လာရောက်ဖတ်ရှုကြသူအားလုံးကိုကျေးဇူးပါရှင် Mee Mee Thaw Gyi

Thursday, December 14, 2006

ကဲ ... ခုပဲစလိုက်ကြစို့လား

ဒီတလော မီးသော်ကြီး ထူးဆန်းတာတွေ ဆက်တိုက် ကြုံတွေ့နေရပါတယ်။ လူ ၁ ခု ပူမှုရယ်တဲ့ ၁၀ ကုဋေ ဆိုတာမျိုးလိုပေါ့။ ဘယ်သူတွေက ဘယ်လိုမျိုးတွေလုပ်ပြီး ဘာတွေ ကြံစည်နေကြတယ် ဆိုတာကိုတော့ မီးသော်ကြီးရဲ့ ဥာဏ် ၁ ထွာ ၁ မိုက် လေးကြောင့် လိုက်မမှီခဲ့ပါဘူး။ ခုတော့ ကြုံလာတာတွေက ညက်လုံး စကောဝိုင်း လောက်တောင် ဖြစ်စေနေပါရောလား။ အော် ... အလုပ်ရှိလျက်နဲ့လည်း ကြောင် ရေချိုးပေးနေကြ ပါလားပေါ့။ မီးသော်ကြီးဖြင့် မအားလို့ ဒီရှိစုမဲ့စု ဘလော့လေးတောင်မှ လှည့်မကြည့်ဖြစ်ဘူး။ လာပြီး အားပေးနေတဲ့ တယ်ဂျင်းတွေကိုလည်း အားနာတယ်။ မလေးမစား လုပ်မိနေသလိုလည်း ခံစားရတယ်။ ဒါပေမယ့်လည်း မျက်နှာပြောင်တိုက်ပြီး နေနေရတယ်။ မအားတာရယ်၊ စာရေးဖို့ စိတ်သွင်းလို့ မရတာရယ် ပေါင်းပြီး ဘာမှကို မရေးဖြစ်ဘူး။ ဒီတစ်လကတော့ ပို့စ် အရမ်းနည်းနေလိမ့်မယ် ထင်တယ်။ နည်းပေမယ့်လည်း ခွင့်လွှတ်သီးခံ နားလည်ပေးကြပါနော့်။ ခွင့်လွှတ်တယ်၊ သီးခံတယ် ဆိုတာ တကယ်တမ်းတော့ လွယ်တဲ့အလုပ်မျိုး မဟုတ်ပါဘူးပဲ။ လူသား ပုထုဇဉ်တွေပဲလေ ...။ ခု လက်ရှိ မီးသော်ကြီးတို့ ကျင်လည်နေတဲ့ ခေတ်မှာ ပိုဆိုးတာပေါ့။ ဒီလို ခေတ်လို့ ရေးလိုက်လို့ ဘာတွေများလည်းဆိုပြီး ဇွတ်ကြီး အထင်မကြီးလိုက်ပါနဲ့။ မီးသော်ကြီးက နားလည်လို့ မဟုတ်ပါဘူး။ တွေ့နေ မြင်နေတာလေးတွေကြောင့်သာ အဲလို သုံးလိုက်တာ။ ဟုတ်တယ်လေ။ လူတွေက နေ့စဉ်နဲ့အမျှ စားဝတ်နေရေး အဆင်ပြေဖို့အရေး လုံးပန်းနေကြရတဲ့ အလျောက် စိတ်တွေက ပင်ပန်းနွမ်းနယ်နေကြတာ။ စိတ်အပန်းဖြေဖို့အရေးက နောက်နေ့အတွက် အဆင်ပြေဖို့အရေးနဲ့ တွေးလိုက်ရင် အပန်းဖြေရေးဆိုတာက အလိုလို ဘေးရောက်သွားတာလေ။ အဲလိုပဲ နေ့စဉ်ဖြစ်လာတော့ လူပန်းစိတ်ပန်းနဲ့ ဘယ်မှာလာပြီး သီးခံခြင်းတွေ၊ နားလည်ခြင်းတွေ၊ ခွင့်လွှတ်ခြင်းတွေက အလွယ်တကူ ဖြစ်လာနိုင်တော့မလဲနော်။

