လာရောက်ဖတ်ရှုကြသူအားလုံးကိုကျေးဇူးပါရှင် Mee Mee Thaw Gyi

Saturday, November 18, 2006

အပျင်းပြေလေး

မီးသော်ကြီး ၁ ယောက် ဘာကိုမှ မယ်မယ်ရရ လုပ်လိုက်တယ်မရှိပဲ တနေ့တာကာလကို အချိန်ကိုဖြုန်းတီးခြင်း ဆိုတဲ့ လုပ်ရပ်နဲ့ ကုန်ဆုံးလိုက်ပါတယ်။ မီးသော်ကြီးစဉ်းစားကြည့်မိတယ်။ ရေသည်မမ၏ စိတ္တဇအတွေးများ ဟာလဲ ယောင်ချာချာနဲ့ ဦးတည်ရာမဲ့နေသလို။ ဒီလိုပုံစံမျိုးနဲ့ဆိုရင်တော့ မဖြစ်သေးပါဘူးလို့ မီးသော်ကြီးတွေးမိ တယ်။ ကိုယ့်ဘလော့ကိုမှ အချိန်ပေးပြီး ၀င်ရောက်လာလည်သူတွေကို ဒီလိုပုံစံမျိုးနဲ့ ဧည့်ခံနေဖို့ မသင့်ဘူးဆို တာ။ အဲလို အတွေးမျိုးတော့ တွေးမိပါရဲ့ ။ ဘယ်လိုအရာမျိုးတွေ ပေးရမလဲဆိုတာကျတော့ မီးသော်ကြီးတို့က ဝေးသွားပြန်ရော။

မီးသော်ကြီးက စာတွေပေတွေကို အခြားသောသူများ ရေးသားနေကြသလို ဖွဲ့နွဲ့စွာ ပြောင်မြောက်စွာလဲ မရေးတတ်။ မီးသော်ကြီးရဲ့ ငယ်စဉ်တောင်ကျေး ခလေးဘ၀ထဲကပဲ။ မီးသော်ကြီးက စာစီစာကုံးကိုလဲ ကြောက်ခဲ့သေးတာ။ အဲဒီတော့ ကဲ … ဘယ်လိုလုပ်ကြပါ့မလဲ။ ကိုယ့်ဘလော့လေးကိုလဲ လာဖတ်စေချင်တယ်။ အများသူငါတွေရဲ့ ဘလော့တွေများလို စာအရေးအသားနဲ့လဲ မစွဲဆောင်နိုင်၊ ဗဟုသုတ ဆိုတာမျိုးတွေကလဲမပါ။ အဲဒီတော့မထူးပါဘူး မီးသော်ကြီးရဲ့ အတိတ်ကပုံရိပ်တွေ၊ မီးသော်ကြီးရဲ့ ကဗျာမဆန်တဲ့ အတွေးတွေ၊ မီးသော်ကြီးရဲ့ စိတ်ကူးတွေ၊ မီးသော်ကြီး ဖတ်မိသမျှစာအုပ်တွေ၊ အဲတာမျိုးလေးတွေကိုပဲ ၀င် ရောက်လာလည်သူ သူငယ်ချင်း အပေါင်းအသင်းများကို မျှဝေခံစားနိုင်အောင်ပဲ မီးသော်ကြီးက ကြိုးစားရ တော့မှာပေါ့။

