မီးသော်ကြီးကို နင်ရော အဲလိုတွေ လုပ်နိုင်ပါ့မလား လို့တော့ မမေးနဲ့။ ဘာမှမဖြစ်တဲ့ ချိန်ဆိုရင်တော့ အင်း ရတာပေါ့၊ ဖြစ်ပါတယ်လို့ ဖြေလိုက်မှာ။ တကယ်တမ်းကြရင်တော့ ဒေါသဆိုတာလေးက ရှေ့ကနေ ပြေးနှင့်တာ။ ခန္တီစ သီးခံခြင်းသည်၊ မြတ်၏ ဆိုတာရဲ့ နောက်ကနေ သို့သော်ခံသင့်မှ ခံရာ၏ လို့တောင် ထည့်ရမလိုပဲ။ အမှန်ကတော့ အသက်အရွယ်အလိုက်လို့ပဲ ပြောရမလိုပါပဲလေ။ မီးသော်ကြီးတို့လို လူလတ်ပိုင်း ခေါ်မလား အရွယ်ကျတော့ လူငယ် ဆယ်ကျော်သက်လေးတွေလို ၀ုန်းဒိုင်းကျဲ သွေးမဆူတော့ပေမယ့်၊ လူကြီးပိုင်းတွေလောက်လဲ သွေးအေးပြီး ဆင်ခြင်တုံ ဆိုတာနဲ့လည်း မဖြေသိမ့်နိုင်ပါဘူး။ ဒေါသဆိုတာကြီး ရှေ့တန်းတင်ထားတာမျိုး မဟုတ်ပေမယ့် ကိန်းအောင်းခွင့်တော့ ပေးထားသေးတာ။ မှန်တာပြောရင် ဒီအသက် ဒီအရွယ်၊ ဒီလောက၊ ဒီပတ်ဝန်းကျင်မျိုးမှာ နေကြတဲ့ ပုထုဇဉ် လူသားတွေမှန်သမျှ ဒေါသတွေ၊မာန်မာနတွေ၊ အတ္တတွေကို ဘယ်သူကမှ မကင်းနိုင်ကြပါဘူး။ မကင်းနိုင်ဘူး ဆိုတာကိုတော့ မီးသော်ကြီး လက်ခံပါတယ်။ အရွယ် ငယ်သူကိုပဲဖြစ်ဖြစ်၊ ကြီးသူကိုပဲဖြစ်ဖြစ်၊ တန်းတူကိုပဲဖြစ်စေပေါ့ အညှိုး ဆိုတာမျိုးကြီး ထားပြီးတော့ မတုန့်ပြန်သင့်ဘူး ထင်တာပဲ။ ပျော်ရွှင်ခဲ့ဘူးတာတွေကို ကျောက်သားထက်မှာ ရေးပြီးတော့၊ စိတ်ဆိုးဖူးတာ၊ စိတ်ကောက်ဖူးတာ၊ အထင်လွဲဖူးတာမျိုးတွေကို သဲပေါ်မှာပဲ ရေးသင့်တယ်။ မီးသော်ကြီးတော့ အဲလိုပဲ စိတ်ထားတယ်။ အမှန်က မီးသော်ကြီးက သဘောထားတွေ ပြည့်ဝနေလို့ အဲလို သဘောထားတာတော့ မဟုတ်ဘူး။ ဘာမဟုတ်တဲ့ ကိစ်စလေးနဲ့ မီးသော်ကြီး စိတ်ကို အပင်ပန်း မခံစေချင်လို့။ သူက ငါ့ကို ဒီလိုလုပ်သွားပါလား ဆိုပြီးတော့ အခဲမကြေပြီး နိုင်လိုမှုတွေ၊ အာဃာတတွေ ထားနေမယ်ဆိုရင် မီးသော်ကြီး ဒီလို စိတ်လက်ပေါ့ပါးစွာ နေနိုင်ပါဦးမလားနော်။ ဘယ်လိုကိစ်စမျိုးကိုမဆိုပေါ့။ အချစ်ရေးမှာပဲဖြစ်စေ၊ လူမှုရေးမှာပဲဖြစ်စေ မီးသော်ကြီးတော့ စိတ်ကို ဒုက်ခ မခံစားစေချင်ဘူး။ အချစ်ရေးလို ဟာမျိုးကျ ပိုဆိုးတာပေါ့။ နူးညံ့သိမ်မွေ့တဲ့ အချစ်ဆိုတာကို ကိုယ့်လိုဘ မပြည့်တာနဲ့ အရုပ်ဆိုး အကျည်းတန်သွားအောင်တော့ မလုပ်ချင်ဘူး။ အချစ်ဆိုတာ မျောက်ပြပြီး ဆန်တောင်းသလိုလဲ မလုပ်သင့်သလို၊ ဆန်ပေးမှ ဆီရတာမျိုးကိုလဲ အချစ်လို့မထင်ဘူး။ မီးသော်ကြီး ပြောချင်တာနဲ့ ပြောနေတာတွေက လွဲကုန်ပြီ။ အချစ်ဆိုတဲ့ ဒသနဆန်တဲ့ အရာဘက်ကို ရောက်သွားတယ်။ မီးသော်ကြီး ကိုယ်တိုင် ရှင်းရှင်းမသိတဲ့ ဒီအကြောင်းအရာကို ခဏထားခဲ့လိုက်မယ်။ ဖြစ်တယ်မလား။ မီးသော်ကြီးက အဲတာမျိုးကို ဆွေးနွေးနိုင်လောက်တဲ့ထိ နားလည်တတ်ကျွမ်းမှု မရှိသေးဘူးလို့ ထင်တယ်။
