လာရောက်ဖတ်ရှုကြသူအားလုံးကိုကျေးဇူးပါရှင် Mee Mee Thaw Gyi

Thursday, November 30, 2006

စိုးရိမ်မိတယ် ... အဟုတ်

မီးသော်ကြီး ၁ ယောက် စိတ်တွေ ကယောင်ချောက်ချား အာရုံတွေများပြီး ဘာမှမလုပ်ဖြစ်ခဲ့ပါဘူး။ ဒီရက်တွေအတွင်းမှာ။ ပျင်းကလည်းပျင်း၊ ချမ်းကလည်းချမ်းနဲ့ ပျင်းချမ်းကြီးဖြစ်ပြီး အပျင်းတွေကို ရှင်သန်ပေါက်ဖွားခွင့် ပေးထားပါတယ်။ အွန်လိုင်းကို မလာဖြစ်တာပါ။ ညဦး စောစောပိုင်းတွေမှာ 5movies ကလွင့်ပေးနေတဲ့ စာတန်းထိုးကားတွေကြည့်၊ ညနက်ပိုင်း ရောက်လာတော့ စောကြီး အိပ်ရာဝင်လိုက်တာ။ အပျင်းကောင်လေးတွေ ကလည်း ရှင်သန်လိုက်ပုံများ အံ့သြဖို့တောင် ကောင်းတယ်။ သူတို့ မသေနိုင်တော့ဘူး။ ( အဟိ ) ပျင်းတယ် ဆိုတာကလည်း နာမည်သာဆိုးတာ လူကတော့ သက်သာလိုက်တာမှ ...။ နတ်ပြည် ရောက်မယ်ဆိုတာ သေချာတာတောင် အလိုက်ပေး မလဲနိုင်ပေါင်။ အဲလို ... မီးသော်ကြီးက။

အပေါ်မှာပါသွားတဲ့ ညဦးပိုင်းတို့ ဘာညာ ဆိုတာတွေကို ပြန်ကြည့်မိတော့ - ညမာပြည်မှာ ရှေးယခင်က ညတွေကို ကြက်တွန်သံတွေနဲ့ ပိုင်းခြားကြတယ်လို့ မီးသော်ကြီး ဘုတ်အုပ် တစ်အုပ်ထဲမှာ ဖတ်ဘူးတယ်။ ကုလားစက်နာရီ ည ၈ နာရီ ပတ်ဝန်းကျင်လောက်ကို သူငယ်အိပ်ဆိတ်တဲ့။ ကလေးသူငယ်တွေက လသာတဲ့ ညတွေမှာဆို ရွာရိုးကိုးပေါက် လျှောက်ကစားနေကြပြီး သူငယ်အိပ်ဆိတ် ကြက်တွန်သံကြားရင် အိမ်ကို ပြန်လာကြတယ်။ မလာကြရင်လည်း အိမ်က အမကြီးတို့၊ အမေတို့က လိုက်ခေါ်ကြတယ်။ ပြန်ရောက်လာတာနဲ့ ကစားလို့ ဖုန်အလိမ်းလိမ်းကပ်ပြီး ညစ်ပတ်လာတာတွေကို ဆေးကြော သုတ်သင်းပေးတယ်။ ခြေ၊ လက်ဆေးပြီးနောက် အဆာပြေ တစ်ခုခုကျွေးပြီး အိပ်ရာဝင်ကြတယ်။ အဲချိန်မှ တွန်တဲ့ ကြက်တွန်သံကို သူငယ်အိပ်ဆိတ်လို့ ပြောကြတယ်လို့ မှတ်သားဘူးတယ်။ ကြက်တွန်လို့ သူငယ်အိပ်တာလား သူငယ်တွေ အိပ်ချိန်မှာ တွန်လို့ အဲလို ခေါ်ကြတာလားတော့ မီးသော်ကြီးလည်း ရှင်းရှင်းလင်းလင်း မသိဘူး။ နောက်တစ်ချိန်ကတော့ သက်ကြီးခေါင်းချတဲ့။ ကလေးတွေ အိပ်သွားပြီးနောက် လူကြီးတွေက ညအခါ လသာတဲ့ခါမျိုးမှာ လက်ဖက်ရည်ကြမ်းနဲ့ အမြည်း ပေါက်ပေါက်ဆုပ်တို့၊ ထန်းလျှက်ခဲတို့နဲ့ လူကြီးတွေ၊ သက်ကြီးဝါကြီးတွေ စုပြီး ရပ်ရေးရွာရေး ဆွေးနွေးကြသလို၊ တရားဓမ်မတွေ ဆွေးနွေးကြလို့ ပြီးသွားချိန်၊ အိပ်ရာ ၀င်ချိန်မှာ တွန်တာ။ အဲချိန် တွန်တဲ့ ကြက်တွန်သံကို သက်ကြီးခေါင်းချလို့ မှတ်သားထားတယ်တဲ့။ နောက်တစ်ကြိမ်က မောင်ရင်ပြန်တဲ့။ ညချမ်းချိန်ခါမှာ လုံမပျိုလေးတွေ ဗိုင်းငင် ယက်ကန်းရက်နဲ့ ဟန်ရေးပြနေတဲ့ဆီ ကိုလူပျို ကာလသားတွေက လျှောက်ပြန်သံပေးလုပ်ပြီး လူပျိုလှည့်ကြ ပျော်ရွှင်စရာ စကြနောက်ကြ စကားထာတွေ ၀ှက်တန်း ကစားကြနဲ့ အချိန်ကလေး လင့်လာပြီး ကြက်တွန်သံကြားရင် ပြန်သွားကြသတဲ့။ အဲချိန်မှာ တွန်တဲ့ ကြက်တွန်သံကို မောင်ရင်ပြန်လို့ ဆိုကြတယ်။ အကယ်၍ မောင်ရင်တွေသာ မပြန်ကြရင် အဲကြက်လည်း မတွန်ရတော့ဘူးပေါ့နော်။ ( အဟိ )။ နောက်တစ်ကြိမ်က လင်းကြက်တွန်သံတဲ့။ နံနက်ခင်း လင်းအရုဏ် လာတဲ့ချိန်မှာ တွန်တဲ့ ကြက်တွန်သံကို လင်းကြက်တွန်သံတဲ့။ အဲလင်းကြက်တွန်သံ ကြားရပြီဆိုတာနဲ့ တစ်နေ့တာ လှုပ်ရှားမှုအတွက် ပုထုဇဉ်လူသားတေ၊ွ ကျေးငှက် အစရှိတဲ့ တိရစ်ဆာန်လေးတွေဟာ လင်းကြက်တွန်သံနှင့်အတူ နိုးထလာကြပါတယ်။ ( မီးသော်ကြီး မပါဘူးနော်။ မီးသော်ကြီးဖြင့် အဲချိန်တွေမှာ အဲလိုတွေ ဖြတ်သန်းသွားကြပါလား ဆိုတာတောင်မှ မသိလိုက်ဘူး။ )

မီးသော်ကြီး တွေးမိတာက ခုဏက လုံမပျိုလေးတွေဟာ မောင်ရင်ပြန် ကြက်တွန်သံကြားမှ အိပ်ရာဝင်ကြတယ်ဆိုရင် လင်းကြက်တွန်သံ ကြားချိန်မှာ ပြန်လည် နိုးထရတယ်ဆိုတော့ သူတို့ရဲ့ အိပ်စက်မှု အချိန်တာကာလက ဘယ်လောက်မှ ရှိဘူးပဲနော်။ မီးသော်ကြီးဖြင့် အံ့သြရော။ အင်း ... ညကိစ်စတွေ လည်နေတာနဲ့ ဘယ်တွေ ရောက်ကုန်ပြီလဲတောင် မသိတော့ဘူး။ အဲညကိစ်စထဲမှာမှ အပျိုလေးတွေဆီ ကိုလူပျိုတွေ လူပျိုလာလှည့်ကြတော့ ဘယ်မှာ တွေ့ကြသတုန်းလို့ စဉ်းစားမိစရာပဲနော်။ ဟုတ်တယ်။ ရှေးရှေးခေတ်ကာလ တစ်ချိန်တုန်းက သမီးလေးရှိလို့ အရွယ်ရောက်လာပြီ ဆိုတာနဲ့ အိမ်မကြီးရဲ့ အိမ်ရှေ့မှ အမိုးတစ်ဆင့် ပြုလုပ်ပြီး ဘေးနှစ်ဘက် အကာနဲ့ မြေစိုက်အဆောင်တစ်ခု ပြုလုပ်ကြတယ်။ အဲအဆောင်ထဲမှာ တစ်ဝက်က ကြမ်းခင်း ကွပ်ပစ်သဏ္ဍာန်ဖြစ်ပြီး၊ ကျန်တစ်ဝက်က မြေတလင်း ပြုလုပ်ထားတယ်။ အချို့ အဆောင်တွေက ၁ ဆောင်လုံး မြေတလင်း ပြုလုပ်ထားကြတယ်တဲ့။ အဆောင်ထဲမှာ ရက်ကန်းစင်၊ လက်ဆုံ၊ တောင်း၊ စပါးပုတ်၊ စဉ်းအိုးကြီး၊ ဆန်ကော၊ ဆန်ကာ အစရှိတဲ့ အိမ်တွင်းအသုံး အဆောင်များ၊ လှည်းဘီး၊ ထွန်တုံး၊ လှည်းတန်ပိုး အစရှိတဲ့ လယ်ယာသုံး ပစ်စည်းတွေကို ထားကြတယ်တဲ့။ အဲတာကတော့ သမီးရှင်တွေမှာ မရှိမဖြစ်လိုအပ်တဲ့ ၀ဲလင်းဆောင် ဆိုတာပဲ ဖြစ်ပါတယ်။ အဲပစ်စည်းတွေအပြင် ကိုကိုကာလသားများ လာလျှင် ဧည့်ခံဖို့ရာအတွက် လုံမလေးများကလည်း ကွမ်းအစ်၊ ဆေးအစ်၊ မှန်၊ ဘီး၊ ကျောက်ပြင်၊ သနပ်ခါးတောင်း၊ ရေ စသည်တို့ကို ပြင်ဆင်ထားကြတယ်။ ပြီးတော့ ဆေးလိပ်လိပ်ခြင်း ဆိုတဲ့ အတတ်ပညာကိုလည်း လေ့လာ သင်ယူထားကြပါသေးတယ်။ မီးသော်ကြီးတို့ အဌမတန်းမှာ သင်ကြားဘူးခဲ့တဲ့ ကဗျာလေးထဲကလိုပေါ့။ “ မ၀ယ်ဘူး၊ မယ်ခူးတဲ့ဖက်စို ” လို့ အစရှိတဲ့ ကဗျာလေးထဲကလိုပါပဲ။ ထိုအဆောင်လေးထဲ လင်းရောင်ခြည် ရဖို့ရာကတော့ စလောင်းဖုံး ( အိုးအဖုံး ) အတွင်းမှာ ထမင်းကျန်များကို အခြောက်လှန်းထားတဲ့ ထမင်းကြမ်းခြောက်များပေါ်သို့ ရေနံချေးလောင်းကာ မီးတောက်ဖြင့် အလင်းရောင် ကိုရယူကြသတဲ့။ ကိုကိုကာလသားတွေက ရောက်လာကြသည်ဆိုတာနှင့် ဆေးအစ်ထဲမှ ဆေးနှင့် ဆေးလိပ်လိပ်သောက်ကြ၊ ကွမ်းယာစားကြ၊ ပြီးရင် သျှောင်ထုံးကို ပြုပြင်ထုံးဖွဲ့ကြ၊ ကျောက်ပြင်ရှေ့တွင် ထိုင်ပြီး သနပ်ခါး၊ နံ့သာနီ၊ နံ့သာဖြူတို့ကို သွေးကြကာ မိမိတို့ကိုယ်တိုင်လည်း လိမ်းခြယ်သကြသလို အချင်းချင်းလည်း လိမ်းပေးကြပြုကြတယ်။ ရှေးရှေးခေတ်က လူပျိုကာလသားတွေက ဘယ်လိုပါလိမ့်နော်။ တွေးချင်စရာ။ ပြီးရင် စကားထာတွေကို ပန်းပေးကြေး ၀ှက်ကစားကြတယ်။ အပျော်တမ်း စကားထာတွေ ၀ှက်ကြသလို ချစ်ရေး ချုကြသူများကလဲ “ ပဒုံမာ ယုံထောင် ” ဆိုတာမျိုး ၀ှက်ကြသလို၊ “ ဂမုန်းပန်း တစ်ခက်နှစ်ခက် ” ဆိုတာမျိုးလည်း ၀ှက် ကြတယ်။ ပျော်ကြ၊ ရွှင်ကြ၊ ကစားကြပြီးတဲ့နောက် မောင်ရင်ပြန် ကြက်တွန်ချိန်ရောက်တော့ လုံမပျိုလေးကို နှုတ်ဆက်ပြီး ပြန်သွားကြရောတဲ့။ အဲချိန်မှ လုံမပျိုလေးက ကိုကိုကာလသားတို့ ရှုပ်ပွရစ်လေတဲ့ ဆေးအစ်၊ ကွမ်းအစ်၊ သနပ်ခါး၊ ကျောက်ပြင် အစရှိတဲ့ ဟာတွေကို ပြန်လည်သိမ်းဆည်း ပြီးပါမှ အိပ်ရာဝင်တယ်။ လင်းကြက်တွန်သံ ကြားလို့ အရုဏ်တက်ချိန် ရောက်ပြန်တော့ အမိအဖများထက် ဦးစွာ စောထပြီး ဆွမ်းကပ်ဖို့ရန် ချက်ပြုတ်ကြရ ပြန်တယ်တဲ့။ မီးသော်ကြီးသာဆို အဲချိန်မှသာ အိပ်ရာဝင် မနက် ၁၁ နာရီခွဲတောင် မနည်းထရမယ်။ နေ့လည်ကျလဲ ညက အိပ်ရေးပျက်ထားတယ် ဆိုပြီး ပြန်အိပ်ဦးမှာ။ အဲတုန်းချိန်ကို တွေးလေ ပြန်မရောက်ချင်လေပဲ။ ၀ဲလင်းဆောင် ဆိုတဲ့ ရိုးရာလည်း ပျောက်သွားတာ ကျေးဇူးတင်ရမလိုလို။ ခုခေတ်မှာဆို တူရို့ ပြန်ကြပါ့မလားပဲနော်။ ( အသီးတုန်လိုက်တာ )။