စိတ္တဇအတွေးလို့ ဆိုခဲ့တဲ့အတိုင်း စိတ္တဇဆန်တာမျိုးတွေပဲ ဖြစ်နေလိမ့်မယ် ထင်တယ်။ အားလုံး ကြားဘူးကြတဲ့အတိုင်း လူ့စိတ်က မျောက်စိတ်ဆိုတာမျိုးပေါ့။ ဒီမနက် မီသော်ကြီးတို့ ထုံးစံအတိုင်း အိပ်ရာနိုးတော့ စာအုပ်တစ်အုပ်ယူပြီး အခန်းအပြင်ထွက်လာပြီး ချောင်ကုပ်တော့တာပေါ့။ ဖတ်နေရင်းနဲ့ ဒီစာလေး ငါ့ဘလော့မှာ တင်ထားလိုက်ပါဦးမယ်လေ ဆိုပြီး အတွေးရတာနဲ့ မီးသော်ကြီးတင်လိုက်ပါတာပါ။ စာရေးသူကတော့ မောင်မြကြိုင်။ ကလေးစာပေ ပထမဆုရခဲ့ဘူးတဲ့ စာအုပ်လေး ၁ အုပ်ပေါ့။ အညာဒေသ နေထိုင်သူတို့ရဲ့ဘ၀ ဒီဝတ်ထုလေးမှာ ပါဝင်တဲ့ ညိုမလေးရဲ့ ခလေး ၁ ယောက်ရဲ့ အတွေးနဲ့အမြင်၊ သူမလေးရဲ့ ရိုးသားမှု၊ အဲတာလေးတွေက စာဖတ်သူတွေကို ဆွဲဆောင်နိုင်မှာပါ။ မီးသော်ကြီးလဲကြိုက်တယ်။ မီးသော်ကြီးလဲ အညာသူပဲလေ။ အမှန်က ဒီစာအုပ်လေးက ၀တ်ထုတိုလေးတွေကို စုပေါင်းထားတာပါ။ ခုတော့ အဲထဲက ကောင်းမယ်ထင်တာလေး ၁ ပုဒ်ကို မီးသော်ကြီး တင်ပေးလိုက်တာပါ။ ဖတ်ကြည့်လိုက်ပါနော်။

(((( မြန်မာမလေး )))))

