လာရောက်ဖတ်ရှုကြသူအားလုံးကိုကျေးဇူးပါရှင် Mee Mee Thaw Gyi

Thursday, December 14, 2006

ကဲ ... ခုပဲစလိုက်ကြစို့လား

ဒီတလော မီးသော်ကြီး ထူးဆန်းတာတွေ ဆက်တိုက် ကြုံတွေ့နေရပါတယ်။ လူ ၁ ခု ပူမှုရယ်တဲ့ ၁၀ ကုဋေ ဆိုတာမျိုးလိုပေါ့။ ဘယ်သူတွေက ဘယ်လိုမျိုးတွေလုပ်ပြီး ဘာတွေ ကြံစည်နေကြတယ် ဆိုတာကိုတော့ မီးသော်ကြီးရဲ့ ဥာဏ် ၁ ထွာ ၁ မိုက် လေးကြောင့် လိုက်မမှီခဲ့ပါဘူး။ ခုတော့ ကြုံလာတာတွေက ညက်လုံး စကောဝိုင်း လောက်တောင် ဖြစ်စေနေပါရောလား။ အော် ... အလုပ်ရှိလျက်နဲ့လည်း ကြောင် ရေချိုးပေးနေကြ ပါလားပေါ့။ မီးသော်ကြီးဖြင့် မအားလို့ ဒီရှိစုမဲ့စု ဘလော့လေးတောင်မှ လှည့်မကြည့်ဖြစ်ဘူး။ လာပြီး အားပေးနေတဲ့ တယ်ဂျင်းတွေကိုလည်း အားနာတယ်။ မလေးမစား လုပ်မိနေသလိုလည်း ခံစားရတယ်။ ဒါပေမယ့်လည်း မျက်နှာပြောင်တိုက်ပြီး နေနေရတယ်။ မအားတာရယ်၊ စာရေးဖို့ စိတ်သွင်းလို့ မရတာရယ် ပေါင်းပြီး ဘာမှကို မရေးဖြစ်ဘူး။ ဒီတစ်လကတော့ ပို့စ် အရမ်းနည်းနေလိမ့်မယ် ထင်တယ်။ နည်းပေမယ့်လည်း ခွင့်လွှတ်သီးခံ နားလည်ပေးကြပါနော့်။ ခွင့်လွှတ်တယ်၊ သီးခံတယ် ဆိုတာ တကယ်တမ်းတော့ လွယ်တဲ့အလုပ်မျိုး မဟုတ်ပါဘူးပဲ။ လူသား ပုထုဇဉ်တွေပဲလေ ...။ ခု လက်ရှိ မီးသော်ကြီးတို့ ကျင်လည်နေတဲ့ ခေတ်မှာ ပိုဆိုးတာပေါ့။ ဒီလို ခေတ်လို့ ရေးလိုက်လို့ ဘာတွေများလည်းဆိုပြီး ဇွတ်ကြီး အထင်မကြီးလိုက်ပါနဲ့။ မီးသော်ကြီးက နားလည်လို့ မဟုတ်ပါဘူး။ တွေ့နေ မြင်နေတာလေးတွေကြောင့်သာ အဲလို သုံးလိုက်တာ။ ဟုတ်တယ်လေ။ လူတွေက နေ့စဉ်နဲ့အမျှ စားဝတ်နေရေး အဆင်ပြေဖို့အရေး လုံးပန်းနေကြရတဲ့ အလျောက် စိတ်တွေက ပင်ပန်းနွမ်းနယ်နေကြတာ။ စိတ်အပန်းဖြေဖို့အရေးက နောက်နေ့အတွက် အဆင်ပြေဖို့အရေးနဲ့ တွေးလိုက်ရင် အပန်းဖြေရေးဆိုတာက အလိုလို ဘေးရောက်သွားတာလေ။ အဲလိုပဲ နေ့စဉ်ဖြစ်လာတော့ လူပန်းစိတ်ပန်းနဲ့ ဘယ်မှာလာပြီး သီးခံခြင်းတွေ၊ နားလည်ခြင်းတွေ၊ ခွင့်လွှတ်ခြင်းတွေက အလွယ်တကူ ဖြစ်လာနိုင်တော့မလဲနော်။

မီးသော်ကြီးကို နင်ရော အဲလိုတွေ လုပ်နိုင်ပါ့မလား လို့တော့ မမေးနဲ့။ ဘာမှမဖြစ်တဲ့ ချိန်ဆိုရင်တော့ အင်း ရတာပေါ့၊ ဖြစ်ပါတယ်လို့ ဖြေလိုက်မှာ။ တကယ်တမ်းကြရင်တော့ ဒေါသဆိုတာလေးက ရှေ့ကနေ ပြေးနှင့်တာ။ ခန္တီစ သီးခံခြင်းသည်၊ မြတ်၏ ဆိုတာရဲ့ နောက်ကနေ သို့သော်ခံသင့်မှ ခံရာ၏ လို့တောင် ထည့်ရမလိုပဲ။ အမှန်ကတော့ အသက်အရွယ်အလိုက်လို့ပဲ ပြောရမလိုပါပဲလေ။ မီးသော်ကြီးတို့လို