ခုခေတ်ဆိုလို့ တွေးမိတာလေး နည်းနည်းရေးဦးမယ်။ ခုခေတ် ကိုကိုမောင်မောင်တွေ နားကပ် တတ်ရတာနဲ့၊ ဆံပင်အရှည် ထားရတာနဲ့၊ သိပ်မကြာသေးတဲ့ အရင်က ဆံပင်ဆို တိုတိုလေး ( ဥပမာ - မော့စ်လိုပေါ့ ) ထားကြတယ်။ ခုတော့ ခေတ်ရဲ့ ရွေ့လျားတဲ့ သဘောကြောင့် ထင်တယ်။ ဆံပင်ကို အရှည်လုပ်လာ ကြတယ်။ အဲလိုသာ ဆက်ရွေ့လျားနေမယ် ဆိုရင် ...။ သျှောင်ထုံးတဲ့ ခေတ်များ ပြန်ရောက်လာဦးမလားပဲနော်။ ဘောင်းဘီ လက်ရှည်နဲ့၊ သျှောင်နဲ့၊ နားကပ်နဲ့၊ အပျံစား၊ အလန်စား ဖက်ရှင်တွေ ဖြစ်လာမယ်ထင်ပါရဲ့။ သူတို့ သျှောင်ပြန်ထုံးတာ ကိစ်စမရှိဘူး မီးသော်ကြီးတို့လည်း ဆံတောက်ထားရမယ်ဆို - အမလေး ... မတွေးဝံ့စရာ။ အားလုံးပဲ သိကြတဲ့အတိုင်း။ ရေသည်မမပါ ဆိုနေ။ ( အဟင့် )။ ရေသည်လို့ ကြားလိုက်တာနဲ့ ဦးပုညကို မစဉ်းစားမိရင်သာရှိမယ် ... ရေသည်ယောက်ျားရဲ့ ချီးမွမ်းခန်းကိုတော့ မမေ့ကြဘူး။ “ ဆံထုံးတော်ကြီး တမာသီးနဲ့ ခါးစည်းဝတ်လဲ၊ ချုပ်စပြဲကို၊ တဲအပ်နှင့်တွယ်၊ လူမြင်သမျှ စိတ်ပျက်အောင်လှပါတဲ့ မရေသည် ” ဆိုတာကို အရင်သတိရကြမှာ။ သူ ချီးမွမ်းသလိုပဲလေ။ မီးသော်ကြီးသာ ဆံတောက်ထားရမယ်ဆို စာဖတ်နေတဲ့ တယ်ဂျင်းတို့ရယ် ...။ တွေးသာ ကြည့်ကြပါတော့။ မီးသော်ကြီး ၁ ယောက် ဗျာများလိုက်မယ့် ဖြစ်ခြင်းကို။ ဆံတောက်ကွေးဖို့ ဆံစလည်း ချန်ရဦးမယ်၊ အပေါ်မှာ ဆံလည်းထုံးရဦးမယ်၊ အောက်မှာလည်း ဆံစ ချန်ရဦးမယ်။ ကဲ ဘယ်လိုလုပ်ကြမလဲ။ ပိုင်ရှင်ကလဲ မရှိသေးတော့ အုံလုံး သိမ်းလို့ကလည်း မရ။ ( အဟိ ... ကြုံကြွားလေး )။ မီးသော်ကြီး ဆုတောင်းပါတယ် ...။ ကိုကို၊ မောင်မောင်တို့ရယ်။ တော်ရို့ဖက်ရှင်ကို သျှောင်ထုံးတဲ့အထိ သယ်တော်မမူကြပါနဲ့လို့ ...။ မီးသော်ကြီး ကြိုတွေးပြီး ရင်တွေပူလွန်းလို့ပါ။ မီးသော်ကြီးအတွက် သယ်ဂျင်းတို့လည်း ဆုတောင်းပေးနော်။ မဟုတ်ရင် ... စိတ်ဆိုးမှာအဟုတ်။ - ။

မှတ်ချက် - ဤစာထဲမှ စာအများစု ( အကုန်လုံးနီးပါး ) ကလေ ရန်ကုန်ဘဆွေ ရေးသားတဲ့ မြန်မာပြည်သား စာအုပ်ထဲကနေ ဆင့်ပွား ကူးယူထားတာပါ။ စာအုပ်ထဲကအတိုင်း မဟုတ်ပဲ မီးသော်ကြီး အဆင်ပြေသလို ကောက်နုတ် ရေးသားလိုက်တယ်။ မူရင်းကနေ သွေဖယ်မသွားအောင် မီးသော်ကြီး ကြိုးစားပြီး ရေးထားပါတယ်။ စာအုပ်ထဲမှ ဆိုလိုသော အဓိပ္ပါယ်မျိုးနှင့် မီးသော်ကြီး ဆိုလိုသော အဓိပ္ပါယ်ကွဲပြားနေရင် အဲတာ မီးသော်ကြီးရဲ့ ညံ့ဖျင်းမှုကြောင့်သာ ဖြစ်ပါကြောင်း ...။ - ။

Sunday, November 26, 2006

စားမှာပဲ ... စားမှာပဲ

မီးသော်ကြီး ဒီမနက် အိပ်ရာနိုးလာတော့ မျက်နှာအဟောင်းကြီးနဲ့ စဉ်းစားလိုက်တယ်။ နံနက်စာကို ဘာစားရင် ကောင်းမလဲပေါ့။ အဲလက်စ်ရဲ့ သီချင်းလိုပဲနော်။ အဟိ ...။ ( မိုးလင်းထဲက စဉ်းစားမိတာ စားဖို့ပါပဲ ... )။ မုန့်ဟင်းခါး စားမယ်လို့ ဆုံးဖြတ်လိုက်တယ်။ ဆုံးဖြတ်ချက် ကျတာနဲ့ ညက်နှာအဟောင်းကြီးကို အမြန်သစ်။ နေ့သစ်အတွက် မျက်နှာအသစ် ဖြစ်သွားပါပြီ။ ပြီးတာနဲ့ မုန့်ဟင်းခါးကို ၀ယ်ခဲ့ပေးဖို့ အဒေါ်ကို မှာသွားလိုက်တယ်။ ခဏနေတော့ သူဝယ်လာတဲ့ မုန့်ဟင်းခါးနဲ့ ထမင်းနည်းနည်းနဲ့ စားလိုက်တယ်။ မုန့်ဟင်းခါးကို ဒီတိုင်းစားရင် ရင်အရမ်းပူလို့ ထမင်းနည်းနည်း ထည့်စားလိုက်တာလေ။ စားလို့ပြီးသွားတော့ ဆာလောင်ခြင်းဒွတ်ခ ကင်းလွတ်သွားတာနဲ့ တပြိုင်နက် နောက်တစ်ကြိမ် ပြန်မဆာမခြင်း မာန်တက်နေလိုက်တယ်။ စားဖိုဆောင်ကိုလဲမသွား၊ ကူညီရမလားလဲ မမေးနဲ့ ...။ ဘာလုပ်ရမလဲ စဉ်းစားလိုက်တော့ စာလေး နည်းနည်းပါးပါးတော့ ရေးလိုက်ဦးမယ်လို့ တွေးမိလိုက်တာနဲ့ ကွန်လေးကိုဖွင့် တရားအားထုတ်နေရတဲ့ အွန်လိုင်းလေးကို ခဏ ပြေးကြည့်လိုက်တယ်။ အင်း ဆန်းဒေးမို့ ထင်တယ်။ ဒူမှလဲမတွေ့။ အဲတာနဲ့ ပြန်ထွက်လာပြီင်္း စာရေးတော့မယ်လို့ ဆုံးဖြတ်ချက်ကို လုံးဝချလိုက်တယ်။

ရေးမယ်ဆိုတော့လဲ ဘာရေးရမလဲပေါ့။ တွေးမိတာတွေကလဲ ဟိုတစ်စ ဒီတစ်နဲ့ စုံစီနဖာကို ပွလို့။ ဖြစ်သေးပါဘူးလေ။ အဲလိုတော့မဖြစ်ဘူး။ တော်ကြာ လာဖတ်သူ တယ်ဂျင်းတွေက စိတ္တဇအတွေးလို့ ဆိုတဲ့အတိုင်း ပေါက်ကရတွေ တွေးပြီး အရူးမက ရေးထားတယ် ပြောနေကြဦးမယ်။ အင်း ... လူတွေကလဲ မှန်တာပြောရင် တယ်နာတတ်သကိုး။ အမှန်က သူတို့ ဝေဖန်တာက ဟုတ်နေတာပဲလေ။ လူ့စိတ်ဆိုတာ အဲလိုပဲ။ မှန်တာပြောတော့လဲ စိတ်ဆိုးတတ်ကြတယ်။ မမှန်တာပြောလဲ စိတ်ဆိုးတတ်ကြတယ်။ မမှန်တာပြောရင် - ဟုတ်လို့ ပြောတာဆို ခံရတာ တော်ပါသေးတယ်။ မဟုတ်ပဲနဲ့တော့ အပြောမခံနိုင်ဘူးတဲ့။ မှန်တာတွေ ပြောတော့လဲ မှန်တာတွေ ပြောရပါ့မလားဆိုပြီး စိတ်ဆိုးကြတာပါပဲလေ။ ကဲ ... ပြောချင်တာ ပြောကြပါစေတော့အေ။ ပေယျာလကန် ပြုလိုက်မယ်။ ( ဘာလဲတော့မမေးနဲ့ မီးသော်ကြီးလဲ သူ့အနက်အဓိပ္ပါယ်ကို မသိဘူး။ ) ရေးမှဖြစ်မယ်လေ။

ခုဏ စားလိုက်တဲ့ မုန့်ဟင်းခါး တန်ခိုးက ပြလာပါပြီ။ ရင်ပူလိုက်တာ။ လိမ်မော်သီးစားမှထင်တယ်။ မုန့်ဟင်းခါးက အဲလိုစွမ်းတာလေ။ သူ့ကိုစားပြီးရင် လုံးဝမေ့ထားလို့ မရဘူး။ အဲကြောင့်ဖြစ်မယ်။ ညမာတွေ အားလုံးက တက်ညီလက်ညီကို ကြိုက်ကြတယ်။ မုန့်ဟင်းခါးလို့ ပြောလိုက်တာနဲ့ စားချင်လာကြရော။ မီးသော်ကြီး ထင်တယ်။ အခြားအစားအစာ တစ်မျိုးမျိုးထက် မုန့်ဟင်းခါးက အကြိုက်ပိုညီကြတယ်။ မုန့်ဟင်းခါးက အနယ်နယ်အရပ်ရပ်မှာ သူ့ပုံစံမျိုးနဲ့သူ ရပ်တည်နေတာ။ မုန့်ဟင်းခါးလို့သာ နာမည်တူတာ သူ့နယ်အလိုက် ချက်နည်းတွေက မတူကြဘူး။ တစ်နယ်ကို ပုံစံတစ်မျိုးစီပါပဲ။ ကုလားပဲနဲ့ ချက်ကြသလို ပဲမပါဘဲ ဆန်နဲ့ချည်းလဲ ချက်ကြတယ်။ အချို့နယ်က မြေပဲဆန်ကို စေးနေအောင်ထောင်းပြီး ထည့်ကြတယ်။ အချို့နယ်က စပါးလင်ပါတာ မကြိုက်ကြဘူး။ အချို့နယ်က ပဲကိုမှပျစ်ပျစ်ကြီးချက်ပြီး စားကြတယ်။ မီးသော်ကြီး တွေ့ဘူးတာတော့ ကရင်ပြည်နယ်ဘက်မှာဆိုရင် မုန့်ဟင်းခါးထဲကို ပူစီနံတို့ ပဲပင်ပေါက်တို့ ( မန်းလေးမှာတော့ ပဲပင်ပေါက်ကို တိုရလို့ခေါ်တယ်။ ဘာလို့ အဲလိုခေါ်လဲဆိုတာ မီးသော်ကြီး မသိဘူး။ ) ဂေါ်ဖီတို့ ခ၇မ်းချဉ်သီးတို့ ထည့်စားကြတယ်။ မီးသော်ကြီး မိတ်ဆွေတစ်ယောက်ကတော့ ဂန့်ဂေါဘက်က။ သူကျတော့ မုန့်ဟင်းခါးထဲကို ကောက်ညင်းပေါင်း ထည့်စားတယ်။ များသောအားဖြင့်တော့ အကြော်စုံ၊ ငါးဖယ်၊ ကြက်ဥ-ဘဲဥ နံနံပင် အဲတာမျိုးကတော့ ထည့်စားနေကြတာပဲ။ မီးသော်ကြီးဆိုရင် ငါးဖယ်ကြော်ရယ် ဘူးသီးကြော်ရယ် ကြက်သွန်ကြော်ရယ် ဘဲဥရယ် ထည့်စားတာကို ကြိုက်တယ်။ မုန့်ဟင်းခါးဆို သူ့ပုံစံကို မမြင်ရသေးနဲ့ဦး အနံ့ရလာပြီဆိုတာနဲ့ စားချင်ကြတာ။ ပုံမှန် မုန့်ဟင်းခါး တစ်ပွဲမှာ ဆိုရင် မုန့်တီရယ် ကြက်ဥရယ် အကြော်ရယ် နံနံပင်ရယ် ကြက်သွန်ဖြူကို ကြော်ထားတဲ့ ဆီချက် အဖန်လေးတွေရယ် ငရုပ်သီးရယ် သံပုရာသီးရယ် ဟင်းရည်ရယ်ပါတယ်။ မုန့်ဟင်းခါးနဲ့ စားတဲ့ ငရုပ်သီးကလဲ ဆီနဲ့ကြော်ရင် နည်းနည်းမှ စားမကောင်းဘူး။ လှော်ပြီး ထောင်းထားမှ စားလို့လိုက်ဖက်တယ်။ မီးသော်ကြီးတို့ အိမ်မှာဆို မုန့်ဟင်းခါးကို မကြာခဏ ချက်ချက်စားကြတယ်။ များသောအားဖြင့်တော့ ၂ မျိုးချက်စားတယ်။ ၁ မျိုးက ကုလားပဲကို ပြုတ်ချေပြီး ငါးဆီသတ်နဲ့ ချက်တယ်။ ငါးကို ဆီသတ်တဲ့ချိန်မှာ စပါးလင်ကို ညက်နေအောင် ထောင်းထားတာရယ်၊ ကြက်သွန်ဖြူကို ထောင်းထားတာရယ်၊ ကြက်သွန်နီကို ထောင်းထားတာရယ်၊ ဂျင်းကို ထောင်းထားတာရယ်ကို အားလုံးရောပြီး ဆီသတ်လိုက်တယ်။ ငရုပ်သီး အနုမှုန့်ကို နည်းနည်းထည့်တယ်။ အဲလို ဆီသတ်ပြီး ကုလားပဲပြုတ်ပြီး ချေထားတဲ့ အထဲထည့်လိုက်ပြီး ကြက်သွန်နီဥတွေ၊ ငှက်ပျောအူတွေ၊ ဘဲဥတွေ ထည့်ပြီးတည်တယ်။ နောက် ၁ မျိုးကတော့ ဆန်မှုန့်ကို လှော်လိုက်တယ်၊ ပြီး ရေနဲ့ဖျော် ပြီးတည်တယ်။ ငါးပြုတ်ကို အသားတွေကို နွှာပြီးထည့်တယ်။ ခေါင်းတွေနဲ့ အရိုးတွေကို ထောင်းပြီး သူ့အရည်ကို အရိုးစတွေ မပါအောင် စစ်ပြီး ထည့်လိုက်တယ်။ အဲ မဟုတ်ဘူး အသားတွေကို ကြက်သွန်နီနဲ့ ဆနွင်းနဲ့ နည်းနည်းလေး ဆီသတ်တယ် ဆိုရုံလေး ဆီသတ်သေးတယ်။ ပြီးရင် ဆူပွက်လာအောင် တည်တယ်။ ထုံးစံအတိုင်း ကြက်သွန်ဥ ဘာညာ ထည့်တယ်ပေါ့။ သူက ငရုပ်ရောင်မဟုတ်ပဲ ၀ါဝါလေး။ ဆန်လှော်ချက်ပေါ့။ အဲလို ၂မျိုး ချက်စားတယ်။ တစ်ကြိမ်ထဲ ၂ မျိုးတော့ မဟုတ်ဘူးပေါ့။ မုန့်ဟင်းခါးကို ကြိုက်တဲ့ သူတွေက ဘယ်လိုချက်ချက် ကြိုက်နေကြတာပါပဲ။ ဟုတ်တယ်မလား။ မုန့်ဟင်းခါးပန်းကန်ထဲကို မုန့်တီဖတ်လေးထည့် အကြော်၊ ငါးဖယ်၊ ဘဲဥလေးထည့်၊ နံနံပင်းလေးထည့်၊ ကြက်သွန်ဖြူကြော်ဖတ်လေးတွေထည့်၊ ဟင်းရည်လေးနဲ့ ပူပူလေး ပြင်ထားလိုက်ရင် ဘယ်သူမဆို မြင်လိုက်တာနဲ့ စားချင်စိတ်က တန်းဖြစ်လာမှာပဲ။ ကြိုက်ရင်ပေါ့။ မီးသော်ကြီး အပေါင်းအသင်းထဲမှာ မုန့်ဟင်းခါးကို လုံးဝ မကြိုက်တာ ၂ ယောက်။ မီးသော်ကြီး မြင်ဘူးတယ်။ ဒါပေမယ့် နည်းပါတယ်။ မုန့်ဟင်းခါးချက်ရင် ငါးဆိုရင် ငါးခူနဲ့ချက်တာ ပိုကောင်းတယ်လို့ မီးသော်ကြီးထင်တယ်။ ငါးကြင်းနဲ့လဲ ချက်ကြတယ်။ အချို့ဆို ငါးသလောက်နဲ့လဲ ချက်ကြတာပဲ။ ဘယ်ငါးနဲ့ချက်ချက် ကိုယ်နေတဲ့အရပ်က စားနေကြပုံစံမျိုးနဲ့ ချက်ရင်စားလို့ ကောင်းနေတာပဲ။ မုန့်ဟင်းခါးနဲ့ ပတ်သက်ပြီး စည်းလုံးတာတွေ ဘာညာတွေတော့ ထည့်မရေးတော့ဘူး။ စာစီစာကုံးသာ ဆိုရင်တော့ အမှတ်တိုးစေဖို့ လျှောက်ရေးပေးရမှာပေါ့။ ခုတော့အဲတာတွေမရေး တော့ဘူး။

