လာရောက်ဖတ်ရှုကြသူအားလုံးကိုကျေးဇူးပါရှင် Mee Mee Thaw Gyi

Saturday, March 17, 2007

ဘာရယ်တော့ မဟုတ်ပါဘူး

မီးသော်ကြီး စာအုပ်လေးတစ်အုပ် ကြားထဲကနေ စာရွက်လေး ၂ ရွက် ထွက်လာလို့ ကြည့်လိုက်တော့ ဟိုတစ်ချိန်တုန်းက လပြည့်ညရဲ့ ခံစားမှူလေးတွေ ဖြစ်နေတယ်။ မီးသော်ကြီးလည်း အဲလို စာရွက်ပိုင်းစလေးတွေနဲ့ ဟိုမရောက်ဒီမရောက် ရေးထားတာတွေ စည်းကမ်းရှိစွာ အသိမ်းကောင်းမှုကြောင့် ဘယ်တွေ ရောက်ကုန်တယ်တော့ မသိဘူး။ ခု ဒီစာရွက်လေးတွေတောင် ကံဆိုးလို့ မီးသော်ကြီးက လာတွေ့နေသေးတယ်။ မှတ်မှတ်ရရ ဖြစ်သွားအောင် မီးသော်ကြီးရဲ့ ဘလော့လေးမှာ တင်လိုက်မယ်နော်။ မူရင်းကိုပဲ စကမ်တင်ပြီး တင်မှာပါ။ ဒါပေမယ့် တစ်စောင်က ၀ါးနေတယ်။ မိတ္တူကူးပြီးမှ တင်လိုက်တာမို့လို့လေ ... သူ့မူရင်းအတိုင်းဆို စာရွက်က ကြီးနေတော့ စကမ်တင်ရတာ အဆင်မပြေလို့ နည်းနည်းသေးအောင် မိတ္တူဆွဲလိုက်တာ ဘယ်လိုတွေ ဖြစ်ကုန်တယ်မသိ ၀ါးနေရော။ အဲကြောင့် စာနဲ့လည်း သပ်သပ်ရေးပေးထားတယ်နော်။ မီးသော်ကြီးဆိုတာ အဲချိန်ထဲကနေ အဲမတိုင်ခင်ချိန်ထဲကနေ အဲလိုပေါခဲ့တယ် ဆိုတာ သက်သေပြသလိုပဲပေါ့နော်။ ဘာရယ်တော့ မဟုတ်ဘူး အမှတ်တရလေးပါ။
လ ... အရမ်းသာတယ်။ လ ... သာတာကို ကြည့်ရင်းနဲ့ တစ်ခုခုကို ခံစားကြည့်ချင်တယ်။ တိတ်ဆိတ်နေတဲ့ လောကကြီးဟာ လရောင်အောက်မှာ ပြားပြားဝပ်နေတယ်။ သူက ( လောကကြီးက ) အလိုက်သိစွာနဲ့ တိတ်ဆိတ်ငြိမ်သက်နေတယ်လေ။ အခုချိန်မှာ သဘာဝလောကကြီးက အရမ်းကို ချစ်စရာကောင်းနေတယ်။ လပြည့်ညရဲ့ နိဂုံးဆိုတာ လကွယ်ညရဲ့ နိဒါန်းတစ်ခုပဲ။ အခုချိန်မှာ ( လပြည့်ညမှာ ) အရမ်း လှပနေတဲ့ လောကကြီးက လကွယ်ည အခုချိန်ဆိုရင် မှောင်မိုက်ခြင်းအတိပြီးစွာနဲ့ ကြောက်စရာ သတ္တ၀ါဆိုးတစ်ကောင်နဲ့ အရမ်းကို တူနေလိမ့်မယ်။ အခုလို သာယာလှပနေတဲ့ ညတစ်ညမှာ ချစ်သူ ( ချစ်ရတဲ့သူ ) နှစ်ဦး ရှိနေခဲ့မယ်ဆိုရင် အရမ်းကို ကြည်နူးစရာကောင်းမှာပဲ။ လသာတဲ့ညမှာ လရောင်လှုံရင်းနဲ့ နှစ်ယောက်အတူ လမ်းလျှောက်မယ်ဆိုရင် ဒါမှမဟုတ် အရမ်းကိုသာယာနေတဲ့ လမင်းကြီးကို နှစ်ယောက်အတူ ကြည့်ရင်းနဲ့ တူညီတဲ့ ရင်ခုန်သံကို ခံစားမယ်ဆိုရင် အခုလို ပျင်းရိငြီးငွေ့စွာနဲ့ တစ်ဦးတည်းသာနေတဲ့ လမင်းကို အဖေါ်ပြုပေးရင်း တိတ်ဆိတ်ငြိမ်သက် ခြောက်သွေ့အထီးကျန်နေတဲ့ လောကကြီးကို သာယာစိုပြေအောင် လုပ်ပေးနိုင်လိမ့်မယ် ထင်တယ်။ လကွယ်ည ရောက်ခဲ့ရင်လည်း အနားမှာ အားကိုးစရာ ချစ်သူရှိနေတော့ ကြောက်စရာ မကောင်းတော့ဘူးပေါ့။ ( ခံစားကြည့်ချင်တယ် ) ကောင်းကင်မှာ သာနေတဲ့ လမင်းကြီးရေ နင်တစ်ဦးတည်း ဖြစ်နေလို့ ပျင်းများနေမလားပဲ။ တစ်ကယ်တော့ လဆိုတာ ကမ္ဘာရဲ့ အရံဂြိုလ် တစ်လုံးပဲလို့ သိပ္ပံပညာရှင် သုတေသီတွေက ပြောတယ်။ ငါ့အမြင်မှာတော့ ဆန်ဖွပ်နေတဲ့ အဖိုးအိုတစ်ယောက်နဲ့ ပြန့်ကျဲပြီး လွင့်စင်လာမယ့် ဆန်စေ့လေးတွေကို မျှော်လင့်နေတဲ့ ယုန်လေးတစ်ကောင်ကို ခြံခတ်ပေးထားတာနဲ့ တူတယ်လို့ မြင်တယ်။ ငယ်ငယ်တုန်းက ဖိုးလမင်းကြီးဆီကနေ ထမင်းဆီဆမ်း ရွှေလင်ပန်းနဲ့ပေးဖို့ တောင်းခဲ့ဘူးတယ်။ ဒါပေမယ့် အဖိုးကြီး ( ဆန်ဖွပ်တဲ့ အဖိုးကြီး ) က အရမ်း အိုနေပြီထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူဖွပ်နေတဲ့ ဆန်က အခုထက်ထိတိုင် ထမင်း ဖြစ်မလာသေးဘူးလေ။ သူဖွပ်နေတဲ့ စပါးတွေကိုကနေ ဆန် မဖြစ်သေးတာ ထင်တယ်နော်။ ငါမျှော်လင့်စွာနဲ့ လပြည့်ညတိုင်း ကြည့်မိတယ်။ ