂ မျိုးတော့ မဟုတ်ဘူးပေါ့။ မုန့်ဟင်းခါးကို ကြိုက်တဲ့ သူတွေက ဘယ်လိုချက်ချက် ကြိုက်နေကြတာပါပဲ။ ဟုတ်တယ်မလား။ မုန့်ဟင်းခါးပန်းကန်ထဲကို မုန့်တီဖတ်လေးထည့် အကြော်၊ ငါးဖယ်၊ ဘဲဥလေးထည့်၊ နံနံပင်းလေးထည့်၊ ကြက်သွန်ဖြူကြော်ဖတ်လေးတွေထည့်၊ ဟင်းရည်လေးနဲ့ ပူပူလေး ပြင်ထားလိုက်ရင် ဘယ်သူမဆို မြင်လိုက်တာနဲ့ စားချင်စိတ်က တန်းဖြစ်လာမှာပဲ။ ကြိုက်ရင်ပေါ့။ မီးသော်ကြီး အပေါင်းအသင်းထဲမှာ မုန့်ဟင်းခါးကို လုံးဝ မကြိုက်တာ ၂ ယောက်။ မီးသော်ကြီး မြင်ဘူးတယ်။ ဒါပေမယ့် နည်းပါတယ်။ မုန့်ဟင်းခါးချက်ရင် ငါးဆိုရင် ငါးခူနဲ့ချက်တာ ပိုကောင်းတယ်လို့ မီးသော်ကြီးထင်တယ်။ ငါးကြင်းနဲ့လဲ ချက်ကြတယ်။ အချို့ဆို ငါးသလောက်နဲ့လဲ ချက်ကြတာပဲ။ ဘယ်ငါးနဲ့ချက်ချက် ကိုယ်နေတဲ့အရပ်က စားနေကြပုံစံမျိုးနဲ့ ချက်ရင်စားလို့ ကောင်းနေတာပဲ။ မုန့်ဟင်းခါးနဲ့ ပတ်သက်ပြီး စည်းလုံးတာတွေ ဘာညာတွေတော့ ထည့်မရေးတော့ဘူး။ စာစီစာကုံးသာ ဆိုရင်တော့ အမှတ်တိုးစေဖို့ လျှောက်ရေးပေးရမှာပေါ့။ ခုတော့အဲတာတွေမရေး တော့ဘူး။

အဲတော့ ... ရင်ပူရာကနေ ရေးလိုက်တာ မုန့်ဟင်းခါးဇာတ် ဖြစ်သွားတယ်။ ဖြစ်လာမှတော့ တည်နေပါစေတော့အေ။ မုန့်ဟင်းခါး ဆိုတော့လဲ မုန့်ဟင်းခါးပေါ့။ ဖြစ်တယ်မလား။ ရင်ကတော့ ပူနေပေမယ့် ရေးရင်းနဲ့ ထပ်စားချင်လာတာပဲ။ ( စားမှာပဲ ... စားမှာပဲ ... ငါ့ကို လာမတားနဲ့ ... )။

4 comments:

Anonymous said...

ဟိးးစားချင်လိုက်တာနော်....နောက်နေ.၀ယ်ရင်ပိုဝယ်ထားနော် ဟိ လားစားမယ် လိမ်မော်သီးလေးပါ အပိုဆောင်းး :D

Anonymous said...

ငါးနဲ့ ငှက်ပျောအူနဲ့ချက်တဲ့ မုန့်ဟင်းခါးလေ့  မော်လမြိုင်မုန့်ဟင်းခါးကို ပိုကြိုက်တယ့့်  ဒါပေမယ့် မုန့်ဟင်းခါးဆိုတဲ့ အသံကြားလိုကကတော့ ဘာမှ မေးမနေနဲ့ သွားရည်တမြားမြားကျပြီးသာ့း့  မုန့်ဟင်းခါးစားပြီးရင် ရေနွေးသောက်ရတယ် အဲ့ဒါမှ ရင်မပူမှာ့ 

Anonymous said...

မီးသော် ကရင်မုန့်ဟင်းခါးက ငါးပိစော် နံတယ် ဘာဖြစ်လို့လဲ ဒို့ ယပလက် မှာနေတုန်းက ကရင်တွေရောင်းတဲ့ မုန့်ဟင်းခါးသွားစားတာ ငှက်ပျောအူနဲ့ ငါးအတုန်းလိုက်နဲ့ ပဲသီးကလဲ အတောင့်လိုက်ပေးတယ် နံနံပင်လည်း အစီးလိုက်ချပေးတယ်..

mohammad salleh mohammad salleh said...

ကုလားပဲကို ပြုတ်ချေပြီး ငါးဆီသတ်နဲ့ ချက်တယ်။ ငါးကို ဆီသတ်တဲ့ချိန်မှာ စပါးလင်ကို ညက်နေအောင် ထောင်းထားတာရယ်၊ ကြက်သွန်ဖြူကို ထောင်းထားတာရယ်၊ ကြက်သွန်နီကို ထောင်းထားတာရယ်၊ ဂျင်းကို ထောင်းထားတာရယ်ကို အားလုံးရောပြီး ဆီသတ်လိုက်တယ်။ ငရုပ်သီး အနုမှုန့်ကို နည်းနည်းထည့်တယ်။ အဲလို ဆီသတ်ပြီး ကုလားပဲပြုတ်ပြီး ချေထားတဲ့ အထဲထည့်လိုက်ပြီး ကြက်သွန်နီဥတွေ၊ ငှက်ပျောအူတွေ၊ ဘဲဥတွေ ထည့်ပြီးတည်တယ်။ let's me know please , how to cook that ?