လာရောက်ဖတ်ရှုကြသူအားလုံးကိုကျေးဇူးပါရှင် Mee Mee Thaw Gyi

Wednesday, November 22, 2006

ကျေးဇူးတင်ပါတယ်

မီးသော်ကြီး ဒီမနက် အိပ်ရာနိုးလာချိန် ညက်လုံး ဖွင့်လိုက်လိုက်ချင်း နာရီကို ကြည့်မိတော့ အိုးမိုင်ဂေါတမ ... နံနက် ၁၁ နာရီခွဲတောင် ရှိနေပါပေါ့လား။ မီးသော်ကြီးလဲ အဲတော့မှ ညက်လုံးကို ပြူးသွားတာပဲ။ အိပ်ရာကနေ လူးလဲထ ... နတ်သဘင် စည်းဝေးဆိုတာတွေ ဘာညာတွေ မစဉ်းစားချင်တော့ဘူး။ အိပ်ရေးဝမှ နိုးလာတာ ကောင်းပါတယ်။ အသားအရည် လှတယ်ဆိုလား။ မီးသော်ကြီးကတော့ အကြိုက်ပေါ့။ အိပ်ပုတ်လဲကြီးရတယ်။ အသားအရည်တောင် လှဦးမယ်ဆိုတော့၊ ဂွတ်ထပေါ့။ ညက်နှာလေး မြန်မြန်ဆန်ဆန် သစ်ပြီး နံနက်စာနဲ့ နေ့လည်စာကို တပေါင်းတည်း တီးပလိုက်ပြီးနောက် ဟိုနားသွား ဒီနားရှုပ်နဲ့ ယောင်ပေပေ လုပ်နေသေးတာ။ စားဖိုဆောင်သွားတော့လဲ မီးသော်ကြီးကို ကြိုဆိုကြပုံက သွားသွားတဲ့၊ မကူညီချင်နေပါ၊ လာမရှုပ်စမ်းပါနဲ့တဲ့။ အဲတော့ မီးသော်ကြီးရဲ့ ဘူမိနက်သန် ရှုပ်ပွပွ ခန်းလေးထဲ ပြန်ဝင်လာပြီး ထုံးစံအတိုင်း ကွန်ကိုဖွင့်ပြီး အင်တာနက်ထဲ စီးဝင်လွင့်မျောပြီး သကာလ ရာဟူးမက်ဆေ့ဂျာ ကြည့်တော့လဲ အွန်ထားတာ ၁ ယောက်မှမတွေ့၊ မီးသော်ကြီးကို သူငယ်ချင်းများက အဲလောက် ချစ်ကြတာ။ ဘလော့ ထားကြတယ်လို့ကို မထင်ဘူး။ နောက်တော့ စဉ်းစားမိတာ ဘလော့ တိုင်းခန်းလှည့်လည်ဦးမှပဲ ဆိုပြီး ဟိုဝင် ဒီထွက်နဲ့ သွားနေလိုက်တာ တမေ့တမော ...။ အော် ... အများသူငါ ဘလော့တွေများ ရေးသားထားကြတာတွေ၊ တင်ပြထားကြတာတွေ ( စာကို စာလိုပဲဖတ်ပါ ) တော်လိုက်ကြတာ၊ တတ်လိုက်ကြတာများ။ မီးသော်ကြီးဆို ပါးစပ်လေးကို ဟလို့ ... ငေးနေလိုက်ပုံ။ အချိန်ကုန် ထိုက်ပါပေတယ်။ ဟိုတစ်ယောက် ဘလော့ကြည့်လိုက်၊ ဒီ ၁ ယောက် ဘလော့ငေးလိုက်နဲ့ မီးသော်ကြီး ၁ ယောက် ဖတ်နေရင်း လူတွေကို အထင်ကြီးစိတ်တွေ တဖွားဖွား ပေါ်လာတယ်။ ကြွားထားလိုက်ကြတာ၊ ပညာတွေ မျှဝေပေးနေလိုက်ကြတာ၊ အတွေးအမြင်ချင်းတွေ ဖလှယ်နေလိုက်ကြတာတွေများ စုံလို့လင်လို့ပါ့။ မီးသော်ကြီး တွေးမိပါတယ် ... ကြွားထားတယ် ဆိုတာကလဲ မကောင်းမြင်ကြည့်ရင် ကြွားလိုက်တာ တော်လို့ပြောရမယ်။ သေချာ ပြန်တွေးကြည့်တော့လဲ ... ကြွားတယ်ဆိုတာ လွယ်တဲ့အလုပ်တော့ မဟုတ်ဘူး။ ကြွားစရာကလဲ ရှိဦးမှ၊ ရှိထားတဲ့ အရာကိုလဲ ကြွားတတ်ဦးမှ၊ ဟုတ်တယ်မလား။ ဖတ်နေတဲ့ တယ်ဂျင်းပဲ တွေးကြည့်လေ။ ပြီးတော့ အသိပညာတွေ မျှဝေနေလိုက်ကြတာများ ... သြော် ဘလော့ဖတ်ရတာ အကျိုးကျေးဇူး တော်တော်များပါလား ဆိုတဲ့အတွေး ချက်ခြင်းကို ၀င်လာတယ်။ မီးသော်ကြီးဆို သူများတွေကို အထင်တွေကြီးပြီး လေးစားတဲ့တွေ ၀င်နေလိုက်တာများ ကိုယ့်ဘလော့ကိုတောင် ပြန်ဖွင့်ကြည့်ချင်ကို ကုန်ရော။ ဟုတ်တယ်လေ ကြည့်လိုက်ရင် စာတွေကလွဲလို့ ဘာမှမပါ။ သူများတွေကတော့ ထင်မယ်။ ဘလော့ကို ရိုးရိုးလေး ရေးချင်လို့များလားပေါ့။ အမှန်က ဘယ်ဟုတ်ပါ့မလဲလေ။