မီးသော်ကြီးကို နင်ရော အဲလိုတွေ လုပ်နိုင်ပါ့မလား လို့တော့ မမေးနဲ့။ ဘာမှမဖြစ်တဲ့ ချိန်ဆိုရင်တော့ အင်း ရတာပေါ့၊ ဖြစ်ပါတယ်လို့ ဖြေလိုက်မှာ။ တကယ်တမ်းကြရင်တော့ ဒေါသဆိုတာလေးက ရှေ့ကနေ ပြေးနှင့်တာ။ ခန္တီစ သီးခံခြင်းသည်၊ မြတ်၏ ဆိုတာရဲ့ နောက်ကနေ သို့သော်ခံသင့်မှ ခံရာ၏ လို့တောင် ထည့်ရမလိုပဲ။ အမှန်ကတော့ အသက်အရွယ်အလိုက်လို့ပဲ ပြောရမလိုပါပဲလေ။ မီးသော်ကြီးတို့လို လူလတ်ပိုင်း ခေါ်မလား အရွယ်ကျတော့ လူငယ် ဆယ်ကျော်သက်လေးတွေလို ၀ုန်းဒိုင်းကျဲ သွေးမဆူတော့ပေမယ့်၊ လူကြီးပိုင်းတွေလောက်လဲ သွေးအေးပြီး ဆင်ခြင်တုံ ဆိုတာနဲ့လည်း မဖြေသိမ့်နိုင်ပါဘူး။ ဒေါသဆိုတာကြီး ရှေ့တန်းတင်ထားတာမျိုး မဟုတ်ပေမယ့် ကိန်းအောင်းခွင့်တော့ ပေးထားသေးတာ။ မှန်တာပြောရင် ဒီအသက် ဒီအရွယ်၊ ဒီလောက၊ ဒီပတ်ဝန်းကျင်မျိုးမှာ နေကြတဲ့ ပုထုဇဉ် လူသားတွေမှန်သမျှ ဒေါသတွေ၊မာန်မာနတွေ၊ အတ္တတွေကို ဘယ်သူကမှ မကင်းနိုင်ကြပါဘူး။ မကင်းနိုင်ဘူး ဆိုတာကိုတော့ မီးသော်ကြီး လက်ခံပါတယ်။ အရွယ် ငယ်သူကိုပဲဖြစ်ဖြစ်၊ ကြီးသူကိုပဲဖြစ်ဖြစ်၊ တန်းတူကိုပဲဖြစ်စေပေါ့ အညှိုး ဆိုတာမျိုးကြီး ထားပြီးတော့ မတုန့်ပြန်သင့်ဘူး ထင်တာပဲ။ ပျော်ရွှင်ခဲ့ဘူးတာတွေကို ကျောက်သားထက်မှာ ရေးပြီးတော့၊ စိတ်ဆိုးဖူးတာ၊ စိတ်ကောက်ဖူးတာ၊ အထင်လွဲဖူးတာမျိုးတွေကို သဲပေါ်မှာပဲ ရေးသင့်တယ်။ မီးသော်ကြီးတော့ အဲလိုပဲ စိတ်ထားတယ်။ အမှန်က မီးသော်ကြီးက သဘောထားတွေ ပြည့်ဝနေလို့ အဲလို သဘောထားတာတော့ မဟုတ်ဘူး။ ဘာမဟုတ်တဲ့ ကိစ်စလေးနဲ့ မီးသော်ကြီး စိတ်ကို အပင်ပန်း မခံစေချင်လို့။ သူက ငါ့ကို ဒီလိုလုပ်သွားပါလား ဆိုပြီးတော့ အခဲမကြေပြီး နိုင်လိုမှုတွေ၊ အာဃာတတွေ ထားနေမယ်ဆိုရင် မီးသော်ကြီး ဒီလို စိတ်လက်ပေါ့ပါးစွာ နေနိုင်ပါဦးမလားနော်။ ဘယ်လိုကိစ်စမျိုးကိုမဆိုပေါ့။ အချစ်ရေးမှာပဲဖြစ်စေ၊ လူမှုရေးမှာပဲဖြစ်စေ မီးသော်ကြီးတော့ စိတ်ကို ဒုက်ခ မခံစားစေချင်ဘူး။ အချစ်ရေးလို ဟာမျိုးကျ ပိုဆိုးတာပေါ့။ နူးညံ့သိမ်မွေ့တဲ့ အချစ်ဆိုတာကို ကိုယ့်လိုဘ မပြည့်တာနဲ့ အရုပ်ဆိုး အကျည်းတန်သွားအောင်တော့ မလုပ်ချင်ဘူး။ အချစ်ဆိုတာ မျောက်ပြပြီး ဆန်တောင်းသလိုလဲ မလုပ်သင့်သလို၊ ဆန်ပေးမှ ဆီရတာမျိုးကိုလဲ အချစ်လို့မထင်ဘူး။ မီးသော်ကြီး ပြောချင်တာနဲ့ ပြောနေတာတွေက လွဲကုန်ပြီ။ အချစ်ဆိုတဲ့ ဒသနဆန်တဲ့ အရာဘက်ကို ရောက်သွားတယ်။ မီးသော်ကြီး ကိုယ်တိုင် ရှင်းရှင်းမသိတဲ့ ဒီအကြောင်းအရာကို ခဏထားခဲ့လိုက်မယ်။ ဖြစ်တယ်မလား။ မီးသော်ကြီးက အဲတာမျိုးကို ဆွေးနွေးနိုင်လောက်တဲ့ထိ နားလည်တတ်ကျွမ်းမှု မရှိသေးဘူးလို့ ထင်တယ်။

