လာရောက်ဖတ်ရှုကြသူအားလုံးကိုကျေးဇူးပါရှင် Mee Mee Thaw Gyi

Wednesday, November 15, 2006

ဦးပုညရဲ့ မူလ ... မရေသည်

ရေသည်မမလဲ ယောင်ချာချာနဲ့ ဘလော့လေးလုပ်ပြီး ပို့စ်လဲမှန်အောင်မတင်ဖြစ်ဘူးရယ်။ စာတွေကလဲ ရေးမယ်ဆိုကာမှ ဘယ်ကိုဘယ်လို လိုက်ရှာရမလဲကို မသိတော့ဘူးရယ်။ ဘယ်နေရာတွေကနေ ထွက်ပြေးသွားကုန်ကြလဲ မသိဘူးရယ်။ နံနက်မိုးလင်း အိပ်ရာထကတည်းကကို စဉ်းစားနေတာ။ အိပ်ရာနိုးတော့ ထုံးစံအတိုင်း မျက်နှာမသစ်သေးပဲ စာအုပ် ၁ အုပ်ဆွဲပြီး ချောင်ကုပ်ပြီး ထိုင်ဖတ်နေမလို့ စဉ်းစားလိုက်သေးတယ်။ သူငယ်ချင်း ၁ ယောက်ဆီဖုန်းဆက်မယ် ပြောထားတာပဲဆိုပြီး မျက်နှာသစ်ပြီးတော့ ဖုန်းရှိတဲ့နားကို ပြေးရတော့တာပေါ့။ ဆက်ဖြစ်လိုက်ပါတယ်။ ပြီးတော့ ရှမ်းခေါက်ဆွဲတစ်ပွဲစားပြီးရော စာတော့ရေးရမယ်ဆိုပြီး ယောင်နနနဲ့ တောင်စဉ်ရေမရတွေ လျှောက်တွေးနေလိုက်တာ ဘာမှကိုမယ်မယ်ရရမလုပ်ဖြစ်ဘူး။ ရေးတော့ရေးရမယ်။

မီးသော်ကြီးဘလော့ကို သူငယ်ချင်းများကိုပေးကြည့်တော့ မေးကြတယ်။ ဘာကိစ်စ ရေသည်မမ ဖြစ်သွားရပြန်တာတုံးတဲ့။ ဟုတ်ကဲ့ ... အတိတ်ကအကြောင်းလေးကို သတိရမိလို့ပါပေါ့။ အဲလိုလေ … မီးသော်ကြီး အထက်တန်း နောက်ဆုံးနှစ်ကပေါ့။ ခုတက်ကသိုလ်ဝင်တန်းခေါ်မလားပဲ။ အဲအတန်းမှာတုန်းက ရခဲ့တဲ့နာမည်လေးပေါ့။ ဘယ်ကနေ ဘယ်လိုပေးကြတယ်တော့မသိဘူး။ မီးသော်ကြီးကို အဲတုန်းက အတူနေသူငယ်ချင်းများကစလို့ ဆရာ၊ဆရာမများတိုင် ရေသည်မမဟု အသိများကြလေ၏။ မီးသော်ကြီးလဲ ကျေနပ်ပါတယ်။ သူငယ်ချင်းအချို့ ဆို ယခုထိတိုင်ထိုနာမည်ပဲခေါ်ကြတာ ... မရေသည်တဲ့လေ။