အင်း ရေးနေရင်း ဖတ်မိဘူးတဲ့ ဟာသလေးတစ်ပုဒ်ကို သတိရမိတယ်။ သိပြီးသားတွေလဲ ဖြစ်ကြမှာပါ။ ဆက်မဖတ်ပဲတောင် သိချင် သိနေကြလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ထပ်ကြားတော့ မှတ်သားရတယ်ပေါ့လေ။ အဲဟာသလေးက ဒီလို ( မှတ်မိသလောက်ပဲ ပြန်ရေးထားတာဆိုတော့ မူရင်းနဲ့ ကွဲကောင်းကွဲလိမ့်မယ်။ သီးခံပေးပါ ) ရွာ ၁ ရွာကို လူ ၁ ယောက်က အသိမိတ်ဆွေ အတင်းဖိတ်ကြားတာနဲ့ ထိုမိတ်ဆွေနဲ့အတူ လိုက်သွားရော။ ရွာအ၀င်မှာ ( ဘုန်းတော်ကြီး ကျောင်းလား စေတီဝင်းလား ) ဆိုတာ မီးသော်ကြီး သေချာ မမှတ်မိတော့ဘူး။ အဲတာ အုတ်တံတိုင်းနဲ့ စည်းရိုး ခတ်ထားတယ်ပေါ့။ မိတ်ဆွေကလဲ တံတိုင်းက အလှူရှင်တွေကို ဖတ်ရင်းနဲ့ လိုက်လာတာပေါ့။ တစ်နေရာအရောက် သူတွေ့တာက မည်သူလှူတယ်ဆိုတာ မပါတဲ့ အုတ်တံတိုင်းအကန့် တစ်ခုပေါ့ ။ သူက သူ့မိတ်ဆွေကို ပြောလိုက်တယ်။ ဒီအုတ်တံတိုင်း အကန့်က အလှူရှင် တော်တယ်ဗျာ ပေါ့လေ။ ဘာလို့လဲလို့ သူ့မိတ်ဆွေက ပြန်မေးတယ်တဲ့။ အဲတော့ လိုက်လည်သူက ကျွန်တော်ဖတ်လာတာ အုတ်တံတိုင်း အလှူရှင်တွေ အားလုံးနီးပါးက ဆွေစုမျိုးစု အကုန်နီးပါး ထည့်သွင်း ဖော်ပြထားလိုက်ကြတာ ပြည့်ညပ်နေတာပဲပေါ့ - ဒီနေရာမှာကျတော့ လှူတဲ့သူက စေတနာ သန့်လိုက်ပုံများ သူ့နာမည်တောင် ထည့်မရေးဘူးနော်လို့ ပြောလိုက်တယ်။ အဲတော့ ရွာခံမိတ်ဆွေက ပြန်ပြောလိုက်တယ်။ ဘယ်ကသာ ဟုတ်ရမှာလဲ မိတ်ဆွေရယ် ဖြစ်ပုံက ဒီလိုဗျ ဆိုပြီး ထိုသူပြောပြတာက - ဒီနေရာက တံတိုင်းလှူတဲ့ မိသားစုများက သူနာမည်ပါစေ၊ ငါ့နာမည်မမေ့စေ ဆိုပြီး ဘိုးဘွားကမှစလို့ မြေးမြစ်ပါမကျန် အားလုံးတန်းစီလိုက်တာ အုတ်တံတိုင်းအကန့်တောင် မဆန့်တော့ဘူးတဲ့။ အဲတော့ ဟိုလူကျန်လဲမဖြစ်၊ ဒီလူကျန်လဲမဖြစ်လေတော့ ကဲ ... မည်သူ့နာမည်မှ ထည့်သွင်း မဖော်ပြတာမကမှ ညီမျှနိုင်တော့မယ် ဆိုပြီး ဆုံးဖြတ်လိုက်လို့ အဲဒီနေရာမှာ ကွက်လပ်ဖြစ်နေတာပေါ့လို့ ရှင်းပြလိုက်တော့မှ ထိုဧည်သည့် မိတ်ဆွေလဲ သဘောပေါက်သွားတယ်။ ( မီးသော်ကြီး မေ့နေလို့ မူရင်းပုံပြင်နဲ့ လွဲမှားနေရင် ခွင့်လွှတ်ပေးပါလို့ )။