ဒီလိုလေ ဒေါသတွေ မာန်မာနတရားတွေ၊ အတ္တတွေ၊ အာဃာတတွေနဲ့ ပြည့်နှက်နေရင် လောကကြီးက ဘယ်လိုမှ ကြည်လင်နေမှာတော့ မဟုတ်ဘူး။ အဲတာကို ပြောချင်တာပါ။ တကယ်လို့များ ကိုယ့်နီးစပ်ရာ ကိုယ်ပတ်ဝန်းကျင် ကိုယ့်အပေါင်းအသင်းတွေထဲမှာ အကြောင်းကြောင်းကြောင့်များ အားငယ်နေသူတွေ ရှိနေခဲ့မယ်ဆိုရင် မီးသော်ကြီးတို့တစ်တွေ ၀ိုင်းပြီး အားပေးကာ နှစ်သိမ့်ကြခြင်းဖြင့် ဒေါသတွေ၊ မာန်မာနတွေ၊ အတ္တတွေ၊ အာဃာတတွေကို အတတ်နိုင်ဆုံး ဖျောက်ဖျက်ပစ်ကြရအောင်လားနော်။ မီးသော်ကြီးရဲ့ တယ်ဂျင်းတို့တွေက ရေနစ်သူကို ၀ါးကူမထိုးကြလောက်ဘူး ဆိုတာတော့ မီးသော်ကြီး ယုံကြည်ပါတယ်။ သံသရာဆိုတာ လည်ပတ်နေတာပါ။ တစ်ခါတစ်ရံမှာ ပြောလေ့ရှိကြတဲ့ ၀ဋ်ဆိုတာ လည်တတ်ပါတယ် ဆိုတာကလဲ ရိုးရိုးသာမန်စကားတော့ မဟုတ်ဘူးလို့ ထင်တယ်။ မီးသော်ကြီးလည်း ကြောက်တယ်။ ၀ဋ်လည်မှာကိုတော့။ မီးသော်ကြီးရဲ့ အလှည့်ဆိုတာ ရောက်မလာဘူးလို့ကော မီးသော်ကြီးက အာမခံနိုင်ပါ့မလား။ အဲဒါကြောင့် သူများကိုလည်း မီးသော်ကြီး ဒေါသမီးတွေ ထိန်ထိန်ငြီးနေအောင် ထွန်းပြီးတော့ အမြဲတန်း မစ္ဆရိယစိတ်တွေ ပွားများ၊ သောကတွေ မွေးထားပြီးတော့ လက်တုန့်ပြန်ဖို့ ဆိုတာမျိုးကို မတွေးရဲဘူး။ မီးသော်ကြီး အလှည့်ကျရင်လဲ မီးသော်ကြီး ခံနိုင်မှာ မဟုတ်လို့လေ။ ကိုယ့်အလှည့်ဆိုတာ ရောက်လာချိန်ကျမှ ၀ဋ်ကြွေးရှိသမျှ ဒီဘ၀သာလျှင် ကျေပါစေတော့လို့ ပြောမယ့်အစား လည်လာချိန်မှာ လျှော့နည်းစေဖို့ရာ ကြိုတင်ပြီး စောင့်ထိန်းတာသာလျှင် ပိုမကောင်းပေဘူးလားနော်။ မီးသော်ကြီး ဒီလိုရေးလို့ လှံဖျား ပုဇဉ်းနားတာ ကျီးကန်းက ချေးပါနေတယ်လို့ပြောလည်း မီးသော်ကြီးခံရမှာပဲ။ ဖြစ်လာမှ ကုတာထက်စာရင် ကြိုတင်ကာကွယ်တာက ပိုကောင်းပါတယ်။ အများသူငါတွေကို တချိန်လုံး စောင့်ကြည့် ဝေဖန်နေတာထက်စာရင် မိမိကိုယ်မိမိ ပြန်လည်သုံးသပ် ဆင်ခြင်ပြီး ငါဆိုရင်ကော ဆိုပြီး ကိုယ်ချင်းစာစိတ်လေးနဲ့ တွေးပေးရင် မိသားတစ်စုကြားမှာပဲဖြစ်စေ၊ သူငယ်ချင်း အပေါင်းအသင်းတွေ ကြားမှာပဲဖြစ်စေ ပိုပြီးတော့ နွေးထွေးတဲ့ သံယောဇဉ်တွေ ရရှိလာမှာပဲ မဟုတ်လား။ တယ်ဂျင်းတို့ရေ ... အကြိမ်ကြိမ် မဟုတ်တောင်မှ တစ်ကြိမ်သာဖြစ်စေ ကိုယ်ချင်းစာစိတ်လေးနဲ့ တွေးပြီး နေကြည့်ရအောင်လားနော်။ ကျင့်သားရလာပြီဆို အကြိမ်ကြိမ်တိုင်းမှာ လုပ်နိုင်လာမှာပါ။ ကဲ ... ခုပဲ စလိုက်ကြစို့နော်။ - ။