အဲတော့ ... ရင်ပူရာကနေ ရေးလိုက်တာ မုန့်ဟင်းခါးဇာတ် ဖြစ်သွားတယ်။ ဖြစ်လာမှတော့ တည်နေပါစေတော့အေ။ မုန့်ဟင်းခါး ဆိုတော့လဲ မုန့်ဟင်းခါးပေါ့။ ဖြစ်တယ်မလား။ ရင်ကတော့ ပူနေပေမယ့် ရေးရင်းနဲ့ ထပ်စားချင်လာတာပဲ။ ( စားမှာပဲ ... စားမှာပဲ ... ငါ့ကို လာမတားနဲ့ ... )။

ပျင်းလိုက်တာ

ပျင်းလိုက်တာနော် ...။ ဒီနေ့ ဘယ်လိုပုံစံမျိုးနဲ့ ပျင်းနေလဲကို မသိတော့ဘူး။ အရမ်းကိုပျင်းတယ်။ ဘာမှ မလုပ်ချင်လောက်အောင် ပျင်းတယ်။ ပျင်းလွန်းလို့ တစ်ခုခုလေး အပျင်းပြေ ထလုပ်လိုက်ဖို့ အတွက်တောင် ပျင်းတယ်။ မနက်အိပ်ရာနိုးတော့ ရေချိုးမယ်လို့ တွေးလိုက်တာ ပျင်းနေတာနဲ့ နေ့လည် ၂ နာရီမှ ချိုးဖြစ်တယ်။ ဈေးသွားမယ်ဆိုပြီး ထွက်လာလိုက်တာ ပျင်းနေတာနဲ့ ဈေးမရောက်လိုက်ဘူး။ သူငယ်ချင်းအိမ်မှာ ၀င်စကားပြောပြီး ပြန်လာတယ်။ သိုးမွှေးလေးတွေ လမ်းကြုံလို့ ၀ယ်လာပြီး မာဖလာလေး ထိုးနေတာ ပျင်းလွန်းလို့ ၁ ပေကနေ မတက်လာဘူး။ မုန့်စား ချင်နေတာ သွားဝယ်ရမှာ ပျင်းနေတာနဲ့ မစားပဲ နေလိုက်ရတယ်။ စာရေးမလို့ စာတွေခေါင်းထဲမှာ စီထားပြီးတာတောင် ရေးရမှာ ပျင်းနေတာနဲ့ လုံးဝ မရေးဖြစ်ဘူး။ စိတ်ထဲကနေ အလုပ်တွေ အများကြီး လုပ်လိုက်သလောက် လက်တွေ့ ဘာတစ်ခုမှ မလုပ်ဖြစ်ဘူး။ လုပ်လိုက်တာ စိတ်ထဲမှာတော့ အလုပ်တွေ တန်းစီနေတာပဲ။ တကယ်ကျတော့ ဘာမှကို မလုပ်ဖြစ်တာ။ အဲတာ … ပျင်းနေတာလေ။ ပျင်းလိုက်တာနော် ...။

Saturday, November 25, 2006

ဆုံတွေ့ခဲ့ဖူးသည်

မီးသော်ကြီး မနေ့က စာလုံးဝ မရေးဖြစ်ဘူး။ ဘာရေးရမလဲ တွေးရင်းနဲ့ ဘာမှကို မရေးဖြစ်ဘူး။ နေ့မှာ မရေးဖြစ်တော့ ညမှာ ရေးမယ် တွေးထားတာလဲ မရေးဖြစ်ပါဘူး။ မိဘနှစ်ပါး ခရီးသွားမယ် ဆိုတာနဲ့ပဲ ဘာမှ မရေးဖြစ်လိုက်ဘူး။ အားလုံး ပြင်ဆင်ပေးနေရတာနဲ့တင် ည ၁၁ နာရီ ရောက်သွားတယ်။ မနက်ကျ သူတို့က စောစောသွားမယ် ဆိုတာနဲ့ မနိုးမှာစိုးလို့ ချက်ခြင်း အိပ်ရာဝင်လိုက်တာ။ မီတင်လေးတောင် မတက်လိုက်ရဘူး။ အဲကြောင့်နေမှာ မနက်ကျ အိပ်ရာနိုးတော့ မှန်ကြည့်လိုက်တာ အရွယ်နဲနဲ ကျသွားတယ်။ နောက်ဆုံး အစမှ အဆုံး ကြည့်လိုက်တော့ မနေ့က စာမရေးဖြစ်လိုက်ဘူးပေါ့အေ။ မနေ့က မီးသော်ကြီးရဲ့ တစ်ဦးတည်းသော အဖေရဲ့ မွေးနေ့ဖြစ်သလို အမေရိကန်မှာလဲ ဘုရားသခင်ကို ကျေးဇူးတော် ချီးမွမ်းပွဲ လုပ်တယ်ဆိုလား။ ( စာရေးတာ နည်းနေသလားလို့ ဖေါလိုက်တာ )။

မီးသော်ကြီး အိပ်ရာနိုးလို့ စာရေးမလို့ စဉ်းစားမိလိုက်တယ် ဆိုရင်ပဲ ညက်နှာတစ်ရင်း ကောင်းကင်ကို မော့ကြည့်မိလိုက်တယ်။ အော် … ငါနေ့လည်ကြီးမှာ ကြယ်ကို ရှာနေမိတာပါလား ဆိုပြီး သတိရသွားတယ်။ ဟုတ်တယ် မီးသော်ကြီး ကောင်းကင်ကို အမှတ်မထင် မော့ကြည့်မိတာပါ။ ဟိုအရင်တစ်ချိန်က မီးသော်ကြီးကလဲ ကောင်းကင်ကို မော့ကြည့်မိချိန် ကောင်းကင်ပေါ်က ကြယ်လေးကလဲ မီးသော်ကြီးကို ကြည့်နေချိန်နဲ့ တိုက်ဆိုင်ခဲ့ဘူးတယ်။ မီးသော်ကြီး အမှတ်မထင် ပြုံးပြလိုက်မိတယ် ထင်တယ်။ ကြယ်လေးကလဲ ပြန်ပြုံးနေပါလား ...။ အဲချိန်မှာ မီးသော်ကြီး အဲဒီကြယ်လေးကို လိုချင်တယ်။ ကြယ်ဆိုတာ ကောင်းကင်ပေါ်မှာပါ။ မီးသော်ကြီးက မြေပြင်ကနေ မော့ကြည့်လိုက်တာ။ လိုချင်တယ် ဆိုပေမယ့် မဖြစ်နိုင်ဘူးဆိုတာ သိနေတယ်လေ။ အဲတော့ မီးသော်ကြီး သတ်မှတ်လိုက်တယ်။ အဲကြယ်လေးဟာ ငါ့ရဲ့ ကြယ်လေးပဲပေါ့။ အဲလိုနဲ့ မီးသော်ကြီးလေ ညညတွေမှာ မီးသော်ကြီးရဲ့ ကြယ်လေးကို မော့မော့ကြည့်ရင်း စကားတွေများစွာ ပြောခဲ့တာပေါ့။ မီးသော်ကြီး စိတ်ထဲမှာလဲ ကောင်းကင်ပေါ်က ကြယ်လေးနဲ့ မီးသော်ကြီးက ရင်းနှီးလာတယ်လို့ ထင်တယ်။ ပြီးတော့ ဝေးကွာတယ် ဆိုတဲ့ မီးသော်ကြီးနဲ့ ကြယ်လေးတို့ရဲ့ အနေအထားကိုလဲ မေ့နေတယ်။ မီးသော်ကြီး မော့နေမိတာကိုတောင် မေ့နေတယ်။ ကြယ်ကလေးက တလက်လက် တောက်ပနေလိုက်တာ ...။ သူရဲ့ တောက်ပမှုက ပူလောင်မှုကို မပေးဘူး။ မီးသော်ကြီးက ကြယ်တွေ များစွာထဲက ကြယ်လေး ၁ လုံးကို အမှတ်မထင် ကြည့်မိသွားတာပါ။ သူ့ရဲ့ တလက်လက် တောက်ပမှုလေးက မီးသော်ကြီးကို သိမ်းသွင်းထားတယ်လေ။ လပြည့်ညတွေမှာတောင် သူ့ရဲ့ တောက်ပမှုကြောင့် အခြားသော ကြယ်လေးတွေလို မှေးမှိန် မနေပါဘူး။ မီးသော်ကြီးက အဲတာတွေကို ဂုဏ်ယူနေရင်း ငါ့ကြယ်လေးက တောက်ပလိုက်တာ ဆိုပြီး ပီတိတွေ ဖျာနေခဲ့တာပေါ့။ မီးသော်ကြီး ဘာကိုမှ သတိမထားမိခဲ့လောက်အောင် ကြယ်လေးရဲ့ လင်းလက်မှု အောက်မှာ မျောပါနေမိခဲ့တာ။ ညတွေတိုင်းဟာ မီးသော်ကြီးအတွက် အဓိပ္ပါယ်တွေ ပြည့်နေခဲ့တယ်။ ညတစ်ညရဲ့ အမှောင်ဆိုတာကို မီးသော်ကြီး သတိမရလောက်အောင် ကြယ်ကလေးရဲ့ ဖျားယောင်းမှုကို ခံခဲ့တယ်။ ကျရောက်လာမယ့် ညတွေတိုင်းမှာ ကြယ်ကလေးရဲ့ လင်းလက်မှုကို မြင်ခွင့်ရဖို့အရေး မျှော်နေမိခဲ့တယ်။ ကြယ်ကလေးရယ် နင့်ကို ငါအပိုင်ရချင်တယ်။ အဲတာ ဆန္ဒတစ်ခုပါ။ ဆုတောင်းတစ်ခု မဟုတ်ခဲ့ပါဘူး။ လူ ၁ ယောက်မှာ ဆန္ဒဆိုတာ အကြိမ်ကြိမ် ဖြစ်ပေါ်လေ့ ရှိတတ်တယ်။ မီးသော်ကြီးလဲ အဲလိုပါပဲ။ ညပေါင်းများစွာကို ကြယ်ကလေးနဲ့ ကုန်ဆုံးစေခဲ့တယ်။

မီးသော်ကြီး မေ့နေပေမယ့် မီးသော်ကြီးကို မမေ့နေတာက လက်ရှိလောကပေါ့။ မီးသော်ကြီး သိသင့်တာတစ်ခုကို မီးသော်ကြီး မေ့နေခဲ့တာ။ ကောင်းကင်ပေါ်က ကြယ်လေးတွေကို မီးသော်ကြီး မြင်ရသလို အခြားသောသူတွေလဲ မြင်နေလိမ့်မယ် ဆိုတာကိုပေါ့။ မီးသော်ကြီး နှစ်သက်သလို အခြား မြင်ရသူတွေလဲ နှစ်သက်နေလိမ့်မယ် ဆိုတာ။ ကြယ်ကလေးရယ် နင်ပြုံးပြလိုက်တာ ငါ ၁ ယောက်ထဲကိုမှ မဟုတ်ပဲနော်။ ငါများ အမြင်မှားမိတာလား။ နင် ပြုံးပြလိုက်တဲ့သူက ငါမဟုတ်တဲ့ အခြားသူကိုများလား။ ကြယ်လေးရေ ငါ့ရဲ့ ကြယ်ကလေးဆိုတဲ့ ပိုင်ဆိုင်မှုကို ငါ တပ်မက်မနေတော့ပါဘူး။ ကောင်းကင်ပေါ်မှာနေတဲ့ ကြယ်ကလေးရဲ့ တလက်လက် တောက်ပနေမှုကိုပဲ ငါ ကြည့်နေတော့မယ်။ ကောင်းကင်ပေါ်က ဟိုနေရာက ကြယ်လေး ၁ လုံးဟာ မီးသော်ကြီးရဲ့ ကြယ်လေးဆိုတာမျိုး မီးသော်ကြီး မပြောတော့ဘူး။ အပိုင်ရချင်တယ် ဆိုတဲ့ ဆန္ဒလဲ ဖျောက်လိုက်ပါပြီ။ လက်ရှိလောကကို မီးသော်ကြီး မြင်လိုက်လို့ပါ။ မိုးပေါ်မှာပဲ နေပါကြယ်လေးရယ်။ ငါ နောက်တစ်ကြိမ် အမှတ်မထင် မော့ကြည့်မိခဲ့ရင် ကြယ်လေးရဲ့ တောက်ပနေတဲ့ အလင်းလေးကို မြင်ရရင် ရပါတယ်။ မီးသော်ကြီးလဲ ညညတွေမှာ ကောင်းကင်ကို မော့မကြည့်မိအောင် အမြဲ ခေါင်းငုံ့ထားမှာပါ။ တစ်ခါတစ်ရံမှာ မီးသော်ကြီး ရှာမိတယ်။ ကြယ်လေး ၁ လုံးကိုပေါ့။ မီးသော်ကြီး မတွေ့ပါဘူး။ မတွေ့တာ ကြယ်လေးက ပျောက်သွားတာ မဟုတ်ပါဘူး။ မီးသော်ကြီး ရှာမိတာ နေ့လည်ချိန်တွေမှာပဲ ဖြစ်နေလို့ပါပဲ။ မီးသော်ကြီးမှာ ကြယ်လေးတစ်လုံး ပိုင်ဆိုင်ခဲ့ဘုးတယ်။ အပိုင်မရလိုက်ဘူး။ မီးသော်ကြီး ကျေနပ်ပါတယ်။ အပိုင် ရနိုင်ဖို့လဲ မဖြစ်နိုင်ဘူးလေ။ မီးသော်ကြီးကလဲ ကောင်းကင်ပေါ် ရောက်မသွားနိုင်ဘူး။ ကောင်းကင်ပေါ်က ကြယ်လေးကိုလဲ ကြွေမလာစေချင်ဘူး။ အဲဒီတော့ ကြယ်လေးရယ် ငါတို့ ၂ ဦးသား ဒီလိုပဲ ဆက်လက် ရှင်သန်သွားကြတာပေါ့နော်။ ငါ ကျေနပ်နေပါတယ် ကြယ်ကလေးရေ။ နင် ပျော်ရွှင်နေပါစေနော်။ - ။

( စာကြွင်း - ကြယ်လေးနဲ့ မီးသော်ကြီး အကြည့်ချင်း ဆုံလိုက်မိတာ မှတ်မှတ်ရရ April Fool Day ဖြစ်လို့နေပါတယ်။ )