လူလတ်ပိုင်း ခေါ်မလား အရွယ်ကျတော့ လူငယ် ဆယ်ကျော်သက်လေးတွေလို ၀ုန်းဒိုင်းကျဲ သွေးမဆူတော့ပေမယ့်၊ လူကြီးပိုင်းတွေလောက်လဲ သွေးအေးပြီး ဆင်ခြင်တုံ ဆိုတာနဲ့လည်း မဖြေသိမ့်နိုင်ပါဘူး။ ဒေါသဆိုတာကြီး ရှေ့တန်းတင်ထားတာမျိုး မဟုတ်ပေမယ့် ကိန်းအောင်းခွင့်တော့ ပေးထားသေးတာ။ မှန်တာပြောရင် ဒီအသက် ဒီအရွယ်၊ ဒီလောက၊ ဒီပတ်ဝန်းကျင်မျိုးမှာ နေကြတဲ့ ပုထုဇဉ် လူသားတွေမှန်သမျှ ဒေါသတွေ၊မာန်မာနတွေ၊ အတ္တတွေကို ဘယ်သူကမှ မကင်းနိုင်ကြပါဘူး။ မကင်းနိုင်ဘူး ဆိုတာကိုတော့ မီးသော်ကြီး လက်ခံပါတယ်။ အရွယ် ငယ်သူကိုပဲဖြစ်ဖြစ်၊ ကြီးသူကိုပဲဖြစ်ဖြစ်၊ တန်းတူကိုပဲဖြစ်စေပေါ့ အညှိုး ဆိုတာမျိုးကြီး ထားပြီးတော့ မတုန့်ပြန်သင့်ဘူး ထင်တာပဲ။ ပျော်ရွှင်ခဲ့ဘူးတာတွေကို ကျောက်သားထက်မှာ ရေးပြီးတော့၊ စိတ်ဆိုးဖူးတာ၊ စိတ်ကောက်ဖူးတာ၊ အထင်လွဲဖူးတာမျိုးတွေကို သဲပေါ်မှာပဲ ရေးသင့်တယ်။ မီးသော်ကြီးတော့ အဲလိုပဲ စိတ်ထားတယ်။ အမှန်က မီးသော်ကြီးက သဘောထားတွေ ပြည့်ဝနေလို့ အဲလို သဘောထားတာတော့ မဟုတ်ဘူး။ ဘာမဟုတ်တဲ့ ကိစ်စလေးနဲ့ မီးသော်ကြီး စိတ်ကို အပင်ပန်း မခံစေချင်လို့။ သူက ငါ့ကို ဒီလိုလုပ်သွားပါလား ဆိုပြီးတော့ အခဲမကြေပြီး နိုင်လိုမှုတွေ၊ အာဃာတတွေ ထားနေမယ်ဆိုရင် မီးသော်ကြီး ဒီလို စိတ်လက်ပေါ့ပါးစွာ နေနိုင်ပါဦးမလားနော်။ ဘယ်လိုကိစ်စမျိုးကိုမဆိုပေါ့။ အချစ်ရေးမှာပဲဖြစ်စေ၊ လူမှုရေးမှာပဲဖြစ်စေ မီးသော်ကြီးတော့ စိတ်ကို ဒုက်ခ မခံစားစေချင်ဘူး။ အချစ်ရေးလို ဟာမျိုးကျ ပိုဆိုးတာပေါ့။ နူးညံ့သိမ်မွေ့တဲ့ အချစ်ဆိုတာကို ကိုယ့်လိုဘ မပြည့်တာနဲ့ အရုပ်ဆိုး အကျည်းတန်သွားအောင်တော့ မလုပ်ချင်ဘူး။ အချစ်ဆိုတာ မျောက်ပြပြီး ဆန်တောင်းသလိုလဲ မလုပ်သင့်သလို၊ ဆန်ပေးမှ ဆီရတာမျိုးကိုလဲ အချစ်လို့မထင်ဘူး။ မီးသော်ကြီး ပြောချင်တာနဲ့ ပြောနေတာတွေက လွဲကုန်ပြီ။ အချစ်ဆိုတဲ့ ဒသနဆန်တဲ့ အရာဘက်ကို ရောက်သွားတယ်။ မီးသော်ကြီး ကိုယ်တိုင် ရှင်းရှင်းမသိတဲ့ ဒီအကြောင်းအရာကို ခဏထားခဲ့လိုက်မယ်။ ဖြစ်တယ်မလား။ မီးသော်ကြီးက အဲတာမျိုးကို ဆွေးနွေးနိုင်လောက်တဲ့ထိ နားလည်တတ်ကျွမ်းမှု မရှိသေးဘူးလို့ ထင်တယ်။

