လာရောက်ဖတ်ရှုကြသူအားလုံးကိုကျေးဇူးပါရှင် Mee Mee Thaw Gyi

Thursday, November 30, 2006

စိုးရိမ်မိတယ် ... အဟုတ်

မီးသော်ကြီး ၁ ယောက် စိတ်တွေ ကယောင်ချောက်ချား အာရုံတွေများပြီး ဘာမှမလုပ်ဖြစ်ခဲ့ပါဘူး။ ဒီရက်တွေအတွင်းမှာ။ ပျင်းကလည်းပျင်း၊ ချမ်းကလည်းချမ်းနဲ့ ပျင်းချမ်းကြီးဖြစ်ပြီး အပျင်းတွေကို ရှင်သန်ပေါက်ဖွားခွင့် ပေးထားပါတယ်။ အွန်လိုင်းကို မလာဖြစ်တာပါ။ ညဦး စောစောပိုင်းတွေမှာ 5movies ကလွင့်ပေးနေတဲ့ စာတန်းထိုးကားတွေကြည့်၊ ညနက်ပိုင်း ရောက်လာတော့ စောကြီး အိပ်ရာဝင်လိုက်တာ။ အပျင်းကောင်လေးတွေ ကလည်း ရှင်သန်လိုက်ပုံများ အံ့သြဖို့တောင် ကောင်းတယ်။ သူတို့ မသေနိုင်တော့ဘူး။ ( အဟိ ) ပျင်းတယ် ဆိုတာကလည်း နာမည်သာဆိုးတာ လူကတော့ သက်သာလိုက်တာမှ ...။ နတ်ပြည် ရောက်မယ်ဆိုတာ သေချာတာတောင် အလိုက်ပေး မလဲနိုင်ပေါင်။ အဲလို ... မီးသော်ကြီးက။

အပေါ်မှာပါသွားတဲ့ ညဦးပိုင်းတို့ ဘာညာ ဆိုတာတွေကို ပြန်ကြည့်မိတော့ - ညမာပြည်မှာ ရှေးယခင်က ညတွေကို ကြက်တွန်သံတွေနဲ့ ပိုင်းခြားကြတယ်လို့ မီးသော်ကြီး ဘုတ်အုပ် တစ်အုပ်ထဲမှာ ဖတ်ဘူးတယ်။ ကုလားစက်နာရီ ည ၈ နာရီ ပတ်ဝန်းကျင်လောက်ကို သူငယ်အိပ်ဆိတ်တဲ့။ ကလေးသူငယ်တွေက လသာတဲ့ ညတွေမှာဆို ရွာရိုးကိုးပေါက် လျှောက်ကစားနေကြပြီး သူငယ်အိပ်ဆိတ် ကြက်တွန်သံကြားရင် အိမ်ကို ပြန်လာကြတယ်။ မလာကြရင်လည်း အိမ်က အမကြီးတို့၊ အမေတို့က လိုက်ခေါ်ကြတယ်။ ပြန်ရောက်လာတာနဲ့ ကစားလို့ ဖုန်အလိမ်းလိမ်းကပ်ပြီး ညစ်ပတ်လာတာတွေကို ဆေးကြော သုတ်သင်းပေးတယ်။ ခြေ၊ လက်ဆေးပြီးနောက် အဆာပြေ တစ်ခုခုကျွေးပြီး အိပ်ရာဝင်ကြတယ်။ အဲချိန်မှ တွန်တဲ့ ကြက်တွန်သံကို သူငယ်အိပ်ဆိတ်လို့ ပြောကြတယ်လို့ မှတ်သားဘူးတယ်။ ကြက်တွန်လို့ သူငယ်အိပ်တာလား သူငယ်တွေ အိပ်ချိန်မှာ တွန်လို့ အဲလို ခေါ်ကြတာလားတော့ မီးသော်ကြီးလည်း ရှင်းရှင်းလင်းလင်း မသိဘူး။ နောက်တစ်ချိန်ကတော့ သက်ကြီးခေါင်းချတဲ့။ ကလေးတွေ အိပ်သွားပြီးနောက် လူကြီးတွေက ညအခါ လသာတဲ့ခါမျိုးမှာ လက်ဖက်ရည်ကြမ်းနဲ့ အမြည်း ပေါက်ပေါက်ဆုပ်တို့၊ ထန်းလျှက်ခဲတို့နဲ့ လူကြီးတွေ၊ သက်ကြီးဝါကြီးတွေ စုပြီး ရပ်ရေးရွာရေး ဆွေးနွေးကြသလို၊ တရားဓမ်မတွေ ဆွေးနွေးကြလို့ ပြီးသွားချိန်၊ အိပ်ရာ ၀င်ချိန်မှာ တွန်တာ။ အဲချိန် တွန်တဲ့ ကြက်တွန်သံကို သက်ကြီးခေါင်းချလို့ မှတ်သားထားတယ်တဲ့။ နောက်တစ်ကြိမ်က မောင်ရင်ပြန်တဲ့။ ညချမ်းချိန်ခါမှာ လုံမပျိုလေးတွေ ဗိုင်းငင် ယက်ကန်းရက်နဲ့ ဟန်ရေးပြနေတဲ့ဆီ ကိုလူပျို ကာလသားတွေက လျှောက်ပြန်သံပေးလုပ်ပြီး လူပျိုလှည့်ကြ ပျော်ရွှင်စရာ စကြနောက်ကြ စကားထာတွေ ၀ှက်တန်း ကစားကြနဲ့ အချိန်ကလေး လင့်လာပြီး ကြက်တွန်သံကြားရင် ပြန်သွားကြသတဲ့။ အဲချိန်မှာ တွန်တဲ့ ကြက်တွန်သံကို မောင်ရင်ပြန်လို့ ဆိုကြတယ်။ အကယ်၍ မောင်ရင်တွေသာ မပြန်ကြရင် အဲကြက်လည်း မတွန်ရတော့ဘူးပေါ့နော်။ ( အဟိ )။ နောက်တစ်ကြိမ်က လင်းကြက်တွန်သံတဲ့။ နံနက်ခင်း လင်းအရုဏ် လာတဲ့ချိန်မှာ တွန်တဲ့ ကြက်တွန်သံကို လင်းကြက်တွန်သံတဲ့။ အဲလင်းကြက်တွန်သံ ကြားရပြီဆိုတာနဲ့ တစ်နေ့တာ လှုပ်ရှားမှုအတွက် ပုထုဇဉ်လူသားတေ၊ွ ကျေးငှက် အစရှိတဲ့ တိရစ်ဆာန်လေးတွေဟာ လင်းကြက်တွန်သံနှင့်အတူ နိုးထလာကြပါတယ်။ ( မီးသော်ကြီး မပါဘူးနော်။ မီးသော်ကြီးဖြင့် အဲချိန်တွေမှာ အဲလိုတွေ ဖြတ်သန်းသွားကြပါလား ဆိုတာတောင်မှ မသိလိုက်ဘူး။ )