မီးသော်ကြီး ဆိုလိုချင်တာနဲ့ ဒီပုံပြင်ဆိုင်လား မဆိုင်လားဆိုတာတော့ မသိတော့ဘူး။ မီးသော်ကြီး ပြောချင်တာက မီးသော်ကြီးဘလော့မှာ စာကလွဲလို့ ဘာမှမပါတာ။ ဘလော့ကို ရိုးရိုးလေးရေးချင်လို့ မဟုတ်ပါပဲနဲ့ မီးသော်ကြီးဆီမှာ အများ သူငါတွေလို ကြွားစရာ၊ မျှဝေစရာ၊ ဖလှယ်စရာ အမှန်တကယ် မရှိလို့ပါပဲလို့ ပြောချင်တာပါ။ ဒါတောင်မှ ဒီဘလော့လေးက မီးသော်ကြီးရဲ့ ကိုယ်ပိုင်စွမ်းရည်နဲ့ ပေါ်ထွက်လာတာမဟုတ်ပါဘူး။ မီးသော်ကြီးရဲ့ အသုံးပြုတဲ့နက်ကြောင့် ဘလော့တွေကို ဖွင့်လို့မရဘူး။ အဲတာ သူငယ်ချင်း ၁ ယောက်က ကူညီလို့ ကျော်ခွပြီး ဖတ်ရတာပါ။ ဖတ်ရင်းနဲ့ မီးသော်ကြီး ပြောခဲ့သလို ပိုးဝင်သွားတော့ မီးသော်ကြီး သူငယ်ချင်းတွေကို ဂျီတိုက်ရတော့တာ။ အဲတာ မီးသော်ကြီးကို ခင်လွန်းတဲ့ နားငြီးမခံနိုင်တဲ့ သူငယ်ချင်း ၁ ယောက်က ကူညီပေးလို့သာ မီးသော်ကြီးရဲ့ ဘလော့ဆိုဒ်လေး ပေါ်ထွက်လာတာပါ။ အကိုဆရာကို ဒီနေရာကနေ အမြဲတမ်း အထူး ကျေးဇူးတင်ရှိနေမယ်ဆိုတာ ပြောပါရစေ။ ( အဟီး - မစတော့ပါဘူးဆိုမှ ဒီ အကိုဆရာဆိုတာက ပါလာသေးတယ် - လူဇိုး )။ သူသာ မီးသော်ကြီးကို မကူညီရင် မီးသော်ကြီး ဘယ်လောက်ပိုးဝင်ဝင် မီးသော်ကြီး ဘာမှလုပ်နိုင်မှာ မဟုတ်ပါဘူး။ မီးသော်ကြီးရဲ့ စာတွေကို ဘလော့ပေါ် ရောက်ဖို့က မီးသော်ကြီးအတွက် အလွန်ခက်ခဲတဲ့ အလုပ်ပါ။ မီးသော်ကြီးကို အဲလို ခင်ကြ၊ ကူညီကြတဲ့ သူငယ်ချင်း မောင်နှမတစ်တွေ အားလုံးကို မီးသော်ကြီးက ကျေးဇူး အထူး တင်လျှက်ရှိနေမှာပါ။ ပြီးတော့ မီးသော်ကြီး ကရကြိုးနပ်အောင် အချိန်ရလို့ သတိရရင် မီးသော်ကြီး ဘလော့လေးကို လာလည်ပါလို့ပြောပါရစေ ...။ အားလုံးသော သူငယ်ချင်းများရဲ့ သူငယ်ချင်း မီးမီးသော်ကြီး။-။

2 comments:

Anonymous said...

မမသော့့် 
အကိုဆရာက ဘယ်သူလဲဟင့့်  သိချင်လိုက်တာ့  စိတ်ကောင်းရှိလိုက်တ်ာနော့့်  မမသော်ကြီးရဲ့ ပိုးများ ဆက်လက်ရှင်သန်ပွားများနိုင်ပါစေ

Anonymous said...

မီးမီးသော်ကြီး အဲ့တော့ နာမည်ကြီးက ခေါ်ရ ခက်လိုက်တာနော်...
ဘာပဲ ဖြစ်ဖြစ်လေ... မီးမီးသော်ကြီး က စာရေးကောင်းတာပဲ... ကျွန်တော်ဆို မီးမီးသော်ကြီးလောက် ရေးတတ်ဘူးဂျာ.. .သူညားတွေ ရေးတာ လိုက်တင်ပေးနေတာ ဟားဟား ရယ်ရတယ်နော်... ပျော်သည်ပျက်စေ ကလပ်စေပေါ့.. မီးမီးသော်ကြီးကို အမြဲအားပေးနေပါမယ်.. မီးမီးသော်ကြီးရေ... မီးမီးသော်ကြီးတို့က အတူတူပဲနော်.. ဒါကြောင်းလည်း လိုက်ကြတာကို ဟီး.. ဟီး.. သွားမပြောနဲ့နော်...