“ ကဲ … စံရစ်ဝိုင်းလေး အလှည့် ” ဆရာက ခေါ်ပြန်လေပြီ။ ညိုမ မကြိုက်ပါ။ ပြန်မပြောရဲသဖြင့်သာ အောင့်ခံ နေလိုက်ရသည်။
ကေသီ၊ စန်ဒါ၊ သန်ဒါလဲ့၊ အိထွေး၊ သီတာ စသည်ဖြင့် ဒုတိယတန်းကျောင်းသူ ၁၃ ဦးရှိသည်။ သူတို့ကို အမည်ရင်းအတိုင်း ခေါ်သော်လည်း မိမိကိုမူ “ညိုမ”ဟု မခေါ်။ “ဆံရစ်ဝိုင်းလေး” ဟူ၏။
ခေါင်းပေါ်ရှိ ဆံရစ်ဝိုင်းလေးကြောင့်သာ ဖြစ်သည်။ ကျန်မိန်းကလေးအားလုံး ခေတ်ပေါ် ဆံတို ပုံစံများသာ ဖြစ်သည်။ ညိုမက သူများထက် ခေတ်နောက်ကျနေ၏။ ထူးခြားနေသည်။ မတတ်နိုင်ပါ။ လူကြီးများက ဆံရစ်ဝိုင်းထားမှ မြန်မာသည်၊ တင့်တယ်သည် ဆိုကြ၏။
“ ဆံရစ်ဝိုင်းမလေး ဆရာမေးတာဖြေလေ ”
“ ရှင် ... ဆရာ ... ဘာ ”
“ သည်ကလေးမ ငိုင်တိုင်တိုင်နဲ့ ”
ဆံရစ်ဝိုင်းအကြောင်း စဉ်းစားမိသဖြင့် ဆရာဘာမေးလိုက်သည်ကို သတိမထားမိခဲ့ပါ။ ဆရာ့ကိုလဲပြန်မမေးရဲပါ။
“ ကျွန်မ မဖြေတတ်ပါဘူး ဆရာ ”
ညိုမ အလွယ်နည်းကို အသုံးပြုလိုက်ရသည်။ လက်ဝါးကိုပေတံနဲ့ ခတ်ဆတ်ဆတ်လေး အရိုက်ခံလိုက်ရသည်။ ဆရာမေးမည့် အမျိုးသားနေ့အကြောင်း ညိုမ အလွတ်ရခဲ့ပြီးဖြစ်၏။ မေးလိုရာမေး ဖြေနိုင်သည်။ သို့သော် “ ဆံရစ်ဝိုင်း ” ကြောင့် ညိုမ အရိုက်ခံလိုက်ရသည်။ ညိုမသည် တစ်ပတ်လျှို တင်းတင်းထုံးထားသော မိမိဆံထုံးလေးကို ကိုင်ကြည့်နေမိသည်။
“ သည် ဆံရစ်ဝိုင်းလေး မရှိမှ ”
တပို့တွဲလတွင် ပွဲတော်ရှိသည်။ ဆံပင်အလှပြင်ဆိုင်တွေ လာလိမ့်မည်။
x x x x x x
“ အမေ ကျွန်မ ဒိုင်ယာနာပုံ ဆံပင်ညှပ်ချင်တယ် ”
“ အလိုတော် ”
ပွဲတော်ခင်းသို့ ရောက်ရောက်ချင်း ပူဆာသည်။ ဘွားအေကြီး အမေစုမှာ အလန့်တကြား အံ့အားသင့်သွားသည်။ “ ပေါက်ပေါက်ရှာရှာ ညိုမရယ် ညည်း ဘာစိတ်ကူးပေါက်လာတာလဲဟင် ”
“ သူငယ်ချင်းအားလုံး ဆံထုံးမရှိကြတော့ဘူး အမေရဲ့ ။ သရီးစတက်ပုံ၊ စန်ဒါကေ၊ ဆံတိုဂုတ်ဝဲ၊ ဒိုင်ယာနာပုံ၊ အို ... စုံလို့စုံလို့။ ကျွန်မ တစ်ယောက်တည်း ဆံရစ်ဝိုင်း ဖြစ်နေတယ်။ ကျောင်းမှာ ဆရာကြီးရော ဆရာလေးပါ ဆံရစ်ဝိုင်းလေးတဲ့။ ကျွန်မရှက်တယ် ”
“ အယ် … တော်။ ဆံရစ်ဝိုင်လေးနဲ့ လှလို့ ချစ်စနိုးခေါ်တာပဲဟာ ”
“ မြို့က ဧည့်သည်တွေလာရင်လဲ ၀ိုင်းကြည့်ကြတယ်။ မနေတတ်ဘူး ”
အမေစုမှာ သူ့မြေးအတွက် သက်ပြင်းချလိုက်မိသည်။
“ သူများတွေ ဆံပင်တောင် ကောက်ကြသေးတယ်။ ကျွန်မက ရိုးရိုးပဲ ဆံပင်တိုပစ်မှာပါ။ ဆံပင်ညှပ်ခလဲ ကျွန်မ စုထားတာပါ။ ဟောသည်မှာ ”
ညိုမသည် ပလပ်စတစ်အိပ်ဖြင့် အသင့်ထည့်ယူလာသော အကြွေနုတ် ခုနှစ်ကျပ်တမတ်ကို ထုတ်ပြသည်။
“ ခက်ပါလား ညိုမရယ်။ ဆံပင်ကို အရှည်က အတိုဖြတ်ပစ်ရမယ်လို့၊ နှမြောစရာ။ ဆံရစ်ဝိုင်းလေးနဲ့ပဲ လှပါတယ် ငါ့မြေးရယ် ”