ဒီလိုလေ ဒေါသတွေ မာန်မာနတရားတွေ၊ အတ္တတွေ၊ အာဃာတတွေနဲ့ ပြည့်နှက်နေရင် လောကကြီးက ဘယ်လိုမှ ကြည်လင်နေမှာတော့ မဟုတ်ဘူး။ အဲတာကို ပြောချင်တာပါ။ တကယ်လို့များ ကိုယ့်နီးစပ်ရာ ကိုယ်ပတ်ဝန်းကျင် ကိုယ့်အပေါင်းအသင်းတွေထဲမှာ အကြောင်းကြောင်းကြောင့်များ အားငယ်နေသူတွေ ရှိနေခဲ့မယ်ဆိုရင် မီးသော်ကြီးတို့တစ်တွေ ၀ိုင်းပြီး အားပေးကာ နှစ်သိမ့်ကြခြင်းဖြင့် ဒေါသတွေ၊ မာန်မာနတွေ၊ အတ္တတွေ၊ အာဃာတတွေကို အတတ်နိုင်ဆုံး ဖျောက်ဖျက်ပစ်ကြရအောင်လားနော်။ မီးသော်ကြီးရဲ့ တယ်ဂျင်းတို့တွေက ရေနစ်သူကို ၀ါးကူမထိုးကြလောက်ဘူး ဆိုတာတော့ မီးသော်ကြီး ယုံကြည်ပါတယ်။ သံသရာဆိုတာ လည်ပတ်နေတာပါ။ တစ်ခါတစ်ရံမှာ ပြောလေ့ရှိကြတဲ့ ၀ဋ်ဆိုတာ လည်တတ်ပါတယ် ဆိုတာကလဲ ရိုးရိုးသာမန်စကားတော့ မဟုတ်ဘူးလို့ ထင်တယ်။ မီးသော်ကြီးလည်း ကြောက်တယ်။ ၀ဋ်လည်မှာကိုတော့။ မီးသော်ကြီးရဲ့ အလှည့်ဆိုတာ ရောက်မလာဘူးလို့ကော မီးသော်ကြီးက အာမခံနိုင်ပါ့မလား။ အဲဒါကြောင့် သူများကိုလည်း မီးသော်ကြီး ဒေါသမီးတွေ ထိန်ထိန်ငြီးနေအောင် ထွန်းပြီးတော့ အမြဲတန်း မစ္ဆရိယစိတ်တွေ ပွားများ၊ သောကတွေ မွေးထားပြီးတော့ လက်တုန့်ပြန်ဖို့ ဆိုတာမျိုးကို မတွေးရဲဘူး။ မီးသော်ကြီး အလှည့်ကျရင်လဲ မီးသော်ကြီး ခံနိုင်မှာ မဟုတ်လို့လေ။ ကိုယ့်အလှည့်ဆိုတာ ရောက်လာချိန်ကျမှ ၀ဋ်ကြွေးရှိသမျှ ဒီဘ၀သာလျှင် ကျေပါစေတော့လို့ ပြောမယ့်အစား လည်လာချိန်မှာ လျှော့နည်းစေဖို့ရာ ကြိုတင်ပြီး စောင့်ထိန်းတာသာလျှင် ပိုမကောင်းပေဘူးလားနော်။ မီးသော်ကြီး ဒီလိုရေးလို့ လှံဖျား ပုဇဉ်းနားတာ ကျီးကန်းက ချေးပါနေတယ်လို့ပြောလည်း မီးသော်ကြီးခံရမှာပဲ။ ဖြစ်လာမှ ကုတာထက်စာရင် ကြိုတင်ကာကွယ်တာက ပိုကောင်းပါတယ်။ အများသူငါတွေကို တချိန်လုံး စောင့်ကြည့် ဝေဖန်နေတာထက်စာရင် မိမိကိုယ်မိမိ ပြန်လည်သုံးသပ် ဆင်ခြင်ပြီး ငါဆိုရင်ကော ဆိုပြီး ကိုယ်ချင်းစာစိတ်လေးနဲ့ တွေးပေးရင် မိသားတစ်စုကြားမှာပဲဖြစ်စေ၊ သူငယ်ချင်း အပေါင်းအသင်းတွေ ကြားမှာပဲဖြစ်စေ ပိုပြီးတော့ နွေးထွေးတဲ့ သံယောဇဉ်တွေ ရရှိလာမှာပဲ မဟုတ်လား။ တယ်ဂျင်းတို့ရေ ... အကြိမ်ကြိမ် မဟုတ်တောင်မှ တစ်ကြိမ်သာဖြစ်စေ ကိုယ်ချင်းစာစိတ်လေးနဲ့ တွေးပြီး နေကြည့်ရအောင်လားနော်။ ကျင့်သားရလာပြီဆို အကြိမ်ကြိမ်တိုင်းမှာ လုပ်နိုင်လာမှာပါ။ ကဲ ... ခုပဲ စလိုက်ကြစို့နော်။ - ။

Wednesday, December 06, 2006

ဒီနေ့