ဒီလိုလေ ဒေါသတွေ မာန်မာနတရားတွေ၊ အတ္တတွေ၊ အာဃာတတွေနဲ့ ပြည့်နှက်နေရင် လောကကြီးက ဘယ်လိုမှ ကြည်လင်နေမှာတော့ မဟုတ်ဘူး။ အဲတာကို ပြောချင်တာပါ။ တကယ်လို့များ ကိုယ့်နီးစပ်ရာ ကိုယ်ပတ်ဝန်းကျင် ကိုယ့်အပေါင်းအသင်းတွေထဲမှာ အကြောင်းကြောင်းကြောင့်များ အားငယ်နေသူတွေ ရှိနေခဲ့မယ်ဆိုရင် မီးသော်ကြီးတို့တစ်တွေ ၀ိုင်းပြီး အားပေးကာ နှစ်သိမ့်ကြခြင်းဖြင့် ဒေါသတွေ၊ မာန်မာနတွေ၊ အတ္တတွေ၊ အာဃာတတွေကို အတတ်နိုင်ဆုံး ဖျောက်ဖျက်ပစ်ကြရအောင်လားနော်။ မီးသော်ကြီးရဲ့ တယ်ဂျင်းတို့တွေက ရေနစ်သူကို ၀ါးကူမထိုးကြလောက်ဘူး ဆိုတာတော့ မီးသော်ကြီး ယုံကြည်ပါတယ်။ သံသရာဆိုတာ လည်ပတ်နေတာပါ။ တစ်ခါတစ်ရံမှာ ပြောလေ့ရှိကြတဲ့ ၀ဋ်ဆိုတာ လည်တတ်ပါတယ် ဆိုတာကလဲ ရိုးရိုးသာမန်စကားတော့ မဟုတ်ဘူးလို့ ထင်တယ်။ မီးသော်ကြီးလည်း ကြောက်တယ်။ ၀ဋ်လည်မှာကိုတော့။ မီးသော်ကြီးရဲ့ အလှည့်ဆိုတာ ရောက်မလာဘူးလို့ကော မီးသော်ကြီးက အာမခံနိုင်ပါ့မလား။ အဲဒါကြောင့် သူများကိုလည်း မီးသော်ကြီး ဒေါသမီးတွေ ထိန်ထိန်ငြီးနေအောင် ထွန်းပြီးတော့ အမြဲတန်း မစ္ဆရိယစိတ်တွေ ပွားများ၊ သောကတွေ မွေးထားပြီးတော့ လက်တုန့်ပြန်ဖို့ ဆိုတာမျိုးကို မတွေးရဲဘူး။ မီးသော်ကြီး အလှည့်ကျရင်လဲ မီးသော်ကြီး ခံနိုင်မှာ မဟုတ်လို့လေ။ ကိုယ့်အလှည့်ဆိုတာ ရောက်လာချိန်ကျမှ ၀ဋ်ကြွေးရှိသမျှ ဒီဘ၀သာလျှင် ကျေပါစေတော့လို့ ပြောမယ့်အစား လည်လာချိန်မှာ လျှော့နည်းစေဖို့ရာ ကြိုတင်ပြီး စောင့်ထိန်းတာသာလျှင် ပိုမကောင်းပေဘူးလားနော်။ မီးသော်ကြီး ဒီလိုရေးလို့ လှံဖျား ပုဇဉ်းနားတာ ကျီးကန်းက ချေးပါနေတယ်လို့ပြောလည်း မီးသော်ကြီးခံရမှာပဲ။ ဖြစ်လာမှ ကုတာထက်စာရင် ကြိုတင်ကာကွယ်တာက ပိုကောင်းပါတယ်။ အများသူငါတွေကို တချိန်လုံး စောင့်ကြည့် ဝေဖန်နေတာထက်စာရင် မိမိကိုယ်မိမိ ပြန်လည်သုံးသပ် ဆင်ခြင်ပြီး ငါဆိုရင်ကော ဆိုပြီး ကိုယ်ချင်းစာစိတ်လေးနဲ့ တွေးပေးရင် မိသားတစ်စုကြားမှာပဲဖြစ်စေ၊ သူငယ်ချင်း အပေါင်းအသင်းတွေ ကြားမှာပဲဖြစ်စေ ပိုပြီးတော့ နွေးထွေးတဲ့ သံယောဇဉ်တွေ ရရှိလာမှာပဲ မဟုတ်လား။ တယ်ဂျင်းတို့ရေ ... အကြိမ်ကြိမ် မဟုတ်တောင်မှ တစ်ကြိမ်သာဖြစ်စေ ကိုယ်ချင်းစာစိတ်လေးနဲ့ တွေးပြီး နေကြည့်ရအောင်လားနော်။ ကျင့်သားရလာပြီဆို အကြိမ်ကြိမ်တိုင်းမှာ လုပ်နိုင်လာမှာပါ။ ကဲ ... ခုပဲ စလိုက်ကြစို့နော်။ - ။

