လာရောက်ဖတ်ရှုကြသူအားလုံးကိုကျေးဇူးပါရှင် Mee Mee Thaw Gyi

Sunday, April 15, 2007

ဖြစ်တတ်ပါတယ်လေ

အဟုတ်ပဲ ... ဘလော့ကို လုံးဝ လှည့်မကြည့်ဖြစ်တာမှ … အတော်ဆိုးနေပါလားနော် ... ခုတော့လည်း ခြောက်ကပ်နေတာပဲ … ပိုင်ရှင်ကိုယ်တိုင်တောင်မှ လှည့်မကြည့်မှတော့လည်း … အင်းလေ ... ဖြစ်သင့်ပါတယ်လေ။ ရေးချင်စိတ်လည်းပျောက် ... လူလည်း ဂေါက်နေတယ်။ ဘယ်လို လုပ်ရပါ့မလဲပဲ။ ရေးဖြစ်တယ် စိတ်ထဲမှာ အမြဲရေးနေတယ်။ ဒါပေမယ့် ဘလော့ပေါ်မှာ ချမပြဖြစ်တာ။ မီးသော်က စိတ်ထဲရှိတာ ရေးတာဆိုတော့လေ။ စိတ်ညစ်နေတာနဲ့ ကြုံရင် စိတ်ညစ်တာပဲ ရေးမိမယ်။ အဲတော့ မဖြစ်ဘူးလေ။ လာရောက် လည်ပတ်သူတွေကို အားနာရမယ်ဟုတ်။ ပထမတုန်းကတော့ ဒိုင်ယာရီ သဘောမျိုးနဲ့ပဲ ကိုယ့်ဘာသာ ရေးချင်တာလေးတွေ ရေးမယ်ပေါ့ တွေးလိုက်တာ။ နောက်တော့ သူငယ်ချင်းတွေက လင့်ချိတ်ပေးထားတော့လေ ရေးချင်တာတွေ ရေးလိုက်ရင် လာဖတ်တဲ့သူတွေကို အားနာစရာကြီးတွေ ဖြစ်ကုန်မှာပေါ့နော်။ မီးတော်ကြီး စိတ်တွေ ဂယောင်ချောက်ခြား ဖြစ်နေလို့လေ ... အဲကြောင့် မရေးတာ။ ဒီမနက် တွေးမိတယ် စာတော့ ရေးလိုက်ပါဦးမယ်လေ လို့ပေါ့။ ခုတော့လည်း စိတ်တွေက အဆင်မပြေဘူး။ ရေးမှာလည်း ၀ါးတားတားနဲ့။

အမှန်က မျက်နှာသစ်တုန်းက တွေးမိသွားတာ။ အကောင်လေး တစ်ကောင် ရေထဲမှာ ကျနေတာ တွေ့တာကနေ စတာပဲ။ ပုရွက်ဆိတ်လို အကောင်လေးပဲ ဒါပေမယ့် နည်းနည်းကြီးတယ်။ အတောင်ပံ ပါတယ်။ အဲအကောင်လေးကလေ ရေထဲမှာ ယက်ကန်ယက်ကန် ဖြစ်နေတာ။ သော်လည်း မျက်နှာမသစ်ခင် ကြည့်မိလိုက်တယ်ပေါ့နော်။ အော် ... သူ့ခမျာ သေရေးကနေ ရှင်ရေးပြောင်းဖို့ အတော် ကြိုးစားနေရှာတာ။ သော်လည်း သူ့ကို ကူပေးလိုက်ပါတယ်။ သူ့ရဲ့ ရှင်ရေးကြိုးစားမှူကို။ မှန်တာပြောရင် ကိုယ်ကျိုးအတွက် တွေးလိုက်မိပါတယ်။ တကယ်ပါ။ ဖြူစင်တဲ့ ကယ်တင်မှုတော့ မဟုတ်ပါဘူးပဲ။ မီးသော်လည်း ရေမကူုးတတ်ဘူးလေ။ အကယ်၍ ရေကြောင်းခရီး သွားဖြစ်ခဲ့လို့များ ဤသို့ဖြစ်လာလျှင် ဆိုပြီး ကယ်တင်လိုက်တာပါ။ ဒါပေမယ့် အဲလို တွေးလိုက်ပေမယ့် ဆယ်ယူလိုက်တဲ့ အချိန်မှာတော့ ရှင်စေချင်တဲ့စေတနာက အပြည့်ပါ။ အဲအကောင်လေးက ဆိုးသည်ဖြစ်စေ ကောင်းသည်ဖြစ်စေ လတ်တလော အခြေအနေမှာတော့ သူရှင်သန်ဖို့ပဲ တွေးမိပါတယ်။

မနေ့ညကလည်း အိမ်နောက်ဖေးကို ဆင်းတဲ့ လှေကားလေးနားမှာ မြွေလေး သေးသေးလေး တစ်ကောင်။ သူက လူသံကြားလို့ထင်ပါရဲ့ ငြိမ်နေတယ်။ သူ့ရဲ့အန္တရာယ်ကို ကာကွယ်တာလည်း ဖြစ်သလို သူများကို အန္တရာယ်ပေးဖို့လည်း ဖြစ်နိုင်ပါတယ်။ အမှန်ဆုံး ထင်မိတာကတော့ သူ့အတွက် ကာကွယ်ဖို့ ငြိမ်နေတာပါလေ။ ဘာလို့လဲဆို အဲမြွေလေးက အကောင်ပေါက်လေး။ တီကောင်ထက် နည်းနည်းလေးပဲ ကြီးတယ်လေ။ တုတ်လေးနဲ့ ထိကြည့်လိုက်မှ မြွေသွားသလို ပြေးသွားတော့မှပဲ မြွေလေးမှန်းသိတာ။ မီးသော် သူ့ကို နည်းနည်းခြောက်လှန့်ပြီး လွတ်ရာကို ပြေးစေလိုက်တယ်လေ။ သူလည်း သူ့အတွက် သေရေးကနေ ရှင်ရေးကို ကူးပြောင်းရတာ ဆိုတော့ မြန်ပါတယ် ပြေးသွားလိုက်တာ။ ကြီးလာရင် အန္တရာယ်ရှိမှန်း သိပေမယ့် လတ်တလော အခြေအနေမှာတော့ သူ့ကို ရှင်သန်စေချင်တဲ့ စိတ်လေးပဲရှိပါတယ်။

အဲလိုပဲ အလားတူ တိုက်ဆိုင်မှုခေါ်မလားတော့ မသိဘူး။ မီးသော်ကြီးလေ ကြီးလာရင် အန္တရာယ်ရှိမှန်း သိပေမယ့် ရှင်သန်ခွင့် ပေးမိခဲ့တယ်။ မှန်တာပြောရရင် သူက အဆိပ်ရှိတယ် ဆိုတာ သိနေခဲ့ပါတယ်။ ဒါပေမယ့်လေ လတ်တလော အခြေအနေမှာ သူ့ကို ရှင်သန်စေချင်တယ်။ မီးသော်ကြီးရဲ့ မပြတ်သားတဲ့ စိတ်တွေကြောင့်ပဲ ဆိုပါတော့။ ပုရွက်ဆိတ်လို အကောင်လေး ရေထဲမှာ ဘာပဲဖြစ်ဖြစ် လုံးဝဂရုမစိုက်ခဲ့ရင် ...။ မြွေတစ်ကောင်ပဲဆိုပြီး သတ်ပစ်လိုက်ရင် ...။ အချစ်ကိုလည်း ဘာမို့လို့လည်း ဆိုပြီး လုံးဝ ဥပေက္ခာ ပြုလိုက်နိုင်ခဲ့ရင် ...။

နောက်ဆုံးတော့ တွေးမိပါတယ်လေ။ ဘယ်သူမပြု မိမိမှုပဲ ဆိုပါတော့။ ပုရွက်ဆိတ်လို အကောင်လေးကိုလည်း မသေစေချင်ခဲ့ဘူး။ မြွေပေါက်စလေးကိုလည်း မသတ်ရက်ခဲ့ဘူး။ အဲလိုပဲ အချစ်ကိုလည်း ဥပက္ခော မပြုနိုင်ခဲ့လေတော့ ...။