Wednesday, November 22, 2006

ကျေးဇူးတင်ပါတယ်

မီးသော်ကြီး ဒီမနက် အိပ်ရာနိုးလာချိန် ညက်လုံး ဖွင့်လိုက်လိုက်ချင်း နာရီကို ကြည့်မိတော့ အိုးမိုင်ဂေါတမ ... နံနက် ၁၁ နာရီခွဲတောင် ရှိနေပါပေါ့လား။ မီးသော်ကြီးလဲ အဲတော့မှ ညက်လုံးကို ပြူးသွားတာပဲ။ အိပ်ရာကနေ လူးလဲထ ... နတ်သဘင် စည်းဝေးဆိုတာတွေ ဘာညာတွေ မစဉ်းစားချင်တော့ဘူး။ အိပ်ရေးဝမှ နိုးလာတာ ကောင်းပါတယ်။ အသားအရည် လှတယ်ဆိုလား။ မီးသော်ကြီးကတော့ အကြိုက်ပေါ့။ အိပ်ပုတ်လဲကြီးရတယ်။ အသားအရည်တောင် လှဦးမယ်ဆိုတော့၊ ဂွတ်ထပေါ့။ ညက်နှာလေး မြန်မြန်ဆန်ဆန် သစ်ပြီး နံနက်စာနဲ့ နေ့လည်စာကို တပေါင်းတည်း တီးပလိုက်ပြီးနောက် ဟိုနားသွား ဒီနားရှုပ်နဲ့ ယောင်ပေပေ လုပ်နေသေးတာ။ စားဖိုဆောင်သွားတော့လဲ မီးသော်ကြီးကို ကြိုဆိုကြပုံက သွားသွားတဲ့၊ မကူညီချင်နေပါ၊ လာမရှုပ်စမ်းပါနဲ့တဲ့။ အဲတော့ မီးသော်ကြီးရဲ့ ဘူမိနက်သန် ရှုပ်ပွပွ ခန်းလေးထဲ ပြန်ဝင်လာပြီး ထုံးစံအတိုင်း ကွန်ကိုဖွင့်ပြီး အင်တာနက်ထဲ စီးဝင်လွင့်မျောပြီး သကာလ ရာဟူးမက်ဆေ့ဂျာ ကြည့်တော့လဲ အွန်ထားတာ ၁ ယောက်မှမတွေ့၊ မီးသော်ကြီးကို သူငယ်ချင်းများက အဲလောက် ချစ်ကြတာ။ ဘလော့ ထားကြတယ်လို့ကို မထင်ဘူး။ နောက်တော့ စဉ်းစားမိတာ ဘလော့ တိုင်းခန်းလှည့်လည်ဦးမှပဲ ဆိုပြီး ဟိုဝင် ဒီထွက်နဲ့ သွားနေလိုက်တာ တမေ့တမော ...။ အော် ... အများသူငါ ဘလော့တွေများ ရေးသားထားကြတာတွေ၊ တင်ပြထားကြတာတွေ ( စာကို စာလိုပဲဖတ်ပါ ) တော်လိုက်ကြတာ၊ တတ်လိုက်ကြတာများ။ မီးသော်ကြီးဆို ပါးစပ်လေးကို ဟလို့ ... ငေးနေလိုက်ပုံ။ အချိန်ကုန် ထိုက်ပါပေတယ်။ ဟိုတစ်ယောက် ဘလော့ကြည့်လိုက်၊ ဒီ ၁ ယောက် ဘလော့ငေးလိုက်နဲ့ မီးသော်ကြီး ၁ ယောက် ဖတ်နေရင်း လူတွေကို အထင်ကြီးစိတ်တွေ တဖွားဖွား ပေါ်လာတယ်။ ကြွားထားလိုက်ကြတာ၊ ပညာတွေ မျှဝေပေးနေလိုက်ကြတာ၊ အတွေးအမြင်ချင်းတွေ ဖလှယ်နေလိုက်ကြတာတွေများ စုံလို့လင်လို့ပါ့။ မီးသော်ကြီး တွေးမိပါတယ် ... ကြွားထားတယ် ဆိုတာကလဲ မကောင်းမြင်ကြည့်ရင် ကြွားလိုက်တာ တော်လို့ပြောရမယ်။ သေချာ ပြန်တွေးကြည့်တော့လဲ ... ကြွားတယ်ဆိုတာ လွယ်တဲ့အလုပ်တော့ မဟုတ်ဘူး။ ကြွားစရာကလဲ ရှိဦးမှ၊ ရှိထားတဲ့ အရာကိုလဲ ကြွားတတ်ဦးမှ၊ ဟုတ်တယ်မလား။ ဖတ်နေတဲ့ တယ်ဂျင်းပဲ တွေးကြည့်လေ။ ပြီးတော့ အသိပညာတွေ မျှဝေနေလိုက်ကြတာများ ... သြော် ဘလော့ဖတ်ရတာ အကျိုးကျေးဇူး တော်တော်များပါလား ဆိုတဲ့အတွေး ချက်ခြင်းကို ၀င်လာတယ်။ မီးသော်ကြီးဆို သူများတွေကို အထင်တွေကြီးပြီး လေးစားတဲ့တွေ ၀င်နေလိုက်တာများ ကိုယ့်ဘလော့ကိုတောင် ပြန်ဖွင့်ကြည့်ချင်ကို ကုန်ရော။ ဟုတ်တယ်လေ ကြည့်လိုက်ရင် စာတွေကလွဲလို့ ဘာမှမပါ။ သူများတွေကတော့ ထင်မယ်။ ဘလော့ကို ရိုးရိုးလေး ရေးချင်လို့များလားပေါ့။ အမှန်က ဘယ်ဟုတ်ပါ့မလဲလေ။

အင်း ရေးနေရင်း ဖတ်မိဘူးတဲ့ ဟာသလေးတစ်ပုဒ်ကို သတိရမိတယ်။ သိပြီးသားတွေလဲ ဖြစ်ကြမှာပါ။ ဆက်မဖတ်ပဲတောင် သိချင် သိနေကြလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ထပ်ကြားတော့ မှတ်သားရတယ်ပေါ့လေ။ အဲဟာသလေးက ဒီလို ( မှတ်မိသလောက်ပဲ ပြန်ရေးထားတာဆိုတော့ မူရင်းနဲ့ ကွဲကောင်းကွဲလိမ့်မယ်။ သီးခံပေးပါ ) ရွာ ၁ ရွာကို လူ ၁ ယောက်က အသိမိတ်ဆွေ အတင်းဖိတ်ကြားတာနဲ့ ထိုမိတ်ဆွေနဲ့အတူ လိုက်သွားရော။ ရွာအ၀င်မှာ ( ဘုန်းတော်ကြီး ကျောင်းလား စေတီဝင်းလား ) ဆိုတာ မီးသော်ကြီး သေချာ မမှတ်မိတော့ဘူး။ အဲတာ အုတ်တံတိုင်းနဲ့ စည်းရိုး ခတ်ထားတယ်ပေါ့။ မိတ်ဆွေကလဲ တံတိုင်းက အလှူရှင်တွေကို ဖတ်ရင်းနဲ့ လိုက်လာတာပေါ့။ တစ်နေရာအရောက် သူတွေ့တာက မည်သူလှူတယ်ဆိုတာ မပါတဲ့ အုတ်တံတိုင်းအကန့် တစ်ခုပေါ့ ။ သူက သူ့မိတ်ဆွေကို ပြောလိုက်တယ်။ ဒီအုတ်တံတိုင်း အကန့်က အလှူရှင် တော်တယ်ဗျာ ပေါ့လေ။ ဘာလို့လဲလို့ သူ့မိတ်ဆွေက ပြန်မေးတယ်တဲ့။ အဲတော့ လိုက်လည်သူက ကျွန်တော်ဖတ်လာတာ အုတ်တံတိုင်း အလှူရှင်တွေ အားလုံးနီးပါးက ဆွေစုမျိုးစု အကုန်နီးပါး ထည့်သွင်း ဖော်ပြထားလိုက်ကြတာ ပြည့်ညပ်နေတာပဲပေါ့ - ဒီနေရာမှာကျတော့ လှူတဲ့သူက စေတနာ သန့်လိုက်ပုံများ သူ့နာမည်တောင် ထည့်မရေးဘူးနော်လို့ ပြောလိုက်တယ်။ အဲတော့ ရွာခံမိတ်ဆွေက ပြန်ပြောလိုက်တယ်။ ဘယ်ကသာ ဟုတ်ရမှာလဲ မိတ်ဆွေရယ် ဖြစ်ပုံက ဒီလိုဗျ ဆိုပြီး ထိုသူပြောပြတာက - ဒီနေရာက တံတိုင်းလှူတဲ့ မိသားစုများက သူနာမည်ပါစေ၊ ငါ့နာမည်မမေ့စေ ဆိုပြီး ဘိုးဘွားကမှစလို့ မြေးမြစ်ပါမကျန် အားလုံးတန်းစီလိုက်တာ အုတ်တံတိုင်းအကန့်တောင် မဆန့်တော့ဘူးတဲ့။ အဲတော့ ဟိုလူကျန်လဲမဖြစ်၊ ဒီလူကျန်လဲမဖြစ်လေတော့ ကဲ ... မည်သူ့နာမည်မှ ထည့်သွင်း မဖော်ပြတာမကမှ ညီမျှနိုင်တော့မယ် ဆိုပြီး ဆုံးဖြတ်လိုက်လို့ အဲဒီနေရာမှာ ကွက်လပ်ဖြစ်နေတာပေါ့လို့ ရှင်းပြလိုက်တော့မှ ထိုဧည်သည့် မိတ်ဆွေလဲ သဘောပေါက်သွားတယ်။ ( မီးသော်ကြီး မေ့နေလို့ မူရင်းပုံပြင်နဲ့ လွဲမှားနေရင် ခွင့်လွှတ်ပေးပါလို့ )။

မီးသော်ကြီး ဆိုလိုချင်တာနဲ့ ဒီပုံပြင်ဆိုင်လား မဆိုင်လားဆိုတာတော့ မသိတော့ဘူး။ မီးသော်ကြီး ပြောချင်တာက မီးသော်ကြီးဘလော့မှာ စာကလွဲလို့ ဘာမှမပါတာ။ ဘလော့ကို ရိုးရိုးလေးရေးချင်လို့ မဟုတ်ပါပဲနဲ့ မီးသော်ကြီးဆီမှာ အများ သူငါတွေလို ကြွားစရာ၊ မျှဝေစရာ၊ ဖလှယ်စရာ အမှန်တကယ် မရှိလို့ပါပဲလို့ ပြောချင်တာပါ။ ဒါတောင်မှ ဒီဘလော့လေးက မီးသော်ကြီးရဲ့ ကိုယ်ပိုင်စွမ်းရည်နဲ့ ပေါ်ထွက်လာတာမဟုတ်ပါဘူး။ မီးသော်ကြီးရဲ့ အသုံးပြုတဲ့နက်ကြောင့် ဘလော့တွေကို ဖွင့်လို့မရဘူး။ အဲတာ သူငယ်ချင်း ၁ ယောက်က ကူညီလို့ ကျော်ခွပြီး ဖတ်ရတာပါ။ ဖတ်ရင်းနဲ့ မီးသော်ကြီး ပြောခဲ့သလို ပိုးဝင်သွားတော့ မီးသော်ကြီး သူငယ်ချင်းတွေကို ဂျီတိုက်ရတော့တာ။ အဲတာ မီးသော်ကြီးကို ခင်လွန်းတဲ့ နားငြီးမခံနိုင်တဲ့ သူငယ်ချင်း ၁ ယောက်က ကူညီပေးလို့သာ မီးသော်ကြီးရဲ့ ဘလော့ဆိုဒ်လေး ပေါ်ထွက်လာတာပါ။ အကိုဆရာကို ဒီနေရာကနေ အမြဲတမ်း အထူး ကျေးဇူးတင်ရှိနေမယ်ဆိုတာ ပြောပါရစေ။ ( အဟီး - မစတော့ပါဘူးဆိုမှ ဒီ အကိုဆရာဆိုတာက ပါလာသေးတယ် - လူဇိုး )။ သူသာ မီးသော်ကြီးကို မကူညီရင် မီးသော်ကြီး ဘယ်လောက်ပိုးဝင်ဝင် မီးသော်ကြီး ဘာမှလုပ်နိုင်မှာ မဟုတ်ပါဘူး။ မီးသော်ကြီးရဲ့ စာတွေကို ဘလော့ပေါ် ရောက်ဖို့က မီးသော်ကြီးအတွက် အလွန်ခက်ခဲတဲ့ အလုပ်ပါ။ မီးသော်ကြီးကို အဲလို ခင်ကြ၊ ကူညီကြတဲ့ သူငယ်ချင်း မောင်နှမတစ်တွေ အားလုံးကို မီးသော်ကြီးက ကျေးဇူး အထူး တင်လျှက်ရှိနေမှာပါ။ ပြီးတော့ မီးသော်ကြီး ကရကြိုးနပ်အောင် အချိန်ရလို့ သတိရရင် မီးသော်ကြီး ဘလော့လေးကို လာလည်ပါလို့ပြောပါရစေ ...။ အားလုံးသော သူငယ်ချင်းများရဲ့ သူငယ်ချင်း မီးမီးသော်ကြီး။-။

ဖတ်မိတဲ့ ဆုံးမစာ

အားးးးးးးး စိတ်ညစ်လိုက်တာနော်။ စိတ်ထဲ ဘယ်လိုဖြစ်နေလဲကို မသိတာ။ စာတွေလဲ ရေးလိုက်၊ ဖျက်လိုက်နဲ့ ဘယ်လိုတွေဖြစ်နေလဲကို မသိတော့ဘူး။ ဘာဖြစ်နေတာပါလိမ့်နော် …။ ကိုယ့်ဘာသာ တွေးမိတယ်၊ ရောဂါဟောင်းများ ပြန်ထသလားလို့။ ပြက်ခဒိန်ကို ကြည့်တော့လဲ လပြည့်၊ လကွယ်မဟုတ်။ အဲဆို မျောက်စိတ်များ ၀င်နေသလား။

မီးသော်ကြီး - နင်တော်တော်ဆိုး စာပဲရေးရ ပြီးရော လုပ်တာနဲ့ နင့်မိဘတွေ ဘယ်တွေ ရောက်ကုန်ပြီလဲ ...။ အဲတော့ ဟုတ်ပါရဲ့။ တောင်းပန်ပါသည် မိနှင့်ဖ။ လွန်တာရှိရင် ၀န်နာမိပါ ...။ အဲတာပဲ စကားထဲက ဇာတိပြဆိုတာ ...။ မီးသော်ကြီး ဖတ်မိတဲ့ ဆုံးမစာ စာအုပ်ထဲက စာပိုဒ် ၁ ခုကို သတိရမိတယ်။ မီးသော်ကြီးကိုများ ပြောလေသလားလို့တောင် ထင်စရာ။ မီးသော်ကြီး အဲဆုံးမစာလေးကို မျှဝေမယ်နော်။ ဖတ်ကြည့်ပါ။

အချင်းမှတ်လို၊ ရေကိုတိမ်နက်၊
ကြာရိုးရွက်ဖြင့်၊ ချင့်တွက်သိရာ၊
လူတို့မှာကား၊ ဇာတိမြတ်ယုတ်၊
ဟုတ်မဟုတ်မှာ၊ ကိုယ်နှုတ်အမူ၊
သိလော့ဟူ၏။ လူတို့တံထွာ၊
ပညာရှိသည်၊ မရှိသည်ကို၊
ဆိုမြည်စကား၊ သိတတ်ငြားလော့။
မြေအားသောင်းပြောင်း၊ ကောင်းမကောင်းမှာ
မြတ်သောစကား။ နည်းပါးပညာ၊
သူတို့မှာကား၊ ငယ်စွာသုတ၊
တစ်ခုရသော်၊ များလှထင်ယောင်၊
မာန်စောင်တက်ကြွ၊ လွန်ပြောပ၏။
လှိုင်းမသမုဒ္ဒရာ၊ မမြင်ပါ၍၊
တွင်းမှာရေကို၊ များ၏ဆိုငြား၊
ငမိုက်ဖားသို့၊ မှတ်သားလူတွင်ပုံခင်းနည်း။ … တဲ့ …။

ရေးတော့ ရေးလိုက်တယ် ...။ မည့်သူ့ကိုမျှ ရည်ရွယ်တာတော့ မဟုတ်ဘူး။ မီးသော်ကြီး ရေးမိတာနဲ့၊ မီးသော်ကြီး ဖတ်လိုက်တာနဲ့ တိုက်ဆိုင်သွားလို့ မျှဝေလိုက်တာပါ။

Tuesday, November 21, 2006

ဥဒေါင်းလေးများ ကသလို

ချစ်တဲ့ သူငယ်လေ ... သူငယ်ချင်းပေါင်း ယောင်းမတို့ရေ ( အကိုတွေ၊ မောင်တွေ ရှိသမျှ အားလုံးကို ရည်ညွှန်းသည်။ ) မီးသော်ကြီး ၁ ယောက် ဘာရေးလို့ ရေးရမယ်လဲ မသိဘူး။ ကွန်ပြူတာလေး ပိတ်လို့ အိပ်တော့မလားဟေ့ ဆိုရင် အတွေးတွေက တန်းစီလို့ သူထွက်ပါရစေ၊ ငါထွက်ပါရစေနဲ့ လုနေကြရော။ မီးသော်ကြီးလဲ အိပ်ရေးက မက်တယ်ဆိုတော့ အင်း နေပါစေဦးပေါ့လေ၊ နံနက် မိုးလင်းမှ ရေးမယ်ပေါ့။ အဲလို တွေးပြီး အိပ်လိုက်ပါလေရော။ ကဲ မိုးလဲလင်းလို့ ညက ရေးမယ်ဆိုတဲ့ စာလေးတွေလဲစဉ်းစားရော စိတ်ကောက်တော်မူကြသတဲ့လေ။ တစ်ခုမှ ထွက်မလာတော့ဘူး။ ဘယ်လိုပဲ ချော့ချော့ ထွက်ကို မလာကြတော့တာ။ အဲတော့ မီးသော်ကြီးလဲ ဘယ်ရမလဲ၊ ပစ်ထားပလိုက်တယ်။ မထွက်လဲ နေဟယ်ဆိုပြီး နောက်ဆုံးတော့ ဘာဖြစ်တယ်မှတ်လဲ၊ နေ့စဉ်ပုံမှန် ဘလော့လေးမှာ ပို့စ်အသစ် မတင်ရတော့ဘူးပေါ့။ ခု မီးသော်ကြီး ဘာရေးရမလဲ စဉ်းစားနေတုန်း သူ ဆိုတဲ့စကားကို သတိရမိတယ်။ မီးသော်ကြီးနဲ့ သူမ၏သူများလို့ ရေးမယ်ပေါ့။ အဟိ အွန်သွန်ဖာမှောက် လျှောက်တွေးရင်းနဲ့ ရေးတော့မယ်ပေါ့။ ( ဒန်တန့်တန် ) နောက်မှ သေချာပြန်တွေးကြည့်တော့ လား ... လား ... ကိုယ်ပေါင် ကိုယ်လှန် ထောင်းသလို - ဖြစ်သေးပါဘူး၊ တစ်နည်းနည်းတော့ တွေးဦးမှ။ စဉ်းစားစမ်း။ - ။

အဲ ... ဟုတ်ပြီ။ သူမ၏သူများတော့ မလုပ်ဘူး။ ကြုံတွေ့ဘူးသမျှ ဆိုရင်ကော … ဒါလဲ မထူးပါဘူး။ ဘာဘူကြီးနဲ့ အလာကြီး မုတ်ဆိတ်မွှေး ပါတာချည်းပဲ။ အဲ ဘယ့်နယ့် ကုလားဇာတ်က ပါလာပြန်တာလဲ။ ဒီလိုလေးဆိုရင်ကော … မြင်-မြင်ဘူးသမျှ ပုရိသ ဆိုရင် … အင်း မဆိုးဘူးတော့။ ဒါဆို ဒီလိုလေးပဲ သတ်မှတ်လိုက်ကြစို့။ မီးသော်ကြီး မြင်တွေ့ဘူးတာကတော့ ( အဟမ်း … ပေါချာလည် ဇာတ်လမ်း နိဒါန်းပေါ့ ) အဟိ။ ချစ်ကြတယ်လို့တော့ မပြောတော့ဘူးနော်။ အဲတာကို ဘုံထုတ်လိုက်မယ်။ ဖြစ်တယ်မလား။ မီးသော်ကြီး မှတ်မိသလောက်ပေါ့ ( ကျီး အတောင်ပေါက်စ အရွယ်ဆိုလား ) ရူးနန့်နန့် အရွယ်တုန်းကထင်တယ်။ အဲတုန်းကဲ ၁ ယောက်။ ခုတော့လဲ မှုန်ဝါးဝါးနဲ့ ပျောက်စပြုနေပါပြီ။ သူလဲ ခုချိန် မီးသော်ကြီးဆိုတာ ဂျိုနဲ့လားလို့တောင် ပြန်စဉ်းစားနေလောက်ပြီ။ အဲ … ဖြစ်ပြန်ပြီ။ ကိုယ့်ကိုယ်ကို ဘယ်ဇာတ် သွင်းနေမိပါလိမ့်နော်။ ထားပါ … သူနဲ့က ဘာဆိုတာ ခွဲခွဲခြားခြား မသိသေးဘူးဆိုတော့ သူ့ကိုစားရင်းကနေ ခဏ ဖယ်လိုက်မယ်နော်။ ငယ်ငယ်တုန်းက တို့များ ကစားကျတော့ ခလေးငယ်တွေပါ။ ပါဝင် ဆော့ကစားချင်ကြရင် ပြောလေ့ရှိတဲ့ စကားလိုပေါ့။ ထမင်းမစား၊ ကွမ်းမစားဆိုလား။ အဲလိုပဲ ထားလိုက်ကြစို့ရယ်။ နောက်ကျတော့ မီးသော်ကြီး ပထမစာမှာ ပြောခဲ့သလို ဟိုနယ်လေးမှာပေါ့။ အဲတုန်းက မီးသော်ကြီး နားလည်သလိုလိုတော့ ရှိသား။ ဒါပေမယ့်လေ အားနာတတ်တယ်ဆိုမလား။ မီးသော်ကြီး ဘယ်သူ့ကိုမှ မငြင်းခဲ့လေတော့ ဇာတ်လမ်းတွေ ဖြစ်ခဲ့ကုန်တာပေါ့။ အဲတုန်းက မောင်မောင်ပုရိသတို့ လူ့သတင်း လူချင်းဆောင်လို့ ကြားသိရတာတော့ လူ့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နေကြပြီဆိုလား။ ထားပါလေ … နောက်ကျတော့ မီးသော်ကြီး တောင်ပေါ်ဒေသလေးကို ရောက်ရှိခဲ့တယ်။ အဲကျတော့လဲ ဇာတ်လမ်းလေးတွေ ရှိခဲ့ပြန်ရော။ အဲအမောင်များလဲ ပြန်လည်ဆုံမိပါရဲ့။ ဘေးနားမှာ သူ့တို့ရဲ့ စွမ်းဆောင်ချက် ဘွဲ့ဒီကရီ တွဲလောင်းလေးများကိုယ်ဆီနဲ့ အော် … မီးသော်ကြီးရယ် နင်သာလျှင် ညံ့ပေတာကိုးလို့တောင် ယောင်ယန်းပြီးများ ညည်းတွားလိုက်မိလေသလားတောင် မသိတော့ဘူး။ အဲလိုနဲ့ မီးသော်ကြီး ၁ ယောက် တက်ကသိုလ် ကျောင်းတော်ကြီးကို အများသူငါတွေလို မထူးဆန်းစွာနဲ့ ရောက်ရှိသွားလေသည်။ အင်း မထူးဆန်းတာက တက်ကသိုလ်ရောက်တာ၊ ထူးဆန်းတာက မည်သူမှ မကြုံဘူးတဲ့အဖြစ်ကို မီးသော်ကြီး ကြုံဘူးတာ။ ပြောပြရမယ်ဆိုရင် မောင်မောင်ပုရိသ တစ်ယောက်ကလေ မီးသော်ကြီးကို အပေါ်မှာ ဘုံထုတ်ထားလိုက်တဲ့ကိစ်စကို နိဒါန်းချီတယ်ပေါ့လေ။ ဟုတ်ပြီပေါ့။ မီးသော်ကြီးတို့လဲ တက်ကသိုလ်ဆိုတာကို ပီပြင်အောင်တက်မယ်ပေါ့။ တစ်ရက်တော့ သူကပြောလာတယ်။ ရေသည်ကို ( - ) တယ်တဲ့။ နက်ဖန်ကျရင် ( - ) ပြုပါပေါ့လေ။ မီးသော်ကြီးလဲ အင်းပေါ့ … ဘယ်သွားမယ်၊ ဘယ်ချိန်လာခေါ်မယ်ပေါ့လေ။ အဲနောက် နက်ဖန်ကျ မီးသော်ကြီး စောင့်နေပါလေရော။ အများသူငါတွေသာဆိုရင် ဒန်တန့်တန်ပေါ့။ မီးသော်ကြီးတို့ကျတော့ ကံထူးမို့လားမသိ၊ ဖြစ်သွားပုံက ဒီလို … အဲနေ့ သူရောက်မလာဘူး။ သူတို့အိမ် အလှူလုပ်လို့တဲ့။ နောက်ရက်ကျ ရောက်လာရော။ သယ်ဂျင်းတွေ ဘယ်လိုထင်လဲဟင်။ တွေးမိတာလေးနဲ့များ တူမလားဆိုတာ ဆက်မဖတ်သေးပဲ တွေးကြည့်လိုက်ပါလား။ ဖတ်နေရင်း အပျင်းပြေတာပေါ့။ ဘယ်လိုပုံစံ ရောက်လာသလဲဆိုတော့ ... ဘုန်းကြီးဝတ်ကြီးနဲ့တော့။ သော်တောင်မှ ကြောင်သွားတာပဲ။ ဘယ်နယ့် ဘယ်လို ဖြစ်တာလဲပေါ့။ သူတို့ သူငယ်ချင်းတွေ ၃ ယောက်ဆိုလား အိမ်က အတင်းဝတ်ခိုင်းလို့ပါတဲ့လေ။ မီးသော်ကြီးတို့ဖြစ်ပုံ အဲလို။ နောက်တော့ သူနဲ့လဲ မီးသော်ကြီးတို့ ထုံးစံအတိုင်း ဝေးကွာသွားကြတယ်ပေါ့။ နောက်တော့ ပုရိသတွေလဲများသား။ ဥသျှစ် ၁ တင်း၊ နှမ်း ၁ တင်းလို့သာ ပြောနေကြတယ်။ မီးသော်ကြီးကျ ဆုံတွေ့တာတွေ ဘာလို့ အဲလောက်များနေလဲမသိ။ အမောင် ၁ ယောက် ပေါ်လာပြန်ရော။ သူနဲ့ကတော့ သံယောဇဉ်ပေါင်း များစွာ ဖြစ်သွားသလို ၅၂၈ လဲမက၊ ၁၅၀၀ လဲမပြည့် … ဒီလိုနဲ့ အီလည်လည် ရက်ပေါင်းများစွာ ဖြစ်ခဲ့တယ်။ သူနဲ့က ဇာတ်သိမ်းမရှိဘူး။ ခုတော့လဲ မီးသော်ကြီးတို့ ၂၀ ကျော်အရွယ် ( ဘယ်တုန်းက ကျော်ခဲ့တာလဲတော့ လာမမေးနဲ့နော်၊ ရန်သူဖြစ်သွားမယ် ) ဒီလိုပဲ တ၀ဲလည်လည် ဖြစ်နေလေသတည်းပေါ့။

ကြားထဲမှာ ဒိုင်လျှိုလေးတွေကတော့ ထည့်မရေးတော့ပါဘူးလေ။ ခုရေးတဲ့အထဲမှာ ကျန်နေသေးတဲ့သူများကို အပေါ်မှာ ဘုံထုတ်ထားတဲ့အရာ မဖြစ်ခဲ့ပါဘူးလို့ ရွှေစိတ်တော်တွေ မညိုကြပါနဲ့နော်။ မေ့ထားတာမဟုတ်သလို ချန်ထားခဲ့တာလဲ မဟုတ်ပါဘူး။ ကဲ မီးသော်ကြီးတို့ကတော့ ဥပမာပေးရရင် - ဥဒေါင်းတွေ ကသလိုပဲပေါ့။ လှတယ်လှတယ်နဲ့ သူများချီးမွမ်းတာကိုခံပြီး ကနေလိုက်တာ အနောက်က ဟိုဟာဖြစ်နေတာ မသိသလိုပေါ့။ ခုလဲ မီးသော်ကြီး ရေးနေလိုက်တာ နောက်က ဟိုဟာကို သတိမရဘူး။ သူများတွေမြှောက်ပေးလို့ ကနေဆဲပဲ။ မသိလက်စနဲ့ မသိပါစေနဲ့တော့။ သူ့အရှိန်လေးနဲ့သူ လိမ့်နေပါစေ။ အဲလိုနည်းနဲ့ ရေးလိုက်တာ ဘာတွေ ဘယ်လိုရောက်ကုန်လဲတော့မသိ။ မီးသော်ကြီးတို့က အဲလို ရေးချင်တာ ရေးရပြီလားဆို ဘယ်တွေရောက်လို့ ဘာတွေဖြစ်ကုန်တယ် မသိဘူး။ ရေးချပလိုက်တာပဲ။ သူများတွေလို စာလုံး လှလှလေးတွေ၊ နိဒါန်း၊ စာကိုယ်၊ နိဂုံးတွေမပါဘူး။ ရေးချင်တာပဲသိတယ်။ ပညာမပါ၊ ဥာဏ်ကိုလဲ အတုံးလိုက်သုံး ဟုတ်နေတာပဲ။ ဘာပဲဖြစ်ဖြစ်ပေါ့ မရေးတာနဲ့ယှဉ်ရင် ရေးတယ်ဆိုတာ ကောင်းပါတယ်။ ဟုတ်တယ်မလား။ ကဲ နောက်မှာဘာပဲဖြစ်ဖြစ် မီးသော်ကြီးတို့ နောက်လှည့်မကြည့်ပဲ နေလိုက်တော့မယ်။ လှတယ်ဆို ကရုံပဲ ... ။ - ။

Sunday, November 19, 2006

မီးသော်ကြီးနှင့် သူငယ်ချင်း

မီးသော်ကြီးမှာ ငယ်စဉ်တောင်ကျေး ကလေးဘ၀ကစလို့ ယခုချိန်ထိတိုင် သူငယ်ချင်းတွေ များစွာရှိခဲ့တယ်။ ငယ်စဉ်ကတော့ ငယ်ငယ်တုန်းက သူငယ်ချင်းပေါ့။ သီချင်းလေးတောင် ရှိသေးတယ် ( ငယ်ငယ်တုန်းက သူငယ်ချင်း သိပ်သိပ်ချစ်ဖို့ကောင်းတယ် အိမ်အပြန် ကျောင်းအဆင်းမှာ သီချင်းလေးဆို ) အဲသီချင်လေးလိုပေါ့။ ခလေး ဘ၀တုန်းက တွေ့တော့လဲ ခလေး သူငယ်ချင်းလေးတွေပေါ့။ ငယ်ရာကနေ ကြီးသည့် တိုင်အောင် ဆက်လက် ခင်သွားကြတယ် ဆိုရင်တော့ ငယ်သူငယ်ချင်း ဆိုတာ ဖြစ်လာတာပေါ့။ မီးသော်ကြီးတို့မှာ အဲလိုကုသိုလ်ထူး ပါမလာပါဘူး။ မီးသော်ကြီးမှာ ငယ်သူငယ်ချင်း၊ ငယ်ပေါင်းကြီးဖေါ်ဆိုတာ မရှိခဲ့ပါဘူး။ မီးသော်ကြီး မူလတန်းက သူငယ်ချင်းတွေက မူလတန်းမှာပဲ ကွဲကွာခဲ့ကြတာပါ။ သတိတော့ ခဏခဏ ရမိနေတာ ပါပဲလေ။ ငယ်ဘ၀ကိုတွေးမိရင် သူငယ်ချင်းတွေ၊ ဆရာဆရာမတွေနဲ့ မိဘတွေရဲ့ ချစ်ခင်ယုယမှုတွေကိုပဲ သတိရမိတာပါ။ အပူအပင်ကင်းတဲ့ ကလေးဘ၀လေးနော် … ငယ်ဘ၀လေးကို ပြန်လိုချင်လို့ မရတော့သလို မီးသော်ကြီးရဲ့ ငယ်သူငယ်ချင်းတွေကိုလည်း ပြန်လည် မတွေ့ရနိုင်တော့ပါဘူး။ မှတ်မှတ်ရရ မီးသော်ကြီး မူလတန်းတက်ခဲ့တာ ရန်ကုန်နဲ့ ၃၇ မိုင်ဝေးကွာတဲ့ ၃၇ မိုင်အခြေစိုက်စခန်း အတွင်းမှာပါ။ သည်နောက်မှာတော့ မီးသော်ကြီးတို့ ကလေးမက လူကြီးလဲမကျအရွယ် အဲအရွယ်လဲ သီချင်းလေးရှိပါတယ် ( ဒီအရွယ် တင့်တင့်တို့အရွယ်၊ ကျွန်မ ကျွန်မတို့အရွယ်၊ ၁၀ ကျော် ၅ နှစ်ပတ်လည် စူးစမ်းတဲ့အရွယ်၊ ရူးနန့်နန့်အရွယ်ပါတဲ့ အပျိုဖြန်းဆိုလား အပျိုမဒန်းဆိုလား ဆန်းဆန်းပြားပြား ဆိုကြပြန်တယ် ) ဆိုတာမျိုးလိုပေါ့။ အဲအရွယ် ကျပြန်တော့လဲ မီးသော်ကြီးတို့ အရွယ်တူလေးတွေ သူငယ်ချင်းလေးတွေ များကြီးရှိခဲ့ပြန်သေးတာပေါ့။ အဲချိန်မှာ ရှိတဲ့သူငယ်ချင်းတွေက နောက်ထပ်အသစ်တွေပေါ့။ မူလတန်းက ခင်လာတာဆိုလို့ ၁ ယောက်ပဲ ပါလာတော့တယ်။ အဲချိန်တုန်းကလဲ သက်တူရွယ်တူ သူငယ်ချင်းတွေ တစုစုတရုံးတရုံးနဲ့ ဘာမဆိုသိသလိုလို၊ တတ်ပြီးသားတွေလိုလိုနဲ့ ဆရာတွေလုပ်နေခဲ့ကြတာတွေပေါ့။ မီးသော်ကြီး ခုရေးနေရင်းတောင် သတိရမိပါတယ်။ အရမ်းကို ပျော်ခဲ့ကြပါသေးတယ်။ အဲအရွယ်မှာလဲ ဘ၀ဆိုတာ အပူအပင်မရှိ ပျော်စရာတွေအတိ၊ ဘ၀ဆိုတာ ဒီလိုပဲလား ဆိုပြီးတော့တောင် လောကကြီးကို စိန်ခေါ်ခဲ့မိသေးတယ် ထင်ပါရဲ့။ အဲချိန်ကာလလေးကို မီးသော်ကြီး ဖြတ်သန်းခဲ့တာ ပျဉ်းမနားမြို့မှာပါ။ နောက်တော့ မီးသော်ကြီး နာမည်ကြီး နှစ် ၁၀၀ ကျော်တဲ့ တံတားကြီးရှိတဲ့ မြို့လေးမှာ ၈ လတာလောက် နေထိုင်ခဲ့ပါသေးတယ်။ အဲတုန်းကတော့ မီးသော်ကြီး စိတ်ကြိုက်စိတ်ကုန် ကဲခဲ့သေးတာ။ အဲချိန်တုန်းက ကဲခဲ့တာတွေကို နောင်မှ စာပြန်စီမယ်။ ခုရောရေးလိုက်ရင် စာက ဆုံးပါတော့မလားပဲ။ ခဏလေး သီးခံလိုက်နော်။ အဲကဏ္ဍလေးကို နောက်များမှ မီးသော်ကြီး ကြွားပါ့မယ်။

နောက်တော့ ခုဒီကို ရောက်လာတော့တာပေါ့။ တောင်ပေါ်သူတွေ ရိုးသားတယ်၊ ဖေါ်ရွေတယ်။ အဲလိုကြောင့် မီးသော်ကြီးတို့ သူငယ်ချင်းတွေ များစွာ ထပ်ရရှိခဲ့သေးတာပေါ့။ တစ်နေရာစီမှာ ခင်ခဲ့တာတွေ စုပေါင်းလိုက်ရင် မီးသော်ကြီးမှာ သူငယ်ချင်းပေါင်း မြောက်များစွာရှိခဲ့တာ။ ငယ်သူငယ်ချင်းဆိုတဲ့ အတွင်းသိ အဆင်းသိ ငယ်ပေါင်း ကြီးဖေါ် ဆိုတာတော့ မရှိဘူးပေါ့လေ။ ဒါပေမယ့် သူငယ်ချင်းဆိုတာတော့ များကြီးပဲ။ ဘာပဲဖြစ်ဖြစ် တွေးမိရင် ကြည်နူးမိရပါတယ်။ ခုချိန်မှာတော့ မီးသော်ကြီးရဲ့ အထက်တန်းတုန်းက သူငယ်ချင်းတွေ တစ်မြို့ထဲနေကြပါလျှက် မဆုံနိုင်ကြတော့ဘူး။ အိမ်ထောင်ကျသူကျ၊ စီးပွားရေးလောကထဲကို ရောက်သူကရောက်နဲ့ အလုပ်ကိုယ်ဆီ ရှိနေကြလေတော့ မဆုံနိုင်တော့ပါဘူး။ အဲတာကိုကြည့်ပြီး မီးသော်ကြီး တွေးမိတယ်။ ငယ်သူငယ်ချင်းတွေ ပြန်မတွေ့နိုင်တာမပြောနဲ့ တစ်မြို့တည်းနေ သူငယ်ချင်းတွေတောင်မှ မတွေ့ဖြစ်တာ။ နောက်တော့ မီးသော်ကြီး အွန်လိုင်းပေါ် ယောင်ဝါးဝါးနဲ့ရောက်လာတာ။ မီးသော်ကြီးက ပုလဲနက်ချက်ရွန်းကို စ၀င်ဖူးတာပါ။ အဲနောက်တော့ မီးသော်ကြီး ရွှေနက်ချက်ရွန်းမှာ အချိန်တော်များကြီးချက်ခဲ့သေးတာပေါ့။ ရာဟူးမက်ဆေ့ဂျာကို ရွှေနက်ချက်မှာ ချက်ဘူးခဲ့တဲ့ သူငယ်ချင်း အကိုကြီး ၁ ယောက် အဲကိုပြောင်းချက်မယ်ဆိုပြီး ပြောလာတဲ့နောက် ရာဟူးမှာ သောင်တင်သွားပါလေရော။ နောက်ထပ် မကြာခဏ သွားတဲ့နေရာလေးကတော့ မြန်မာချက်ပဲပေါ့။ ပြန်တွေးရင်လဲ လွမ်းစရာလေးပဲ။ အဲနေရာကိုတော့ သော်နဲ့ တစ်ချိန်က တော်တော်လေး ရင်းနှီးခဲ့တယ်လို့ ထင်မိဘူးတဲ့ မောင်လေး ၁ ယောက်ကခေါ်လို့ ရောက်ခဲ့တာပါ။ အချိန်တော်တော်များကို အဲချက်ရွန်းမှာ ကုန်ဆုံးစေခဲ့ပါတယ်။ သူငယ်ချင်းပေါင်း များစွာကို အဲချက်မှာ ရရှိခဲ့တာပါ။

တွေ့ဆုံကြုံကွဲ လောကရဲ့ ဓမတာပဲဆိုတာ အဟုတ်မှန်တယ်။ ချက်နေကြ ချက်ရွန်းလေး ၁ ခုက ဗြုန်းဆို မမျှော်လင့်ပဲ ဘာမဟုတ်တဲ့ အငြင်းပွားစရာ ကိစ်စလေး ၁ ခုကနေ ပျော်ရွှင်စရာကောင်းလှတဲ့ မြန်မာချက်ရွန်းလေး တစ်စခန်း ရပ်သွားပါလေရော။ ဆုံနေကြ နေရာလေးမှာ ဆုံနေကြ သူငယ်ချင်းတွေနဲ့ မတွေ့ရတော့ဘူးပေါ့။ ကံအရလို့ပဲ သဘောထားလိုက်ပါတယ်။ ဆုံကြ ကွဲကြတယ်ဆိုတာ မီးသော်ကြီး အတွက်တော့ မဆန်းတော့ပါဘူးလေ။ ငယ်ကတည်းကနေ ခွဲခွာလာတာများလို့ ကျင့်သားရနေသလားတောင် ထင်မိတယ်။ ခုဟာကတော့ အဲချက်မဟုတ်တဲ့ အခြားနေရတာတွေမှ ပြန်တွေ့နေခွင့် ရနေသေးတာပဲလေ။ မီးသော်ကြီးလဲ သူငယ်ချင်းဆိုတာကိုတော့ တော်တော်မက်တယ်။ ခင်တယ်ဆို ခင်ပလိုက်တာပါပဲ။ အွန်လိုင်းသူငယ်ချင်းဆိုတာ အပြင်မှာခင်တဲ့သူငယ်ချင်းမျိုးနဲ့ မတူတာတော့အမှန်ပဲ။ နေရာတွေက တနေရာဆီ အပြင်မှာ တွေ့ဖြစ်တာလဲမဟုတ်။ အသံကြားရရင် အသံပေါ့။ မဟုတ်ရင် စာလေးတွေပဲ တက်လာတာ။ အဲတာကိုပဲ သံယောဇဉ်တွေဖြစ်ကြလို့ အချို့များတော့ ၅၂၈ လွန်လို့ ၁၅၀၀ တောင်ပြည့်သွားကြသတဲ့လေ။ အံ့သြစရာတော့မဟုတ်ပါဘူး။ ဖြစ်တတ်ပါတယ်။ ကိုယ့်ကို ၁၅၀၀ လာပေးသူက စစ်မှန်ပြည့်ဝတဲ့ ၁၅၀၀ ကို လာပေးခဲ့တယ်ဆိုရင် ရတဲ့သူက ကံကောင်းမှာပါ။ လက်ခံတဲ့သူနဲ့ ပေးတဲ့သူ ၂ ဦး ၂ ဘက်လုံးက စစ်မှန်ခဲ့ရင် အဲတာဟာ ကျေနပ်စရာတစ်မျိုးပါပဲ။ အတုယောင်လာပေးလို့ လက်ခံလိုက်မိရင်တော့ ပေးသူကမသိလိုက်ပေမယ့် လက်ခံရရှိလိုက်တဲ့သူမှာတော့ တစ်ဒင်္ဂ စိတ်ခံစားမှုမျိုးလေးတွေ ရရှိသွားမှာပါ။ အဲဒီ တစ်ဒင်္ဂဆိုတဲ့အချိန်က လက်ခံလိုက်သူရဲ့ စိတ်ခံစားမှုပေါ်မှာပဲ မူတည်မှာပေါ့နော်။ အဲတာက ၁၅၀၀ ဆိုတဲ့ ပူလောင်တတ်တဲ့ သံယောဇဉ် နွယ်လာတဲ့ခါမျိုးမှာ ပြောတာပါ။ ၅၂၈ သံယောဇဉ်နဲ့ သူငယ်ချင်းဆိုရင်တော့ သော်ထင်တယ် စိတ်ဆိုး စိတ်ကောက် နေကြရင်သာ မခေါ်မပြော ရှိချင်ရှိကြမယ်၊ မေ့ကြမှာတော့မဟုတ်ဘူးနော်။

သော့်သူငယ်ချင်း ၁ ယောက်ရှိတယ်။ သော့်နဲ့ အရမ်းကို ရင်းနှီးခဲ့သူပေါ့။ သူ့ရဲ့ ဖြစ်ပုံက ဒီလို … သော့်ရဲ့ သူငယ်ချင်း နောက် ၁ ယောက်ကို သူကခင်တယ်။ အဲတာ သော်ကပြောတာပေါ့။ ( - ) ရေလို့ ငါဟို ၁ ယောက်နဲ့ လမ်းမှာ တွေ့ခဲ့တယ်လို့ပေါ့လေ။ သူက နင့်ကိုလဲ သတိရတယ်လို့ ပြောပေးပါဆိုလို့ သော်ကပြောလိုက်တော့ သူက ဟယ်ဟုတ်လား ငါတောင် သူ့ကိုမေ့နေတယ်တဲ့။ နင် သူနဲ့ထပ်တွေ့ရင် ပြောလိုက်ပါ၊ ငါလည်း သူ့ကို သတိရနေပါတယ်လို့ တဲ့လေ။ အဲလိုအဲလို။ အမှန်ကတော့ သူလဲ သူ့ပတ်ဝန်းကျင် သူ့နေရာမှာ သူ့အလုပ်တွေနဲ့ ကျင်လည်နေရင်း မေ့နေတာ။ ပြန်ပြောလိုက်တဲ့အချိန်လေးမှာ ပြန်သတိရသွားတာ။ သတိရလိုက်တယ်ဆိုရင်ပဲ သူအရင်ကခင်ခဲ့တာတွေကို ပြန်အမှတ်ရစေသွားလို့ သူက အဲလိုပြောလိုက်တာပါ။ ဘာပဲဖြစ်ဖြစ် သူငယ်ချင်းဆိုတာခင်ဖို့ပါ။ ခတ်တတ်ဖို့ပဲလိုတယ်လို့ မီးသော်ကြီး ထင်တယ်လေ။ ဟုတ်တယ်မလား။ မီးသော်ကြီးကတော့ ခင်ခဲ့မိသမျှ သူငယ်ချင်းများအားလုံးကို မည်သည့်နေရာ မည်သည့်အချိန်မှာ မည်သို့သော ပုံစံမျိုးနဲ့ဖြစ်စေ ခင်မင်မိခဲ့တဲ့သူတွေ အားလုံးကို မီးသော်ကြီးက အမြဲဆက်လက်ခင်နေမှာပါ။

အားလုံးသော သူငယ်ချင်းများရဲ့ သူငယ်ချင်း …… ရေသည်မမ တစ်ဖြစ်လဲ မီးမီးသော်ကြီး

Saturday, November 18, 2006

အပျင်းပြေလေး

မီးသော်ကြီး ၁ ယောက် ဘာကိုမှ မယ်မယ်ရရ လုပ်လိုက်တယ်မရှိပဲ တနေ့တာကာလကို အချိန်ကိုဖြုန်းတီးခြင်း ဆိုတဲ့ လုပ်ရပ်နဲ့ ကုန်ဆုံးလိုက်ပါတယ်။ မီးသော်ကြီးစဉ်းစားကြည့်မိတယ်။ ရေသည်မမ၏ စိတ္တဇအတွေးများ ဟာလဲ ယောင်ချာချာနဲ့ ဦးတည်ရာမဲ့နေသလို။ ဒီလိုပုံစံမျိုးနဲ့ဆိုရင်တော့ မဖြစ်သေးပါဘူးလို့ မီးသော်ကြီးတွေးမိ တယ်။ ကိုယ့်ဘလော့ကိုမှ အချိန်ပေးပြီး ၀င်ရောက်လာလည်သူတွေကို ဒီလိုပုံစံမျိုးနဲ့ ဧည့်ခံနေဖို့ မသင့်ဘူးဆို တာ။ အဲလို အတွေးမျိုးတော့ တွေးမိပါရဲ့ ။ ဘယ်လိုအရာမျိုးတွေ ပေးရမလဲဆိုတာကျတော့ မီးသော်ကြီးတို့က ဝေးသွားပြန်ရော။

မီးသော်ကြီးက စာတွေပေတွေကို အခြားသောသူများ ရေးသားနေကြသလို ဖွဲ့နွဲ့စွာ ပြောင်မြောက်စွာလဲ မရေးတတ်။ မီးသော်ကြီးရဲ့ ငယ်စဉ်တောင်ကျေး ခလေးဘ၀ထဲကပဲ။ မီးသော်ကြီးက စာစီစာကုံးကိုလဲ ကြောက်ခဲ့သေးတာ။ အဲဒီတော့ ကဲ … ဘယ်လိုလုပ်ကြပါ့မလဲ။ ကိုယ့်ဘလော့လေးကိုလဲ လာဖတ်စေချင်တယ်။ အများသူငါတွေရဲ့ ဘလော့တွေများလို စာအရေးအသားနဲ့လဲ မစွဲဆောင်နိုင်၊ ဗဟုသုတ ဆိုတာမျိုးတွေကလဲမပါ။ အဲဒီတော့မထူးပါဘူး မီးသော်ကြီးရဲ့ အတိတ်ကပုံရိပ်တွေ၊ မီးသော်ကြီးရဲ့ ကဗျာမဆန်တဲ့ အတွေးတွေ၊ မီးသော်ကြီးရဲ့ စိတ်ကူးတွေ၊ မီးသော်ကြီး ဖတ်မိသမျှစာအုပ်တွေ၊ အဲတာမျိုးလေးတွေကိုပဲ ၀င် ရောက်လာလည်သူ သူငယ်ချင်း အပေါင်းအသင်းများကို မျှဝေခံစားနိုင်အောင်ပဲ မီးသော်ကြီးက ကြိုးစားရ တော့မှာပေါ့။

စိတ္တဇအတွေးလို့ ဆိုခဲ့တဲ့အတိုင်း စိတ္တဇဆန်တာမျိုးတွေပဲ ဖြစ်နေလိမ့်မယ် ထင်တယ်။ အားလုံး ကြားဘူးကြတဲ့အတိုင်း လူ့စိတ်က မျောက်စိတ်ဆိုတာမျိုးပေါ့။ ဒီမနက် မီသော်ကြီးတို့ ထုံးစံအတိုင်း အိပ်ရာနိုးတော့ စာအုပ်တစ်အုပ်ယူပြီး အခန်းအပြင်ထွက်လာပြီး ချောင်ကုပ်တော့တာပေါ့။ ဖတ်နေရင်းနဲ့ ဒီစာလေး ငါ့ဘလော့မှာ တင်ထားလိုက်ပါဦးမယ်လေ ဆိုပြီး အတွေးရတာနဲ့ မီးသော်ကြီးတင်လိုက်ပါတာပါ။ စာရေးသူကတော့ မောင်မြကြိုင်။ ကလေးစာပေ ပထမဆုရခဲ့ဘူးတဲ့ စာအုပ်လေး ၁ အုပ်ပေါ့။ အညာဒေသ နေထိုင်သူတို့ရဲ့ဘ၀ ဒီဝတ်ထုလေးမှာ ပါဝင်တဲ့ ညိုမလေးရဲ့ ခလေး ၁ ယောက်ရဲ့ အတွေးနဲ့အမြင်၊ သူမလေးရဲ့ ရိုးသားမှု၊ အဲတာလေးတွေက စာဖတ်သူတွေကို ဆွဲဆောင်နိုင်မှာပါ။ မီးသော်ကြီးလဲကြိုက်တယ်။ မီးသော်ကြီးလဲ အညာသူပဲလေ။ အမှန်က ဒီစာအုပ်လေးက ၀တ်ထုတိုလေးတွေကို စုပေါင်းထားတာပါ။ ခုတော့ အဲထဲက ကောင်းမယ်ထင်တာလေး ၁ ပုဒ်ကို မီးသော်ကြီး တင်ပေးလိုက်တာပါ။ ဖတ်ကြည့်လိုက်ပါနော်။

(((( မြန်မာမလေး )))))

“ ကဲ … စံရစ်ဝိုင်းလေး အလှည့် ” ဆရာက ခေါ်ပြန်လေပြီ။ ညိုမ မကြိုက်ပါ။ ပြန်မပြောရဲသဖြင့်သာ အောင့်ခံ နေလိုက်ရသည်။
ကေသီ၊ စန်ဒါ၊ သန်ဒါလဲ့၊ အိထွေး၊ သီတာ စသည်ဖြင့် ဒုတိယတန်းကျောင်းသူ ၁၃ ဦးရှိသည်။ သူတို့ကို အမည်ရင်းအတိုင်း ခေါ်သော်လည်း မိမိကိုမူ “ညိုမ”ဟု မခေါ်။ “ဆံရစ်ဝိုင်းလေး” ဟူ၏။
ခေါင်းပေါ်ရှိ ဆံရစ်ဝိုင်းလေးကြောင့်သာ ဖြစ်သည်။ ကျန်မိန်းကလေးအားလုံး ခေတ်ပေါ် ဆံတို ပုံစံများသာ ဖြစ်သည်။ ညိုမက သူများထက် ခေတ်နောက်ကျနေ၏။ ထူးခြားနေသည်။ မတတ်နိုင်ပါ။ လူကြီးများက ဆံရစ်ဝိုင်းထားမှ မြန်မာသည်၊ တင့်တယ်သည် ဆိုကြ၏။
“ ဆံရစ်ဝိုင်းမလေး ဆရာမေးတာဖြေလေ ”
“ ရှင် ... ဆရာ ... ဘာ ”
“ သည်ကလေးမ ငိုင်တိုင်တိုင်နဲ့ ”
ဆံရစ်ဝိုင်းအကြောင်း စဉ်းစားမိသဖြင့် ဆရာဘာမေးလိုက်သည်ကို သတိမထားမိခဲ့ပါ။ ဆရာ့ကိုလဲပြန်မမေးရဲပါ။
“ ကျွန်မ မဖြေတတ်ပါဘူး ဆရာ ”
ညိုမ အလွယ်နည်းကို အသုံးပြုလိုက်ရသည်။ လက်ဝါးကိုပေတံနဲ့ ခတ်ဆတ်ဆတ်လေး အရိုက်ခံလိုက်ရသည်။ ဆရာမေးမည့် အမျိုးသားနေ့အကြောင်း ညိုမ အလွတ်ရခဲ့ပြီးဖြစ်၏။ မေးလိုရာမေး ဖြေနိုင်သည်။ သို့သော် “ ဆံရစ်ဝိုင်း ” ကြောင့် ညိုမ အရိုက်ခံလိုက်ရသည်။ ညိုမသည် တစ်ပတ်လျှို တင်းတင်းထုံးထားသော မိမိဆံထုံးလေးကို ကိုင်ကြည့်နေမိသည်။
“ သည် ဆံရစ်ဝိုင်းလေး မရှိမှ ”
တပို့တွဲလတွင် ပွဲတော်ရှိသည်။ ဆံပင်အလှပြင်ဆိုင်တွေ လာလိမ့်မည်။
x x x x x x
“ အမေ ကျွန်မ ဒိုင်ယာနာပုံ ဆံပင်ညှပ်ချင်တယ် ”
“ အလိုတော် ”
ပွဲတော်ခင်းသို့ ရောက်ရောက်ချင်း ပူဆာသည်။ ဘွားအေကြီး အမေစုမှာ အလန့်တကြား အံ့အားသင့်သွားသည်။ “ ပေါက်ပေါက်ရှာရှာ ညိုမရယ် ညည်း ဘာစိတ်ကူးပေါက်လာတာလဲဟင် ”
“ သူငယ်ချင်းအားလုံး ဆံထုံးမရှိကြတော့ဘူး အမေရဲ့ ။ သရီးစတက်ပုံ၊ စန်ဒါကေ၊ ဆံတိုဂုတ်ဝဲ၊ ဒိုင်ယာနာပုံ၊ အို ... စုံလို့စုံလို့။ ကျွန်မ တစ်ယောက်တည်း ဆံရစ်ဝိုင်း ဖြစ်နေတယ်။ ကျောင်းမှာ ဆရာကြီးရော ဆရာလေးပါ ဆံရစ်ဝိုင်းလေးတဲ့။ ကျွန်မရှက်တယ် ”
“ အယ် … တော်။ ဆံရစ်ဝိုင်လေးနဲ့ လှလို့ ချစ်စနိုးခေါ်တာပဲဟာ ”
“ မြို့က ဧည့်သည်တွေလာရင်လဲ ၀ိုင်းကြည့်ကြတယ်။ မနေတတ်ဘူး ”
အမေစုမှာ သူ့မြေးအတွက် သက်ပြင်းချလိုက်မိသည်။
“ သူများတွေ ဆံပင်တောင် ကောက်ကြသေးတယ်။ ကျွန်မက ရိုးရိုးပဲ ဆံပင်တိုပစ်မှာပါ။ ဆံပင်ညှပ်ခလဲ ကျွန်မ စုထားတာပါ။ ဟောသည်မှာ ”
ညိုမသည် ပလပ်စတစ်အိပ်ဖြင့် အသင့်ထည့်ယူလာသော အကြွေနုတ် ခုနှစ်ကျပ်တမတ်ကို ထုတ်ပြသည်။
“ ခက်ပါလား ညိုမရယ်။ ဆံပင်ကို အရှည်က အတိုဖြတ်ပစ်ရမယ်လို့၊ နှမြောစရာ။ ဆံရစ်ဝိုင်းလေးနဲ့ပဲ လှပါတယ် ငါ့မြေးရယ် ”
အမေစုက ညိုမအား ချော့မော့ဖျောင်းဖျသည်။ မရ။
“ ဆံပင်ရှည်ကို တိုပစ်ရင် ညည့်မအေက ကျောပြင်ကို ဗြောတီးမှာပဲ ”
“ ရိုက်လဲ ခံရုံပဲ အမေ။ တစ်ခါပဲအနာခံမယ်။ တစ်လျှောက်လုံး မရှက်ချင်ဘူး ”
“ အေးပါ။ စဉ်းစဉ်းစားစား လုပ်တာပေါ့။ ကဲ ... ညည်း ဘာဝယ်ချင်လဲပြော ”
အမေစုက ဆံပင်ညှပ်ဖို့မေ့သွားအောင် အရုပ်တန်းဘက်သို့ခေါ်ပြသည်။ ညိုမ ပါးပါသည်။ ၀ယ်ပေးသမျှလဲယူမည်။ ဆံပင်ကိုလဲ ဖြတ်ဖြစ်အောင်ဖြတ်မည်။ ဘွားအေကြီးက အလိုလိုက်နေကျ။ မိခင်ရိုက်လဲရိုက်ပါစေ။ အရုပ်ဆိုင်တွေ တန်းစီနေသည်။ လျှပ်စစ်ဖြင့်လည်းကောင်း၊ သံပတ်ဖြင့်လည်းကောင်း၊ လှုပ်ရှားသည့် နိုင်ငံခြားဖြစ်အရုပ်ဆိုင်နှင့် စက်ကူအရုပ်ဆိုင်များရှိလေသည်။
“ အမေဒါလေးအဖိုးမေးကြည့်ပေးပါ ”
နိုင်ငံခြားဖြစ်အရုပ်ဆိုင်မှ ၀က်ဝံရုပ်လေးကို လက်ညှိုးထိုး ပြလိုက်သည်။ သံပပတ်ပေးထားသော ၀က်ဝံလေးသည် ငါးမျှားတံဖြင့် ငါးမျှားနေသည်။ သံလိုက်ငါးမျှားချိတ်တွင် သံပြားငါးကလေး ကပ်ပါလာသည်။ စားရန် ပါးစပ်နားသို့ မြှောက်တင်ယူလာသည်။ ကွင်းကလေးနှင့် တိုက်မိပြီး ပြန်ကျသွားသည်။ နောက်တကြိမ်ထပ်မျှားနေပြန်သည်။
“ ဒါလေးက ဘယ်လောက်လဲကွဲ့ ”
“ လေးဆယ့်ငါးကျပ်ပါ အမေ... ”
“ အလိုတော် ”
အမေစု အလန့်တကြား အော်မိသွားသည်။ ညိုမကို လက်တို့ကာ ထိုဆိုင်ရှေ့ မှ ခပ်သုတ်သုတ် ထွက်ခွာခဲ့သည်။ ဆိုင်ရှင်မှာ ပြုံးရင်းကျန်ရစ်ခဲ့သည်။
“ အမေ့မှာ ငွေ ၃၀ ပဲပါတယ်။ လိုအပ်တာတွေ ၀ယ်ရဦးမယ်။ ညည်း ပြတဲ့အရုပ်က ဆန် ၁ ခွဲဖိုးထက် အများကြီး သာနေပါလား။ လာပါအေ ဖိုးဝရုပ်၊ ဇီးကွက်ရုပ်ဆိုင် သွားဝယ်ရအောင် ”
စက်ကူအရုပ်ဆိုင်မှ ညိုမနှစ်သက်သော ဖိုးဝရုပ် ၁ ရုပ်ကို ၀ယ်ဖြစ်သည်။ နောက် ... အိုးပုတ်ချိုးရုပ်ဆိုင်သို့ ၀င်ကြပြန်သည်။
“ ကဲ ... ငါ့မြေး ကြိုက်ရာရွေးပေတော့ ”
ညိုမသည် ထမင်းအိုး၊ ဟင်းအိုး၊ ဒယ်အိုး၊ လက်ဖက်ရည်အိုး၊ လက်ဖက်ရည်ပန်းကန်နှင့် ဗေဒါဘူးငယ်လေးများကို စိတ်တိုင်းကျ ရွေးချယ်နေသည်။ လျှပ်လက်သကဲ့သို့ ၀င်းခနဲလက်သွားသည်။ အမေစု၊ ဆိုင်ရှင်နှင့် ညိုမတို့ အံ့အားသင့်သွားကြသည်။
“ လန့်သွားသလား ကလေးမ။ ဦးက အိုးပုတ်ချိုးရုပ် ရွေးနေတာ သဘောကျလို့ ဓါတ်ပုံရိုက်ယူလိုက်တာပါ ”
ကင်မရာကို လွယ်ထားသည့် ခန့်ညားသော လူကြီးကိုမြင်တွေ့ရသည်။
“ ရွေး ... ကလေးမ ကြိုက်တာယူ။ အဖိုးကျသမျှ ဦးကပေးပါ့မယ် ”
“ သူများ အလကားပေးတာ မယူရဘူးလို့ ဘက မှာထားတယ်ဦးရယ် ”
“ အလကားပေးတာ မဟုတ်ပါဘူး။ ဦးက စာရေးဆရာ။ အိုးပုတ်၊ ချိုးရုပ်၊ ဖိုးဝရုပ်အကြောင်း စာရေးဖို့ ဓါတ်ပုံရိုက် ယုတာပါ။ ဓါတ်ပုံရိုက်ခပေါ့။ ကလေးမက ဆံရစ်ဝိုင်း ကလေးနဲ့ ပင်နီနဲ့ ယောထမီနဲ့ ဆိုတော့ သိပ်ကောင်း၊ သိပ်မြန်မာဆန်တာပေါ့။ သဘာဝကျအောင် တိတ်တိတ်ကလေး ချောင်းရိုက်လိုက်ရတယ်။ မဂ်ဂဇင်း စာအုပ်ထဲ ထည့်ဖို့ပါ”
“ ဟောတော် ... ကျွန်မပုံ စာအုပ်ထဲထည့်မယ် ”
“ ဟုတ်တယ်။ ငွေတာရီ မဂ်ဂဇင်းထဲမှာ ဆောင်းပါးနဲ့ တွဲထည့်ပါရစေ ”
“ ဟင် ... ရှက်စရာကြီး။ ဆံရစ်ဝိုင်း ဆံထုံးကြီးနဲ့ ”
“ ဆံရစ်ဝိုင်းမို့ ပိုသဘောကျတာပေါ့။ ဆံတို ဂုတ်ဝဲတွေကြားမှာ ဆံရစ်ဝိုင်း ရှားနေပြီ။ ဂုဏ်ယူစမ်းပါ ကလေးမရယ်။ မြန်မာပြည်ထဲက မြန်မာပီသတဲ့ အညာသူ မြန်မာမလေးအဖြစ် ၀မ်းသာစမ်းပါ။ ”
စာရေးဆရာနှင့် ညိုမတို့ ပြောနေသည်ကို အမေစုက ပြုံးပြုံးကြီး နားထောင်လျက်ရှိသည်။ ညိုမယူသမျှ အိုးပုတ်ဖိုးကို စာရေးဆရာကြီးက ပေးချေလိုက်၏။ နောက် ဖိုးဝရုပ်ဆိုင်ရှေ့တွင် ပုသိမ်ထီးကလေးဆောင်းကာ အရုပ်ကြည့်နေဟန် ဓါတ်ပုံရိုက်သေး၏။
ညိုမ လိပ်စာကိုလည်း မှတ်ယူထားလိုက်လေသည်။ ညိုမ ဆံပင်ညှပ်ရန်စိတ်မကူးတော့ပါ။ စုထားသောငွေနှင့် ပလတ်စတစ် မိန်းကလေးရုပ် စုဘူးလေးဝယ် ယူလာခဲ့သည်။
x x x x x x x
မကြာမီ ညိုမတို့အိမ်သို့ စာရေးဆရာကြီး ရောက်လာသည်။ ပွဲတော်တွင် ရိုက်ခဲ့သော ရောင်စုံဓါတ်ပုံ နှစ်ပုံကို မှန်ဘောင်သွင်းပြီး လက်ဆောင်ပေးသည်။ ညိုမတို့ မိသားစုနှင့်လည်း ခင်မင်ရင်းနှီးသွား၏။ အမည်ရင်းမှာ ဦးထူးဖြစ်သည်။ စာရေးရာတွင် ကလောင်အမည်မှာ ( မြန်မာမှု မောင်ထူး ) ဖြစ်ကြောင်း သိရသည်။ စာရေးဆရာကြီးကို အတင်းတားပြီး ထမင်း ၁ နပ် ကျွေးလိုက်သည်။ နောက်လေးလခန့်ကြာသောအခါ ညိုမအတွက် ငွေတာရီ မဂ်ဂဇင်းတစ်အုပ် လက်ဆောင်ရပြန်သည်။ အိုးပုတ်၊ ချိုးရုပ်၊ ဖိုးဝရုပ် ဆောင်းပါးပါသည်။ ညိုမ၏ ရောင်စုံဓါတ်ပုံနှစ်ပုံကို ပန်းချီအမွမ်းအမံများဖြင့် တခမ်းတနား ဖေါ်ပြထားသည်ကို တွေ့ရသည်။ ညိုမ၏ ပုံများကို မြန်မာပြည်အနှံ့ စာဖတ်သူတို့ တွေ့မြင်ကြရတော့မည်။ ညိုမ ဂုဏ်ယူပါသည်။ ဆံရစ်ဝိုင်းလေးကြောင့် ညိုမသည် မြန်မာပြည်ထဲက မြန်မာဆန်သော အညာသူ မြန်မာမလေး ဖြစ်ရလေပြီကော။------။