1 comment:

Anonymous said...

လူဆိုတာ သူများမျက်ချေးပဲမြင်ပြီး ကိုယ့်မျက်ချေးမမြင်တတ်တဲ့ သဘာဝရှိပါတယ့့်  ကိုယ်ကသာလျှင်အကောင်း သူများမကောင်းဘူးလို့ ဆိုနေတဲ့လူတွေလဲ ရှိပါတယ့့်  ပါးစပ်က ဘုရားဘုရား လက်က ကားယားကားယားဆိုတဲ့လူတွေလဲ ရှိပါတယ့့်  ဒါပေမယ့် ကိုယ့်ကြောင့် သူများကို ထိခိုက်နစ်နာ သွားစေမယ်ဆိုရင် မလုပ်သင့်တာတော့ အမှန်ပါ့ ဒါပေသိ မျက်မှောက်မှာ ဖြစ်ရပ်မှန်တွေ ကြုံတွေ့ နေရတာကတော့ အသက်အရွယ်နဲ့မမျှတဲ့ အတွေး အခေါ့့်  အကြံအစည့့်  မလုပ်အပ်မလုပ်ထိုက်တဲ့ အပြုအမူတွေကို ငါ့ကိုယ်ငါ တော်လှဆိုပြီး လုပ်နေကြတဲ့သူတွေကို မျက်မြင်တွေ့လိုက်ရတော့ တရားကျမိပါရဲ့  ငယ်ငယ်တုန်းက သီချင်းလေးတစ်ပုဒ်နားထောင်ဖူးတယ့့်  ၀ဋ်မှာအမြဲ ငရဲမှာအပဆိုသည်ကြောင့်လဲ့  စသဖြင့် စိုင်းထီးဆိုင် ဆိုခဲ့သလိုပဲ ဘ၀ဆက်တိုင်း ငရဲက လွတ်နိုင်တယ်ထားဦး ၀ဋ်ကတော့ လည်ဦးမှာပါ့  ကံကြမ်မာရဟတ်ခြားလည်လို့ ကိုယ့်အလှည့်ကျရင်တော့ သူများကို ကြံစည်ခဲ့သလိုပဲ မနွဲ့စတမ်း အပြုံးမပျက် အခြိမ်းခြောက်မပျက့့် စည်းရုံးရေးမပျက်ပဲ မြင်ချင်စမ်းပါဘိ့ 
စာရေးသူလှုံ့ဆော်ထားတဲ့အတိုင်းပါပဲ ကျွန်တော်တို့ဘက်ကလည်း "လဲနေသူထူပေးပါ၊ အားငယ်သူအားပေးပါ" ဆိုတဲ့ စကားလေးအတိုင်းပဲ အမြဲတမ်း ရှိနေမှာပါ့  ကဲ cheer မီးသော်ကြီ့း့ 
ရာကွတ်