မီးသော်ကြီး တွေးမိတာက ခုဏက လုံမပျိုလေးတွေဟာ မောင်ရင်ပြန် ကြက်တွန်သံကြားမှ အိပ်ရာဝင်ကြတယ်ဆိုရင် လင်းကြက်တွန်သံ ကြားချိန်မှာ ပြန်လည် နိုးထရတယ်ဆိုတော့ သူတို့ရဲ့ အိပ်စက်မှု အချိန်တာကာလက ဘယ်လောက်မှ ရှိဘူးပဲနော်။ မီးသော်ကြီးဖြင့် အံ့သြရော။ အင်း ... ညကိစ်စတွေ လည်နေတာနဲ့ ဘယ်တွေ ရောက်ကုန်ပြီလဲတောင် မသိတော့ဘူး။ အဲညကိစ်စထဲမှာမှ အပျိုလေးတွေဆီ ကိုလူပျိုတွေ လူပျိုလာလှည့်ကြတော့ ဘယ်မှာ တွေ့ကြသတုန်းလို့ စဉ်းစားမိစရာပဲနော်။ ဟုတ်တယ်။ ရှေးရှေးခေတ်ကာလ တစ်ချိန်တုန်းက သမီးလေးရှိလို့ အရွယ်ရောက်လာပြီ ဆိုတာနဲ့ အိမ်မကြီးရဲ့ အိမ်ရှေ့မှ အမိုးတစ်ဆင့် ပြုလုပ်ပြီး ဘေးနှစ်ဘက် အကာနဲ့ မြေစိုက်အဆောင်တစ်ခု ပြုလုပ်ကြတယ်။ အဲအဆောင်ထဲမှာ တစ်ဝက်က ကြမ်းခင်း ကွပ်ပစ်သဏ္ဍာန်ဖြစ်ပြီး၊ ကျန်တစ်ဝက်က မြေတလင်း ပြုလုပ်ထားတယ်။ အချို့ အဆောင်တွေက ၁ ဆောင်လုံး မြေတလင်း ပြုလုပ်ထားကြတယ်တဲ့။ အဆောင်ထဲမှာ ရက်ကန်းစင်၊ လက်ဆုံ၊ တောင်း၊ စပါးပုတ်၊ စဉ်းအိုးကြီး၊ ဆန်ကော၊ ဆန်ကာ အစရှိတဲ့ အိမ်တွင်းအသုံး အဆောင်များ၊ လှည်းဘီး၊ ထွန်တုံး၊ လှည်းတန်ပိုး အစရှိတဲ့ လယ်ယာသုံး ပစ်စည်းတွေကို ထားကြတယ်တဲ့။ အဲတာကတော့ သမီးရှင်တွေမှာ မရှိမဖြစ်လိုအပ်တဲ့ ၀ဲလင်းဆောင် ဆိုတာပဲ ဖြစ်ပါတယ်။ အဲပစ်စည်းတွေအပြင် ကိုကိုကာလသားများ လာလျှင် ဧည့်ခံဖို့ရာအတွက် လုံမလေးများကလည်း ကွမ်းအစ်၊ ဆေးအစ်၊ မှန်၊ ဘီး၊ ကျောက်ပြင်၊ သနပ်ခါးတောင်း၊ ရေ စသည်တို့ကို ပြင်ဆင်ထားကြတယ်။ ပြီးတော့ ဆေးလိပ်လိပ်ခြင်း ဆိုတဲ့ အတတ်ပညာကိုလည်း လေ့လာ သင်ယူထားကြပါသေးတယ်။ မီးသော်ကြီးတို့ အဌမတန်းမှာ သင်ကြားဘူးခဲ့တဲ့ ကဗျာလေးထဲကလိုပေါ့။ “ မ၀ယ်ဘူး၊ မယ်ခူးတဲ့ဖက်စို ” လို့ အစရှိတဲ့ ကဗျာလေးထဲကလိုပါပဲ။ ထိုအဆောင်လေးထဲ လင်းရောင်ခြည် ရဖို့ရာကတော့ စလောင်းဖုံး ( အိုးအဖုံး ) အတွင်းမှာ ထမင်းကျန်များကို အခြောက်လှန်းထားတဲ့ ထမင်းကြမ်းခြောက်များပေါ်သို့ ရေနံချေးလောင်းကာ မီးတောက်ဖြင့် အလင်းရောင် ကိုရယူကြသတဲ့။ ကိုကိုကာလသားတွေက ရောက်လာကြသည်ဆိုတာနှင့် ဆေးအစ်ထဲမှ ဆေးနှင့် ဆေးလိပ်လိပ်သောက်ကြ၊ ကွမ်းယာစားကြ၊ ပြီးရင် သျှောင်ထုံးကို ပြုပြင်ထုံးဖွဲ့ကြ၊ ကျောက်ပြင်ရှေ့တွင် ထိုင်ပြီး သနပ်ခါး၊ နံ့သာနီ၊ နံ့သာဖြူတို့ကို သွေးကြကာ မိမိတို့ကိုယ်တိုင်လည်း လိမ်းခြယ်သကြသလို အချင်းချင်းလည်း လိမ်းပေးကြပြုကြတယ်။ ရှေးရှေးခေတ်က လူပျိုကာလသားတွေက ဘယ်လိုပါလိမ့်နော်။ တွေးချင်စရာ။ ပြီးရင် စကားထာတွေကို ပန်းပေးကြေး ၀ှက်ကစားကြတယ်။ အပျော်တမ်း စကားထာတွေ ၀ှက်ကြသလို ချစ်ရေး ချုကြသူများကလဲ “ ပဒုံမာ ယုံထောင် ” ဆိုတာမျိုး ၀ှက်ကြသလို၊ “ ဂမုန်းပန်း တစ်ခက်နှစ်ခက် ” ဆိုတာမျိုးလည်း ၀ှက် ကြတယ်။ ပျော်ကြ၊ ရွှင်ကြ၊ ကစားကြပြီးတဲ့နောက် မောင်ရင်ပြန် ကြက်တွန်ချိန်ရောက်တော့ လုံမပျိုလေးကို နှုတ်ဆက်ပြီး ပြန်သွားကြရောတဲ့။ အဲချိန်မှ လုံမပျိုလေးက ကိုကိုကာလသားတို့ ရှုပ်ပွရစ်လေတဲ့ ဆေးအစ်၊ ကွမ်းအစ်၊ သနပ်ခါး၊ ကျောက်ပြင် အစရှိတဲ့ ဟာတွေကို ပြန်လည်သိမ်းဆည်း ပြီးပါမှ အိပ်ရာဝင်တယ်။ လင်းကြက်တွန်သံ ကြားလို့ အရုဏ်တက်ချိန် ရောက်ပြန်တော့ အမိအဖများထက် ဦးစွာ စောထပြီး ဆွမ်းကပ်ဖို့ရန် ချက်ပြုတ်ကြရ ပြန်တယ်တဲ့။ မီးသော်ကြီးသာဆို အဲချိန်မှသာ အိပ်ရာဝင် မနက် ၁၁ နာရီခွဲတောင် မနည်းထရမယ်။ နေ့လည်ကျလဲ ညက အိပ်ရေးပျက်ထားတယ် ဆိုပြီး ပြန်အိပ်ဦးမှာ။ အဲတုန်းချိန်ကို တွေးလေ ပြန်မရောက်ချင်လေပဲ။ ၀ဲလင်းဆောင် ဆိုတဲ့ ရိုးရာလည်း ပျောက်သွားတာ ကျေးဇူးတင်ရမလိုလို။ ခုခေတ်မှာဆို တူရို့ ပြန်ကြပါ့မလားပဲနော်။ ( အသီးတုန်လိုက်တာ )။