1985ခုမှာ စာပေဗိမာန် စာမူဆု၊ ကလေးစာပေ ပထမဆုရပြီး 1987ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ မောင်မြကြိုင်ရဲ့ အညာသူလေးညိုမ ဆိုတဲ့ စာအုပ်လေးထဲက စာတပုဒ်ပါ။ ကြိုက်နှစ်ကြမှာပါ။

Wednesday, November 15, 2006

ဦးပုညရဲ့ မူလ ... မရေသည်

ရေသည်မမလဲ ယောင်ချာချာနဲ့ ဘလော့လေးလုပ်ပြီး ပို့စ်လဲမှန်အောင်မတင်ဖြစ်ဘူးရယ်။ စာတွေကလဲ ရေးမယ်ဆိုကာမှ ဘယ်ကိုဘယ်လို လိုက်ရှာရမလဲကို မသိတော့ဘူးရယ်။ ဘယ်နေရာတွေကနေ ထွက်ပြေးသွားကုန်ကြလဲ မသိဘူးရယ်။ နံနက်မိုးလင်း အိပ်ရာထကတည်းကကို စဉ်းစားနေတာ။ အိပ်ရာနိုးတော့ ထုံးစံအတိုင်း မျက်နှာမသစ်သေးပဲ စာအုပ် ၁ အုပ်ဆွဲပြီး ချောင်ကုပ်ပြီး ထိုင်ဖတ်နေမလို့ စဉ်းစားလိုက်သေးတယ်။ သူငယ်ချင်း ၁ ယောက်ဆီဖုန်းဆက်မယ် ပြောထားတာပဲဆိုပြီး မျက်နှာသစ်ပြီးတော့ ဖုန်းရှိတဲ့နားကို ပြေးရတော့တာပေါ့။ ဆက်ဖြစ်လိုက်ပါတယ်။ ပြီးတော့ ရှမ်းခေါက်ဆွဲတစ်ပွဲစားပြီးရော စာတော့ရေးရမယ်ဆိုပြီး ယောင်နနနဲ့ တောင်စဉ်ရေမရတွေ လျှောက်တွေးနေလိုက်တာ ဘာမှကိုမယ်မယ်ရရမလုပ်ဖြစ်ဘူး။ ရေးတော့ရေးရမယ်။

မီးသော်ကြီးဘလော့ကို သူငယ်ချင်းများကိုပေးကြည့်တော့ မေးကြတယ်။ ဘာကိစ်စ ရေသည်မမ ဖြစ်သွားရပြန်တာတုံးတဲ့။ ဟုတ်ကဲ့ ... အတိတ်ကအကြောင်းလေးကို သတိရမိလို့ပါပေါ့။ အဲလိုလေ … မီးသော်ကြီး အထက်တန်း နောက်ဆုံးနှစ်ကပေါ့။ ခုတက်ကသိုလ်ဝင်တန်းခေါ်မလားပဲ။ အဲအတန်းမှာတုန်းက ရခဲ့တဲ့နာမည်လေးပေါ့။ ဘယ်ကနေ ဘယ်လိုပေးကြတယ်တော့မသိဘူး။ မီးသော်ကြီးကို အဲတုန်းက အတူနေသူငယ်ချင်းများကစလို့ ဆရာ၊ဆရာမများတိုင် ရေသည်မမဟု အသိများကြလေ၏။ မီးသော်ကြီးလဲ ကျေနပ်ပါတယ်။ သူငယ်ချင်းအချို့ ဆို ယခုထိတိုင်ထိုနာမည်ပဲခေါ်ကြတာ ... မရေသည်တဲ့လေ။

မီးသော်ကြီးလဲ ကြိုက်တယ် အဲနာမည်လေးကို။ အဲဇာတ်တော်ထဲမှာ ရေသည်မမရဲ့စရိုက်နဲ့ လောဘမကြီးတဲ့ မျှော်လင့်ချက်လေးကိုလည်း ကြိုက်တာပါ။ ( သြော် … ဗာရာမည် ခေါ်သည်ပြည်တော်မှာ အကျော်ဇေယျ ခေါင်မှာစွဲအောင် မွဲတေလှတဲ့ ကျွန်မကိုငယ်။ တစ်ခါတစ်ရံလောကဓံမှာ ကံမျက်စိလည်လို့မှ ပြောင်တယ်မရှိ ရေရွက်လို့ရောင်း ၀မ်းကိုကျောင်းရတယ် ခေါင်းကျိန်းလို့ရိခဲ့ပြီ။ ပဲစိတ၀က် ပြောင်းတ၀က်နဲ့ ဆန်ပြက်သိကာ ပါကောင်းလို့ပါတော့တယ်။ ဟင်းလျာကပီလော လည်ချောင်းကိုမြေလှန် ဂလုံဆန်အောင် စုံကန်လို့မျောရတယ် ကောလိုက်တဲ့ကံ မုရင်းဆန်နှင့် ပွဲရံချဉ်ပေါင် ကျွေးနိုင်တဲ့မောင်များကို လူ့ဘောင်တွင် တစ်ခါကြိမ်စမ်းချင်ပါဘိ ဇာတာထွန်းပေါ် ကံနှိုးဆော်လို့ မတော်တဆ မုရင်းမောင်မောင် ဦးချဉ်ပေါင်ရို့ နှင့် အိမ်ထောင်များကျကာမှ ၀၀ကြီးပေါင်းလန်အောင် ၀မ်း စည်းစိမ်ခံတော့မယ် ) … ဇာတ်တော်ထဲက ရေသည်မမရဲ့ ဆန်ဒလေးတွေပေါ့။ အားလုံးလဲသိကြမှာပါ။ ရိုးရှင်းလှတဲ့ သူ့ရဲ့တောင့်တမှုလေးတွေ မီးသော်ကြီးတို့ လက်တွေ့ဘ၀မှာတော့ သူ့လို ရိုးရိုးလေးနဲ့ နဲနဲလေး စိတ်ကူးမယဉ်တတ်ကြပါဘူး။ ဟုတ်တယ်ဟုတ် ... ထီထိုးထားတဲ့သူတောင် အမြင့်ဆုံးဆုမဲကိုရွေးပြီးမှ စိတ်ကူးယဉ်လေ့ရှိကြတာပါ။ မီးသော်ကြီးတို့ ပိုဆိုးတာပေါ့။ ထီတောင်မှ မထိုးရသေးဘူး စိတ်ကူးကယဉ်ထားတာ။ ထီပေါက်ရင်တဲ့လေ ... လသာကုန်သွားရော ထီလက်မှတ်ဖိုးနှမြောတာနဲ့ မထိုးမိလိုက်ပါဘူးရယ်။ အဲလို ... ရေးလာရင်းနဲ့ ဘယ်ရောက်သွားပြန်တယ်မသိ။ အင်း ... ရေသည်မမ အမည်တွင်ပုံလေးရယ်။ မီးသော်ကြီးထင်တယ် မီးသော်ကြီးကို ရေသည်မမ ခေါ်ကြတာက ဆံထုံးတော်ကြီး တမာသီးကြောင့်ပဲနေမယ်။ မီးသော်ကြီးလဲ အဲအတွက်စိတ်ပျက်တယ်။ ဖြစ်နိုင်ရင်လေ မိန်းမတို့ဘုန်း ကတုံးလို့တောင် ပြောင်းပစ်ချင်တယ်။ ဆံထုံးတော်ကြီးက တကယ့်တမာသီး။ ဆံထုံးမထုံးတော့ မသိသာပေမယ့် ဆံပင်တွေက ပြောင်းဖူးဆံမိတ်တွေကျနေတာပဲ။ အဲလို ... ခုတော့မီးသော်ကြီး ရေသည်မမ ဖြစ်ရခြင်းကိုတော့ သူငယ်ချင်းတွေ သိလောက်ကြရောပေါ့။

Sunday, November 12, 2006

ဝိုးတ၀ါးနဲ့ဝင်လာသည်

မင်္ဂဠာပါနော့်...
မီးမီးသော်ကြီးတို့ ယောင်လည်လည်လေးနဲ့ ဘလော့လောကထဲ ၀င်ရောက်လို့လာခဲ့ပါတယ်။ အများသူငါတွေ လုပ်နေကြတဲ့ ဘလော့ဆိုတာကို အမှန်ပြောရရင် မီးသော်ကြီးသေချာမသိပါဘူး။ အဲတာနဲ့ မီးသော်ကြီး ဘလော့ ဆိုတာတွေကို ၀င်ရောက် လေ့လာကြည့်ပါတယ်။ အဲလိုနဲ့ မီးသော်ကြီး ဘလော့ပိုး ၀င်ရောက် ကိုက်ခံလိုက်ရပါတယ်။ ပထမ ပြောထားခဲ့တဲ့အတိုင်း မီးသော်ကြီးက ဘာကိုမှ ရေရေရာရာမသိလေတော့ သူငယ်ချင်းများကို အကူအညီတောင်းခဲ့ရတော့တာပေါ့။ သူငယ်ချင်း၏ ကောင်းမှုကြောင့် မီးသော်ကြီးရဲ့ ဘလော့လေး ရုပ်လုံးပေါ်လာခဲ့ပါတယ်လို့ ဆိုကြပါစို့်။

မီးသော်ကြီးက အခန်းတခန်းရလိုက်တယ် ဆိုတာနဲ့ပဲ သောက်ရေအိုးလေး ၁ လုံးပြေးဝယ်ပြီး ရေလေးဖြည့် ရေအိုးဖုံးလေးနဲ့ ရေခွက်လေးထားလို့ ၀င် ရောက်လာသူတွေကို အမောပြေလေးသုံးဆောင်နိုင်အောင် ထားပေးထားပါမယ်ပေါ့လေ။ ၀င်ရောက်လည်သူအပေါင်းအမောပြေစေဖို့အတွက်ပေါ့။

ဝင်ရောက် လာလည်သူတွေ အပန်းရယ်ပြေစေပေါ့ရှင်။ မီးသော်ကြီးက ဒီလောက်လေးပဲ တတ်နိုင်ဦးမှာပါ။ လိုအပ်ချက်တွေ များစွာရှိနေလိမ့်မယ်ဆိုတာသိပေမယ့် မီးသော်ကြီးက ဘာတွေလိုနေ မယ်ဆိုတာ မသိလေတော့ ၀င်လာသူတွေ အကြံဥာဏ်ပေးတာလေးတွေ သင်ပြပေးတာလေးတွေကို မီးသော်ကြီး လက်ခံလိုပါတယ်။ အဲလိုညွှန်ကြား ပြသ ပေးကြမှသာလျှင် မီးသော်ကြီးအခန်းလေးက လိုအပ်ချက်တွေ မီးသော်ကြီးသိရမှာပါ။

အများသူငါတွေက ပညာရဲရင့်ပွဲလည်တင့်ကြပေတော့ မီးသော်ကြီးလဲ အားကြမိတာပေါ့။ မီးသော်ကြီးကတော့ ဆင်ကန်းတောတိုးသလို ၀င်ရောက်လာခဲ့တာပါ။ တဖက်သားက ၀င်ရောက်လာလည်ချိန်မှာ သင်ကြားပေးခဲ့ရင် မီးသော်ကြီးက ဆရာကောင်းတပည့် ပန်းကောင်းပန်နိုင်ရမှာပေါ့ရှင်။ ဒီလိုမှမဟုတ်လို့ ပညာကို ပညာသားပါပါနဲ့ ပြသွားမယ်ဆိုရင်လဲ မီးသော်ကြီးက ဘာမှသိလိုက်ရမှာမဟုတ်ဘူးပေါ့။ မျက်ကန်းတစေမကြောက် ဆိုတာမျိုးလို့ ပြောရမလားပဲ။ မျက်လုံးကကန်းနေတော့ တစေက မည်မျှကြောက်စရာကောင်းနေသည်ဖြစ်စေ မျက်လုံးကန်းနေသူက ဘယ်လိုကြောက်ပါတော့မလဲနော် သူကမှ တစေကကြောက်စရာကောင်းတဲ့ပုံစံကို မြင်ဘူးတာမှမဟုတ်တာ။ အဲလိုသဘောပါပဲရှင် ... မီးသော်ကြီးကို ပညာပြသွားတယ်ဆိုရင်တောင် မီးသော်ကြီးက ဘာမှမသိလေတော့ ဘာကို လုပ်သွားလိုက်မှန်းတောင် သိလိုက်မှာ မဟုတ်ပါဘူး။ မီးသော်ကြီး ဆန်ဒပြုချင်တာလေးကတော့ နကန်တလုံးမှမသိပဲ ဘလော့လုပ်ချင်တဲ့ မီးသော်ကြီးကို ၀ိုင်းဝန်းကူညီ သင်ကြားပြသပေးကြပါလို့။

ဟုတ်ကဲ့…
မီးသော်ကြီး ၁ ယောက် ဘလော့လောကထဲ ယောင်လည်လည်နဲ့ ၀င်ရောက်လို့လာခဲ့ပါပြီ။