ဒီနေ့ ဆိုတာကို မီးသော်ကြီး အရမ်းသဘောကျတယ်။ ဒီနေ့သာလျှင် အရာရာတိုင်းအတွက် ဘုရင်ပါ။ ဒီနေ့သာလျှင် ဘာမဆိုဖြစ်နိုင်မည့် အခွင့်အရေးတွေကို ပေးသူပါ။ ဒီနေ့သာလျှင် အများဆုံး စွမ်းဆောင်နိုင်သူပါ။ မီးသော်ကြီးက ဒီနေ့ ဆိုတာထက် မနက်ဖြန် ဆိုတာကို အားထားမိတယ်။ ဒီနေ့ရဲ့ ကောင်းကျိုးကို မသိခင်ချိန်ကပေါ့။ မနက်ဖြန်၊ မနက်ဖြန်နဲ့ မျှော်လင့်ချက်တွေကို ထားတယ်။ မနက်ဖြန်ဆိုတဲ့ မျှော်လင့်ချက်နဲ့ မနက်ဖြန်ပေါင်းများစွာကို မျှော်လင့်ပြီး နိုးထလာတဲ့ ရက်ပေါင်းတွေ မီးသော်ကြီးဆီမှာ တောင်ပုံယာပုံပဲ။ အဲလောက်ထိအောင်ကို မနက်ဖြန်ဆိုတာကို ရင်ခုန်းရင်း နှစ်သက်နေခဲ့တာ။ တစ်ခါတစ်လေ အလုပ်လုပ်စရာတွေ ပေါ်လာလို့ ပျင်းနေတာနဲ့ကြုံရင် နက်ဖန်ကို လွှဲပလိုက်သေးတာ။ မနက်ဖြန်မှ လုပ်မယ်၊ မနက်ဖြန်မှ တွေ့မယ်၊ မနက်ဖြန်မှ သွားမယ်၊ မနက်ဖြန်မှ ... ဆိုတဲ့ မနက်ဖြန်ပေါင်းများစွာ ...။ တကယ်တော့ မနက်ဖြန်ဆိုတာ ရေရာတာ မဟုတ်ပါဘူး။ မနက်ဖြန်ထက် ပိုဆိုးတာ နောက် ၁ လတို့၊ နောက် ၁ နှစ်တို့၊ နောက် ... တို့။ မနက်ဖြန်ပေါင်းများစွာက မီးသော်ကြီးကို မျှော်လင့်ချက် မဲ့စေခဲ့တယ်။ ပြီးတော့ မနေ့က ဆိုတာကိုလဲ မီးသော်ကြီး ပြန်မတွေးချင်ဘူး။ မသိခဲ့တာ မဟုတ်ပေမယ့် မတွေးမိအောင်တော့ ထားချင်တယ်။ မတွေးမိပေမယ့် မီးသော်ကြီး ကိုယ်တိုင်ပါဝင်ခဲ့တဲ့ မနေ့က ဆိုတာကို မသိချင်ယောင်ဆောင်လို့ မရဘူး။ မနေ့က ဆိုတာတွေက တန်းစီနေတယ်။ တစ်ခါတစ်ရံမှာ မနေ့က ဆိုတာဟာ နောင်တလို့ ပြောင်းလဲသွားတတ်တယ်။ အမှန်ကတော့ အဲဒီအချိန်လေးတုန်းက အဲဒီ နောင်တဆိုတာ ဖြစ်လာမယ့် အရာကို မိမိကိုယ်တိုင် အားတက်သရော လုပ်ခဲ့သူပါ။ မိမိကိုယ်တိုင် သရုပ်ဆောင်ခဲ့တယ်။ အဲဒီ မနေ့က ဆိုတဲ့ အတိတ်ပေါင်းများစွာမှာ - ကောင်းတာတွေ၊ မကောင်းတာတွေ စုပုံလုပ်ခဲ့ပေမယ့်၊ နောင်တဖြစ်လာမယ့် အရာတွေကိုတော့ မသိစိတ်ကရော၊ သိစိတ်ကပါ စိတ်ပါလက်ပါ သယ်လာပေးကြတယ်။ မီးသော်ကြီးတော့ နောင်တ ဆိုတာကို ဖျတ်ခနဲ သိလိုက်ရရင်တောင်မှ ချက်ခြင်း ဖျောက်လိုက်တယ်။ ဟုတ်တယ်လေ အဲတာကို ဟိုတစ်ချိန်က မီးသော်ကြီး ကိုယ်တိုင် လုပ်ခဲ့တာပဲ။ စိတ်ကျေနပ်လို့ပဲဖြစ်ဖြစ်၊ မကျေနပ်စွာပဲဖြစ်ဖြစ် လုပ်ဆောင်ခဲ့တယ်။ ဘယ်လိုမှ ရှောင်လွှဲလို့ မရပဲ ဖြတ်သန်းခဲ့ပြီးပြီ။ လက်ရှိအခြေအနေမှာ စိတ်ပင်ပန်းနေခဲ့တယ်ဆိုရင် အဲဒီ နောင်တဆိုတဲ့ အတွေးက ထပ်ပြီး လူကို ပန်းစေတယ်။ နောင်တဆိုတာကို အချိန် အကြာကြီး မွေးမြုမထားသင့်ပါဘူး။ အစားထိုးလိုက်ပါ။ ပြောင်းလဲပစ်လိုက်ပါ။ မေ့လို့ရရင် မေ့လိုက်ပါ။ နောင်တဆိုတဲ့ အနိုင်ယူမှုအောက်မှာ မိမိကိုယ်ကို အရှုံးမခံပါနဲ့။ ကျေနပ်စွာရခဲ့တဲ့ နောင်တဖြစ်ဖြစ်၊ ခါးသီးစွာရခဲ့တဲ့ နောင်တဖြစ်ဖြစ် သူ့ကို ကြာကြီး လက်မခံပါနဲ့။ မနေ့က ဆိုတဲ့ ခေါင်းစဉ်အောက်မှာလဲ မီးသော်ကြီး အချိန်တွေများကြီး ပေးခဲ့ရတယ်။ နောင်တ ဆိုတာတွေကို မေ့ထားလိုက်တယ် ဆိုပေမယ့် မနေ့က ဆိုတာတွေကတော့ လူတိုင်းမှာ အများကြီး ရှိခဲ့ကြမှာပါ။ မနေ့က ဆိုတဲ့ အတိတ်ပဲဖြစ်ဖြစ်၊ မနက်ဖြန်ဆိုတဲ့ အနာဂတ်ပဲဖြစ်ဖြစ်၊ အဲတာတွေ အားလုံးကို ဒီနေ့မှာ မေ့လိုက်ပါ။ ဒီနေ့မှာပဲ မီးသော်ကြီးတို့တွေရဲ့ လက်တွေ့ကျတဲ့ ဘ၀တွေကို စိတ်တိုင်းကျ ပုံဖေါ်နိုင်မှာပါ။ ဒီနေ့ရဲ့ အစွမ်း၊ ဒီနေ့ရဲ့ သတ္တိနဲ့ အရာရာကို ဒီနေ့မှာ စတင်လိုက်ပါ။ မသေချာတဲ့ မနက်ဖြန် ဆိုတာကို အားမကိုးပဲ၊ ဟောင်းသွားတဲ့ မနေ့ကကို ပြန်မတမ်းတပဲ ဒီနေ့ရဲ့ နေ့သစ်ထဲမှာ မီးသော်ကြီးတို့တစ်တွေ ပျော်ရွှင်စွာ သရုပ်ဆောင်လိုက်ကြစို့လား။ ဒီနေ့ရဲ့ ကောင်းကျိုးများစွာထဲမှာ ဒီနေ့ကို စတင်ပါ။ ဒီနေ့က မီးသော်ကြီးတို့ရဲ့ လက်ထဲမှာပါ။ ဒီနေ့က သင်တို့ကို ဘာမဆို လုပ်ဆောင်ခွင့် ပေးမှာပါ။ ဒီနေ့မှာ အရာရာကို လက်တွေ့ လုပ်ဆောင်နိုင်မှာပါ။ ဒီနေ့ရဲ့ လတ်ဆတ်တဲ့ ရနံ့ကို ရှုရှိုက်ရင်း ဒီနေ့ရဲ့ ပျော်ရွှင်စရာကောင်းတဲ့ အစီအစဉ်တွေထဲမှာ မီးသော်ကြီးတို့တစ်တွေ ပျော်ရွှင်စွာ ဒီနေ့ကို စတင်လိုက်ကြစို့လား ..။ - ။

Tuesday, December 05, 2006

ဒီခေါက်ဆွဲ ... ကောင်းလို့လည်း စားတာပါ

မီးသော်ကြီး အပျင်းအဘိဓမ္မာကို ပြုစုနေပါတယ်။ အများသူငါတွေကို လိုက်မေးရင် တိကျသေချာသော စိတ်တိုင်းကျနိုင်မည့် အဖြေမျိုး မရမှာ စိုးရိမ်လွန်းအားကြီးပြီး မီးသော်ကြီး ကိုယ်တိုင် လေ့လာနေပါတယ်။ အပျင်းကောင်လေးတွေကလည်း ပျော်ရွှင်မြူးတူးစွာ စိတ်ကြိုက် ပွားများပြီးရင်း ပွားများလျက်ရှိ၏။ ဟုတ်ကဲ့ … မီးသော်ကြီး အရမ်း ပျင်းနေပါတယ်။ မည်သည့် အလုပ်ကိုမှ ရေရာစွာ မလုပ်ပဲ အချောင်ခို အပျင်းထူ လူပိုကြီးလုပ်ကာ မြင်မြင်သမျှကို စိတ်တိုင်းမကျပဲ လိုက်ပြီး ဂျစ်တိုက်နေတာ ရက်အတန် ကြာနေပါပြီ။ မီးသော်ကြီးရဲ့ မာတာမိခင်နဲ့လဲ စကားကို လိုရင်းထက် ပိုပြောလို့မရသော အခြေအနေတွင် ရောက်ရှိလို့ နေပါတယ်။ မီးသော်ကြီးနဲ့ အခုတလော ပေါင်းရ အဆင်ပြေတာဆိုလို့ အစားအစာများပဲရှိ၏။ အခု စာရေးနေတာတောင်မှ ဆာနေသေးတယ်။ ( ဒွတ်ခ )။ မီးသော်ကြီးရဲ့ ခန္ဓာကိုယ်မှာလဲ နည်းနည်းလေး အလှမ်းဝေးတဲ့ နေရာကနေ ကြည့်ရင် အတုမရှိ ကျောင်းက တိုင်လုံးကြီး ရွေ့လာသလို ဖြစ်နေပြီ။ စိတ်တော့ ပျက်စ ပြုနေပြီး ပါးစပ်နဲ့ အစာအိမ်က လက်မခံဘူး ဖြစ်နေတယ်။ သူတို့ကလဲ ခုမှ ပေါင်းမိနေလိုက်တာ။ အစာအိမ်က အချက်ပြတာနဲ့ ပါးစပ်က ရယ်ဒီ ဖြစ်နေပြီ။ အဲလို။ မီးသော်ကြီး အ၀တ်အစား သွားဝယ်ရင်လည်း ဆိုင်က အမ ဆိုဒ်ကြီးရှိတယ်လို့ ပြောရင် မီးသော်ကြီး နည်းနည်းမှ မခံချင်ဘူး။ ကိုယ့်ကိုကိုယ်တော့ ပြန်မကြည့်ပဲ။ ( အဟိ )။ အမ ၀ိတ်လျှော့တော့ နော်လို့ ပြောကြရင်လဲ မီးသော်ကြီးက - အင်း ... ဟုတ်တယ် လျှော့ရတော့မှာ၊ စိတ်တော့ကူးထားတယ်၊ မလုပ်ဖြစ်သေးဘူး လို့တော့ ပြောလိုက်တာပဲ။ ကဲ - စားချိန်လည်းရောက်ရော အစားအစာလူနဲ့ တည့်တယ်ဆိုပြီး စားလိုက်တာပဲ။ အဲ အ၀တ်ကလေး မ၀တ်ရလဲ ဘာမှမဖြစ်ဘူး ဆိုပြီး တီးပလိုက်တာပဲ။ လျှော့တာဆိုလို့ လုံချည်ဝတ်ထားရင် လုံချည်၊ ဘောင်းဘီဝတ်ထားရင် ခါးပတ်ကို လျှော့လိုက်တာပဲ ရှိတယ်။ ( အဟီး )။ ကိုယ့်ပေါင် ကိုယ်လှန်ထောင်းတာပဲ ... ဘယ်နာမလဲလေ။ ဖွဖွလေး ပေါ့နော့်။ မီးသော်ကြီး ပျင်းပျင်းနဲ့ အလုပ်မရှိ အလုပ်ရှာ စာအုပ်ပုံကို ပြန်ဖွ စာလေးဘာညာ ဖတ်ရကောင်းမလား ဆိုပြီး လျှောက်ရှာလိုက်တော့ မေ့ကုန်တဲ့ စာအုပ်တွေ စုပုံပြီး ထွက်လာတယ်။ ကောင်းတယ်တော့။ စာတွေဖတ်လိုက်၊ ပစ်ထားလိုက်၊ မေ့လိုက်၊ ပြန်ဖတ်လိုက်။ အသစ်ဝယ်စရာသိပ်မလိုဘူး။ မီးသော်ကြီးက မှန်တာပြောရင် ကိုယ့်ကိုကိုယ်ပြောတော့ သူညားညက်နှာ ကြည့်စရာလိုဘူး ... သူညားကို လျှောက်ပြောရင် အမနာပ ပြောတယ် ဖြစ်မယ်၊ မှန်တာပြောရရင် ထုံတယ်၊ ဝေးတယ်။ မေ့လွယ်သလိုတော့ ထင်မိတယ်။ တစ်ခါတစ်လေကျ မှတ်မထားမိပဲလဲ မှတ်မိနေပြန်ရော။ မေ့မေ့သွားတာ များပါတယ်။ ခုလဲ ရေးမယ်လို့ စဉ်းစားထားတာတွေ အစုလိုက် အပုံလိုက် မေ့သွားပြန်ပြီ။ စိတ်လေတယ်။ အားပေးတဲ့ သူတွေ များသွားလို့ ဘ၀င်လေဟပ်သွားတာ နေမယ်။ မဖြစ်သေးဘူး ... စိတ်ကိုထိန်း မီးသော်ကြီး။ ရေးစရာရှိတာ ဆက်ရေး။ ( ဟုတ် ... )။ ရေးမယ်ဆိုကာမှ အဟုတ် ပျောက်နေတယ်။ စာတွေ သော့်ကို အပျောက်ရိုက်သွားတယ်။ မီးသော်ကြီးပါဆိုနေ ဒီလို လာလုပ်လို့ ဘယ်ရမလဲ။ ရရာနေရာက စရေးမှာပေါ့။ ပြောမယ့်သာပြောတာ အစလေးရဖို့ ခက်လိုက်တာနော်။ တယ်ဂျင်း အမကြီးကို ပြေးမေးလိုက်တော့ သူက အစားအစာလေးအကြောင်း ရေးပါလားတဲ့။ ဟုတ်သားပဲ မီးသော်ကြီး မေ့နေတာ။ ဒီလောက် စားနေတာကို မေ့ထားရတယ်လို့ပဲနော်။ မီးသော်ကြီး နင်တော်တော်ညံ့။