မီးသော်ကြီးလဲ ကြိုက်တယ် အဲနာမည်လေးကို။ အဲဇာတ်တော်ထဲမှာ ရေသည်မမရဲ့စရိုက်နဲ့ လောဘမကြီးတဲ့ မျှော်လင့်ချက်လေးကိုလည်း ကြိုက်တာပါ။ ( သြော် … ဗာရာမည် ခေါ်သည်ပြည်တော်မှာ အကျော်ဇေယျ ခေါင်မှာစွဲအောင် မွဲတေလှတဲ့ ကျွန်မကိုငယ်။ တစ်ခါတစ်ရံလောကဓံမှာ ကံမျက်စိလည်လို့မှ ပြောင်တယ်မရှိ ရေရွက်လို့ရောင်း ၀မ်းကိုကျောင်းရတယ် ခေါင်းကျိန်းလို့ရိခဲ့ပြီ။ ပဲစိတ၀က် ပြောင်းတ၀က်နဲ့ ဆန်ပြက်သိကာ ပါကောင်းလို့ပါတော့တယ်။ ဟင်းလျာကပီလော လည်ချောင်းကိုမြေလှန် ဂလုံဆန်အောင် စုံကန်လို့မျောရတယ် ကောလိုက်တဲ့ကံ မုရင်းဆန်နှင့် ပွဲရံချဉ်ပေါင် ကျွေးနိုင်တဲ့မောင်များကို လူ့ဘောင်တွင် တစ်ခါကြိမ်စမ်းချင်ပါဘိ ဇာတာထွန်းပေါ် ကံနှိုးဆော်လို့ မတော်တဆ မုရင်းမောင်မောင် ဦးချဉ်ပေါင်ရို့ နှင့် အိမ်ထောင်များကျကာမှ ၀၀ကြီးပေါင်းလန်အောင် ၀မ်း စည်းစိမ်ခံတော့မယ် ) … ဇာတ်တော်ထဲက ရေသည်မမရဲ့ ဆန်ဒလေးတွေပေါ့။ အားလုံးလဲသိကြမှာပါ။ ရိုးရှင်းလှတဲ့ သူ့ရဲ့တောင့်တမှုလေးတွေ မီးသော်ကြီးတို့ လက်တွေ့ဘ၀မှာတော့ သူ့လို ရိုးရိုးလေးနဲ့ နဲနဲလေး စိတ်ကူးမယဉ်တတ်ကြပါဘူး။ ဟုတ်တယ်ဟုတ် ... ထီထိုးထားတဲ့သူတောင် အမြင့်ဆုံးဆုမဲကိုရွေးပြီးမှ စိတ်ကူးယဉ်လေ့ရှိကြတာပါ။ မီးသော်ကြီးတို့ ပိုဆိုးတာပေါ့။ ထီတောင်မှ မထိုးရသေးဘူး စိတ်ကူးကယဉ်ထားတာ။ ထီပေါက်ရင်တဲ့လေ ... လသာကုန်သွားရော ထီလက်မှတ်ဖိုးနှမြောတာနဲ့ မထိုးမိလိုက်ပါဘူးရယ်။ အဲလို ... ရေးလာရင်းနဲ့ ဘယ်ရောက်သွားပြန်တယ်မသိ။ အင်း ... ရေသည်မမ အမည်တွင်ပုံလေးရယ်။ မီးသော်ကြီးထင်တယ် မီးသော်ကြီးကို ရေသည်မမ ခေါ်ကြတာက ဆံထုံးတော်ကြီး တမာသီးကြောင့်ပဲနေမယ်။ မီးသော်ကြီးလဲ အဲအတွက်စိတ်ပျက်တယ်။ ဖြစ်နိုင်ရင်လေ မိန်းမတို့ဘုန်း ကတုံးလို့တောင် ပြောင်းပစ်ချင်တယ်။ ဆံထုံးတော်ကြီးက တကယ့်တမာသီး။ ဆံထုံးမထုံးတော့ မသိသာပေမယ့် ဆံပင်တွေက ပြောင်းဖူးဆံမိတ်တွေကျနေတာပဲ။ အဲလို ... ခုတော့မီးသော်ကြီး ရေသည်မမ ဖြစ်ရခြင်းကိုတော့ သူငယ်ချင်းတွေ သိလောက်ကြရောပေါ့။

1 comment:

CMS said...

အရေးအသားကိုကြိုက်တယ်ဗျာ :)