ခုခေတ်ဆိုလို့ တွေးမိတာလေး နည်းနည်းရေးဦးမယ်။ ခုခေတ် ကိုကိုမောင်မောင်တွေ နားကပ် တတ်ရတာနဲ့၊ ဆံပင်အရှည် ထားရတာနဲ့၊ သိပ်မကြာသေးတဲ့ အရင်က ဆံပင်ဆို တိုတိုလေး ( ဥပမာ - မော့စ်လိုပေါ့ ) ထားကြတယ်။ ခုတော့ ခေတ်ရဲ့ ရွေ့လျားတဲ့ သဘောကြောင့် ထင်တယ်။ ဆံပင်ကို အရှည်လုပ်လာ ကြတယ်။ အဲလိုသာ ဆက်ရွေ့လျားနေမယ် ဆိုရင် ...။ သျှောင်ထုံးတဲ့ ခေတ်များ ပြန်ရောက်လာဦးမလားပဲနော်။ ဘောင်းဘီ လက်ရှည်နဲ့၊ သျှောင်နဲ့၊ နားကပ်နဲ့၊ အပျံစား၊ အလန်စား ဖက်ရှင်တွေ ဖြစ်လာမယ်ထင်ပါရဲ့။ သူတို့ သျှောင်ပြန်ထုံးတာ ကိစ်စမရှိဘူး မီးသော်ကြီးတို့လည်း ဆံတောက်ထားရမယ်ဆို - အမလေး ... မတွေးဝံ့စရာ။ အားလုံးပဲ သိကြတဲ့အတိုင်း။ ရေသည်မမပါ ဆိုနေ။ ( အဟင့် )။ ရေသည်လို့ ကြားလိုက်တာနဲ့ ဦးပုညကို မစဉ်းစားမိရင်သာရှိမယ် ... ရေသည်ယောက်ျားရဲ့ ချီးမွမ်းခန်းကိုတော့ မမေ့ကြဘူး။ “ ဆံထုံးတော်ကြီး တမာသီးနဲ့ ခါးစည်းဝတ်လဲ၊ ချုပ်စပြဲကို၊ တဲအပ်နှင့်တွယ်၊ လူမြင်သမျှ စိတ်ပျက်အောင်လှပါတဲ့ မရေသည် ” ဆိုတာကို အရင်သတိရကြမှာ။ သူ ချီးမွမ်းသလိုပဲလေ။ မီးသော်ကြီးသာ ဆံတောက်ထားရမယ်ဆို စာဖတ်နေတဲ့ တယ်ဂျင်းတို့ရယ် ...။ တွေးသာ ကြည့်ကြပါတော့။ မီးသော်ကြီး ၁ ယောက် ဗျာများလိုက်မယ့် ဖြစ်ခြင်းကို။ ဆံတောက်ကွေးဖို့ ဆံစလည်း ချန်ရဦးမယ်၊ အပေါ်မှာ ဆံလည်းထုံးရဦးမယ်၊ အောက်မှာလည်း ဆံစ ချန်ရဦးမယ်။ ကဲ ဘယ်လိုလုပ်ကြမလဲ။ ပိုင်ရှင်ကလဲ မရှိသေးတော့ အုံလုံး သိမ်းလို့ကလည်း မရ။ ( အဟိ ... ကြုံကြွားလေး )။ မီးသော်ကြီး ဆုတောင်းပါတယ် ...။ ကိုကို၊ မောင်မောင်တို့ရယ်။ တော်ရို့ဖက်ရှင်ကို သျှောင်ထုံးတဲ့အထိ သယ်တော်မမူကြပါနဲ့လို့ ...။ မီးသော်ကြီး ကြိုတွေးပြီး ရင်တွေပူလွန်းလို့ပါ။ မီးသော်ကြီးအတွက် သယ်ဂျင်းတို့လည်း ဆုတောင်းပေးနော်။ မဟုတ်ရင် ... စိတ်ဆိုးမှာအဟုတ်။ - ။