အမေစုက ညိုမအား ချော့မော့ဖျောင်းဖျသည်။ မရ။
“ ဆံပင်ရှည်ကို တိုပစ်ရင် ညည့်မအေက ကျောပြင်ကို ဗြောတီးမှာပဲ ”
“ ရိုက်လဲ ခံရုံပဲ အမေ။ တစ်ခါပဲအနာခံမယ်။ တစ်လျှောက်လုံး မရှက်ချင်ဘူး ”
“ အေးပါ။ စဉ်းစဉ်းစားစား လုပ်တာပေါ့။ ကဲ ... ညည်း ဘာဝယ်ချင်လဲပြော ”
အမေစုက ဆံပင်ညှပ်ဖို့မေ့သွားအောင် အရုပ်တန်းဘက်သို့ခေါ်ပြသည်။ ညိုမ ပါးပါသည်။ ၀ယ်ပေးသမျှလဲယူမည်။ ဆံပင်ကိုလဲ ဖြတ်ဖြစ်အောင်ဖြတ်မည်။ ဘွားအေကြီးက အလိုလိုက်နေကျ။ မိခင်ရိုက်လဲရိုက်ပါစေ။ အရုပ်ဆိုင်တွေ တန်းစီနေသည်။ လျှပ်စစ်ဖြင့်လည်းကောင်း၊ သံပတ်ဖြင့်လည်းကောင်း၊ လှုပ်ရှားသည့် နိုင်ငံခြားဖြစ်အရုပ်ဆိုင်နှင့် စက်ကူအရုပ်ဆိုင်များရှိလေသည်။
“ အမေဒါလေးအဖိုးမေးကြည့်ပေးပါ ”
နိုင်ငံခြားဖြစ်အရုပ်ဆိုင်မှ ၀က်ဝံရုပ်လေးကို လက်ညှိုးထိုး ပြလိုက်သည်။ သံပပတ်ပေးထားသော ၀က်ဝံလေးသည် ငါးမျှားတံဖြင့် ငါးမျှားနေသည်။ သံလိုက်ငါးမျှားချိတ်တွင် သံပြားငါးကလေး ကပ်ပါလာသည်။ စားရန် ပါးစပ်နားသို့ မြှောက်တင်ယူလာသည်။ ကွင်းကလေးနှင့် တိုက်မိပြီး ပြန်ကျသွားသည်။ နောက်တကြိမ်ထပ်မျှားနေပြန်သည်။
“ ဒါလေးက ဘယ်လောက်လဲကွဲ့ ”
“ လေးဆယ့်ငါးကျပ်ပါ အမေ... ”
“ အလိုတော် ”
အမေစု အလန့်တကြား အော်မိသွားသည်။ ညိုမကို လက်တို့ကာ ထိုဆိုင်ရှေ့ မှ ခပ်သုတ်သုတ် ထွက်ခွာခဲ့သည်။ ဆိုင်ရှင်မှာ ပြုံးရင်းကျန်ရစ်ခဲ့သည်။
“ အမေ့မှာ ငွေ ၃၀ ပဲပါတယ်။ လိုအပ်တာတွေ ၀ယ်ရဦးမယ်။ ညည်း ပြတဲ့အရုပ်က ဆန် ၁ ခွဲဖိုးထက် အများကြီး သာနေပါလား။ လာပါအေ ဖိုးဝရုပ်၊ ဇီးကွက်ရုပ်ဆိုင် သွားဝယ်ရအောင် ”
စက်ကူအရုပ်ဆိုင်မှ ညိုမနှစ်သက်သော ဖိုးဝရုပ် ၁ ရုပ်ကို ၀ယ်ဖြစ်သည်။ နောက် ... အိုးပုတ်ချိုးရုပ်ဆိုင်သို့ ၀င်ကြပြန်သည်။
“ ကဲ ... ငါ့မြေး ကြိုက်ရာရွေးပေတော့ ”
ညိုမသည် ထမင်းအိုး၊ ဟင်းအိုး၊ ဒယ်အိုး၊ လက်ဖက်ရည်အိုး၊ လက်ဖက်ရည်ပန်းကန်နှင့် ဗေဒါဘူးငယ်လေးများကို စိတ်တိုင်းကျ ရွေးချယ်နေသည်။ လျှပ်လက်သကဲ့သို့ ၀င်းခနဲလက်သွားသည်။ အမေစု၊ ဆိုင်ရှင်နှင့် ညိုမတို့ အံ့အားသင့်သွားကြသည်။
“ လန့်သွားသလား ကလေးမ။ ဦးက အိုးပုတ်ချိုးရုပ် ရွေးနေတာ သဘောကျလို့ ဓါတ်ပုံရိုက်ယူလိုက်တာပါ ”
ကင်မရာကို လွယ်ထားသည့် ခန့်ညားသော လူကြီးကိုမြင်တွေ့ရသည်။
“ ရွေး ... ကလေးမ ကြိုက်တာယူ။ အဖိုးကျသမျှ ဦးကပေးပါ့မယ် ”
“ သူများ အလကားပေးတာ မယူရဘူးလို့ ဘက မှာထားတယ်ဦးရယ် ”