ခု ဒီဇင်ဘာ ရောက်ပြီဆိုတော့ မီးသော်ကြီးတို့ ချမ်းပြည် အဲ ပျဉ်းမနားလေသံ ထွက်သွားတယ်။ ပျဉ်းမနား တို့ လယ်ဝေးတို့ အဲဘက်နယ် ၁ ကြောက “ ရ ” သံကို “ ခ ” သံထွက်တယ်။ မီးသော်ကြီး ပျဉ်းမနားမှာ နေတုံးက ၁ မနက် ဈေးသွားတော့ ဈေးထဲမှာ ဒညင်းသီးတွေ ရောင်းနေတာ တွေ့တယ်။ ဈေးသည်က ဘယ်လို အော်ရောင်းနေလဲ ဆိုရင် ( ရှိုစည်းလေး ရှောက်ကျပ် ) တဲ့။ ချိုစီးလေး ခြောက်ကျပ်လို့ ပြောချင်တာ။ အားလုံးလိုလိုက အဲလို အသံထွက် ပြောကြတယ်။ လားရှိုးက သူတွေကြတော့ “ သ ” အသံကို “ တ ” အသံထွက်ကြ သလိုပေါ့။ သူ့ကို ဆိုရင် တုကို တဲ့။ သံပုရာသီး ဆိုရင် တံပရာတီး တဲ့။အင်း အသံတွေ ပြောနေတာနဲ့တင် စာတွေဝေ့ကုန်တယ်။ အင်း မီးသော်ကြီးတို့ ရှမ်းပြည်မှာ ခုဒီဇင်ဘာဆို လမ်းဘေးမှာ မီးဖိုလေးတွေနဲ့ ခေါပုတ်ကင် ရောင်းကြတဲ့သူတွေ ဟိုနား၊ဒီနားမှာ တွေ့ရပါပြီ။ ညနေဘက် လမ်းလျှောက်ထွက်ရင်း ခြေထောက် ညောင်းလာရင်ပဲဖြစ်ဖြစ် အေးလာရင်ပဲဖြစ်ဖြစ် အညောင်းပြေထိုင်ရင်း မီးလှုံပြီး ခေါပုတ်လေး စားရတာ အရမ်း အရသာရှိလှပါတယ်။ မီးသော်ကြီးတို့ နယ်ဘက်က ခေါပုတ်က ကျောက်မဲဘက်က ခေါပုတ်လို မဟုတ်ဘူး။ ပါးပါးလေးနဲ့ ၀ိုင်းဝိုင်းလေးတွေ။ ကြော်စားလို့ သိပ်မကောင်းဘူး။ မီးကင်စားမှ ပိုစားလို့ကောင်းတယ်။ ခေါပုတ်လို ပူပူနွေးနွေးလေးနဲ့ နောက်ထပ်စားလို့ ကောင်းတာကတော့ ကြက်ဥကစော်ပါ။ ကြက်ဥကစော်က စားရင် အရမ်းအားရှိတယ်။ ကြိုက်တဲ့သူတွေလဲ ရှိသလို မကြိုက်တဲ့သူတွေလဲ ရှိကြပါတယ်။ သူက ကြက်ဥနဲ့ ကစော်ကို နို့နဲ့ ပြုတ်သောက်တာပါ။ အရင်နွားနို့ကို တည်ထားပြီး ဆူပွက်လာပြီဆို ကစော်ဖတ်ကို ထည့်လိုက်ပြီး ခဏနေတော့ ကြက်ဥ ဖေါက်ထည့်တယ်။ ပြီးရင် နို့ခြောက်လေးတွေ လှီးထားတာတွေထည့် ထောပတ်ထည့် ချိုတာကြိုက်ရင် သကြားထည့်ပေါ့။ ပြီးရင် ရပြီ စားလို့။ ပူပူနွေးနွေးလေးနဲ့ စားလို့ကောင်းတယ်။ မနက်ကျ ပြန်တော့လဲ ချမ်းချမ်းလေးနဲ့ ရှမ်းခေါက်ဆွဲ ပူပူလေး စားရတာလဲ အလွန် အရသာရှိလှတယ်။ မီးသော်ကြီးတို့ အကြိုက်ပေါ့။ ရှမ်းခေါက်ဆွဲဆို တော်တော်များများ သိကြမှာပါ။ ဒါပေမယ့် ၁ နေရာနဲ့ ၁ နေရာ မတူကြဘူး။ ဘယ်နေရာကဖြစ်ဖြစ် မီးသော်ကြီးတို့ကတော့ ကြိုက်နေတာပဲ။ အစားအစာက လူနဲ့ တည့်တယ်လေ။ ရှမ်းခေါက်ဆွဲမှာ ရှမ်းဆန်နဲ့ လုပ်ထားတာကို အချို့နေရာမှာ အစည်းလို့ ခေါ်ကြတယ်။ ဒီမှာကတော့ ခေါက်ဆွဲသိုင်းလို့ ပြောတယ်။ ရိုးရိုးဆန်နဲ့ လုပ်ထားပြီး ရေစိမ်ရတာကို အဖွယ်လို့ ပြောကြတယ်။ ဒီမှာကတော့ ရေစိမ်ပေါ့။ ခေါက်ဆွဲဆိုတာ ရှမ်းလိုခေါ်တာ။ ခေါက်ဆိုတာ ထမင်း ဆွဲ ဆိုတာ လှီးတာ။ ရှမ်းဆန်ကို အမှုန့်လုပ်၊ ပြန်ပေါင်း၊ နန်းပြားခတ်ပြီးမှ အမျှင်ဖြတ်တာဆိုတော့ သူတို့ပြောသလို ထမင်းကို လှီးတာပဲလေ။ ခေါက်ဆွဲက အိအိလေးရယ်။ ရေနွေးနဲ့ စိမ်လိုက်ရင် ရပြီ။ အမဲလုံးနဲ့ တွဲရောင်းရင် အမဲလုံးပြုတ်အိုးထဲကို ခဏ စိမ်လိုက်တာပေါ့။ ပဲရွက်လေးပါ ထည့်စိမ်တယ်။ ပဲရွက်ရယ်၊ ခေါက်ဆွဲရယ်၊ အမဲလုံးရယ်၊ ဆီချက်ရယ်၊ ကြာညို့ ( ထန်းညက်ရည် ) ရယ်၊ နံနံပင်၊ ကြက်သွန်မြိတ်ရယ်၊ ဂျင်းစိမ်းရည်ရယ်၊ ဆားဟင်းချိုမှုန့်ရယ်။ ကဲ ခေါက်ဆွဲ ၁ ပွဲ ဖြစ်ပေါ့။ သူနဲ့ တွဲစားရတာကတော့ မုန့်ညင်းချဉ်ရယ်၊ ဆီတို့ဟူးရယ်၊ မျှစ်ချဉ်ရယ်။ မနက်ဆောင်း ချမ်းချမ်းလေးမှာ စားလိုက် အရမ်းကောင်းပေါ့။ ၀က်ခေါက်လဲ ထည့်စားကြတယ်။ ကြိုက်ရင်ပေါ့။ မီးသော်ကြီးကိုတော့ ကြိုက်လား လာမမေးနဲ့ သိတဲ့အတိုင်းပဲ။ ကြိုက်ပြိးသား။ နောက်တမျိုးက တို့ဟူးပျော့နဲ့၊ တို့ဟူးပျော့နဲ့က အသားပါတာလဲ ရှိတယ်၊ မပါတာလဲ ရှိတယ်။ အသားမပါတာက ခေါက်ဆွဲက ခုဏ အမဲလုံးခေါက်ဆွဲထက် အမျှင်သေးတယ်။ အဲခေါက်ဆွဲကို တို့ဟူးအိုးထဲမှာ ထည့်လိုက်ပြီး တို့ဟူးနဲ့ ခေါက်ဆွဲ ပုဂံထဲ ဆယ်ထည့်ပြီး ကြာညို့ ( ထန်းညက်ရည် ) ထည့် ကြက်သွန်ဖြူဆီချက်ထည့် ဆား၊ ဟင်းချိုမှုန့်ထည့်၊ နံနံပင်ထည့်။ အဲတာပဲ။ သူ့ကိုလဲ မုန့်ညင်းချဉ်နဲ့စား။ ဂွတ်ပဲ။ ခုလို အေးတဲ့ရာသီမှာ ရောင်းကြတာတော့ အသားတုန်ပဲ။ အသားတုန်က ဘယ်လိုလဲဆို ဟင်းတွေ ခဲနေတာနဲ့ တူတယ်။ ၀က်ခြေထောက်နဲ့ လုပ်ရင် ပိုခဲတယ်။ အမဲသားလဲ လုပ်ကြတယ်။ စားကောင်းတယ်တော့။ အဟိ။ မီးသော်ကြီးကတော့ အစားဆို လာထားပဲ။ အဲလို သောင်းကျန်းတာ။ အဲ ရှမ်းခေါက်ဆွဲဆို မီးသော်ကြီး ဒီနေ့ထိရိုးတယ်ကို မရှိဘူး။ ဒီလောက်စားတာတောင်မှ။ နောက်ပြီး မီးသော်ကြီး မြီးရှည်လည်း ကြိုက်တယ်။ နင်မကြိုက်တာ ဘာရှိသေးလဲတော့ မမေးနဲ့ တော်တော်လေး စဉ်းစားပြီးမှ ဖြေရလိမ့်မယ်။ အဲလို။

အစားအစာကြောင့်တော့ ခုထိ ဘေး မဖြစ်သေးပါဘူး။ အဲတာတော့ ဂရုစိုက်ရတယ်။ အကြာကြီး စားနိုင်ဖို့က အမြန်ကြီးစားဖို့မှ မလိုတာနော့်။ ဒီ အစားအကြောင်း ဒီ့ထက်ပိုပြီး ဆက်ရေးလို့ မဖြစ်ဘူး။ တော်ကြာ မီးသော်ကြီးကို ဝေါင်ဝေါင်ရှေးကုန်ကြမှဖြင့် မီးသော်ကြီး ဒီဘ၀ ဒီမျှသာပဲ ဖြစ်နေဦးမယ်။ အဲတာတော့ ကြောက်တယ်တော့။ မီးသော်ကြီးလဲ ဘာရေးရမလဲ စဉ်းစားရင်း လွယ်တာ ရေးလိုက်တာ။ အစားချည်း ကြိုက်နေတာတော့ ဟုတ်ပါဝူးနော်။ အမြဲစားနေတာပဲ ရှိတယ်။ အဟိ။ နက်ဖန် အိပ်ရာကနိုးရင် ရှမ်းခေါက်ဆွဲ သွားစားမယ်။ တယ်ဂျင်းတို့လဲ လိုက်စားကြပါဦးလား။ မီးသော်ကြီး ခေါ်တယ်နော်။ ဒီခေါက်ဆွဲ ... ကောင်းလို့လည်း စားတာပါ ... ဆိုင်ရှင်လေး ချောလို့လည်း သွားတာပါ ...။ - ။