မှတ်ချက် - ဤစာထဲမှ စာအများစု ( အကုန်လုံးနီးပါး ) ကလေ ရန်ကုန်ဘဆွေ ရေးသားတဲ့ မြန်မာပြည်သား စာအုပ်ထဲကနေ ဆင့်ပွား ကူးယူထားတာပါ။ စာအုပ်ထဲကအတိုင်း မဟုတ်ပဲ မီးသော်ကြီး အဆင်ပြေသလို ကောက်နုတ် ရေးသားလိုက်တယ်။ မူရင်းကနေ သွေဖယ်မသွားအောင် မီးသော်ကြီး ကြိုးစားပြီး ရေးထားပါတယ်။ စာအုပ်ထဲမှ ဆိုလိုသော အဓိပ္ပါယ်မျိုးနှင့် မီးသော်ကြီး ဆိုလိုသော အဓိပ္ပါယ်ကွဲပြားနေရင် အဲတာ မီးသော်ကြီးရဲ့ ညံ့ဖျင်းမှုကြောင့်သာ ဖြစ်ပါကြောင်း ...။ - ။

7 comments:

Deedoke said...

You are such a good writer.
I really like the way(style) you write. (kinda ironic. huh?)
keep going.

Anonymous said...

chit ma ma thaw,

I like this post. Carry On... :-*

Anonymous said...

ချစ်သော်
ဒီစာလေးလဲသဘောကျတယ်
ဆက်ရေးနော်
ချစ်သော်ညီမလေး

နိုင်းနိုင်းစနေ said...

သော်ဥ ...
ထင်တောင်မထင်ရက်စရာပဲ..သော်သော်
လက်နှစ်ဖက်မြောက်ပြီး ချီးမွမ်းလိုက်ပါတယ်။။
တထိုင်ထဲနဲ့ အရင်ကပို့စ်ပါ ဖတ်ပစ်လိုက်တယ်.။။။
ဆက်လုပ် သော်သော်...အားပေးနေတယ်.။

Maydarwii said...

မီးသော်ကြီးရေးတဲ့စာတွေ အရမ်းချစ်ဖို့ကောင်းတာပဲ၊ ဖတ်ရင်းနဲ့ ပြုံးမိတယ် …
ဗဟုသုတတွေလဲ ရပါရဲ့ …။
ရန်ကုန်ဘဆွေစာအုပ်ထဲကလို့ ၀န်ခံထားတာလေးကိုတွေ့လို့ မီးသော်ကြီးရဲ့ ရိုးသားမှုကို အသိအမှတ်ပြုလိုက်ပါတယ်။ မပြောလဲ ဘယ်သူသိမှာလဲနော် .. ။ ဒီစာအုပ်နဲ့ မနီးစပ်ဖူးဆိုရင်ပေါ့။
မီးသော်ကြီးအရေးအသားနဲ့ ပေးထားတဲ့နာမည် “ရေသည်မမ” ဆိုတာနဲ့လဲ လိုက်ဖက်ညီပါ့ပေ့။
အသစ်တွေဆက်ရေးပါအုံး .. သော်ရေ …. ပျင်းမနေနဲ့နော် …

Anonymous said...

If you don't know , you bypass it

Get Yangoncity FM Radio toolbar. Written partly using Burmese true-blue Unicode font.(Of course, not like in the one used in this blog-sub/non standard private font)

http://yangoncityfm.ourtoolbar.com

henry said...

အားပေးတယျ
နောကျထပျမြားမြားရေးပါ
ဖတ်ရတာေတာ်ေတာ်ကုိ စိတ်ချမ်းသာတယ်
အရေးအသားေတာ်ေတာ်ကုိေကာင်းတယ်ဗျာ