“ အလကားပေးတာ မဟုတ်ပါဘူး။ ဦးက စာရေးဆရာ။ အိုးပုတ်၊ ချိုးရုပ်၊ ဖိုးဝရုပ်အကြောင်း စာရေးဖို့ ဓါတ်ပုံရိုက် ယုတာပါ။ ဓါတ်ပုံရိုက်ခပေါ့။ ကလေးမက ဆံရစ်ဝိုင်း ကလေးနဲ့ ပင်နီနဲ့ ယောထမီနဲ့ ဆိုတော့ သိပ်ကောင်း၊ သိပ်မြန်မာဆန်တာပေါ့။ သဘာဝကျအောင် တိတ်တိတ်ကလေး ချောင်းရိုက်လိုက်ရတယ်။ မဂ်ဂဇင်း စာအုပ်ထဲ ထည့်ဖို့ပါ”
“ ဟောတော် ... ကျွန်မပုံ စာအုပ်ထဲထည့်မယ် ”
“ ဟုတ်တယ်။ ငွေတာရီ မဂ်ဂဇင်းထဲမှာ ဆောင်းပါးနဲ့ တွဲထည့်ပါရစေ ”
“ ဟင် ... ရှက်စရာကြီး။ ဆံရစ်ဝိုင်း ဆံထုံးကြီးနဲ့ ”
“ ဆံရစ်ဝိုင်းမို့ ပိုသဘောကျတာပေါ့။ ဆံတို ဂုတ်ဝဲတွေကြားမှာ ဆံရစ်ဝိုင်း ရှားနေပြီ။ ဂုဏ်ယူစမ်းပါ ကလေးမရယ်။ မြန်မာပြည်ထဲက မြန်မာပီသတဲ့ အညာသူ မြန်မာမလေးအဖြစ် ၀မ်းသာစမ်းပါ။ ”
စာရေးဆရာနှင့် ညိုမတို့ ပြောနေသည်ကို အမေစုက ပြုံးပြုံးကြီး နားထောင်လျက်ရှိသည်။ ညိုမယူသမျှ အိုးပုတ်ဖိုးကို စာရေးဆရာကြီးက ပေးချေလိုက်၏။ နောက် ဖိုးဝရုပ်ဆိုင်ရှေ့တွင် ပုသိမ်ထီးကလေးဆောင်းကာ အရုပ်ကြည့်နေဟန် ဓါတ်ပုံရိုက်သေး၏။
ညိုမ လိပ်စာကိုလည်း မှတ်ယူထားလိုက်လေသည်။ ညိုမ ဆံပင်ညှပ်ရန်စိတ်မကူးတော့ပါ။ စုထားသောငွေနှင့် ပလတ်စတစ် မိန်းကလေးရုပ် စုဘူးလေးဝယ် ယူလာခဲ့သည်။
x x x x x x x
မကြာမီ ညိုမတို့အိမ်သို့ စာရေးဆရာကြီး ရောက်လာသည်။ ပွဲတော်တွင် ရိုက်ခဲ့သော ရောင်စုံဓါတ်ပုံ နှစ်ပုံကို မှန်ဘောင်သွင်းပြီး လက်ဆောင်ပေးသည်။ ညိုမတို့ မိသားစုနှင့်လည်း ခင်မင်ရင်းနှီးသွား၏။ အမည်ရင်းမှာ ဦးထူးဖြစ်သည်။ စာရေးရာတွင် ကလောင်အမည်မှာ ( မြန်မာမှု မောင်ထူး ) ဖြစ်ကြောင်း သိရသည်။ စာရေးဆရာကြီးကို အတင်းတားပြီး ထမင်း ၁ နပ် ကျွေးလိုက်သည်။ နောက်လေးလခန့်ကြာသောအခါ ညိုမအတွက် ငွေတာရီ မဂ်ဂဇင်းတစ်အုပ် လက်ဆောင်ရပြန်သည်။ အိုးပုတ်၊ ချိုးရုပ်၊ ဖိုးဝရုပ် ဆောင်းပါးပါသည်။ ညိုမ၏ ရောင်စုံဓါတ်ပုံနှစ်ပုံကို ပန်းချီအမွမ်းအမံများဖြင့် တခမ်းတနား ဖေါ်ပြထားသည်ကို တွေ့ရသည်။ ညိုမ၏ ပုံများကို မြန်မာပြည်အနှံ့ စာဖတ်သူတို့ တွေ့မြင်ကြရတော့မည်။ ညိုမ ဂုဏ်ယူပါသည်။ ဆံရစ်ဝိုင်းလေးကြောင့် ညိုမသည် မြန်မာပြည်ထဲက မြန်မာဆန်သော အညာသူ မြန်မာမလေး ဖြစ်ရလေပြီကော။------။


1985ခုမှာ စာပေဗိမာန် စာမူဆု၊ ကလေးစာပေ ပထမဆုရပြီး 1987ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ မောင်မြကြိုင်ရဲ့ အညာသူလေးညိုမ ဆိုတဲ့ စာအုပ်လေးထဲက စာတပုဒ်ပါ။ ကြိုက်နှစ်ကြမှာပါ။

1 comment:

Google Myanmar Services said...

လာလည်သွားတယ်
cbox မှာ ဘာမှရေးလို့လဲမရဘူး
www.photochitoo.blogspot.com
လာလည်ပါအုံး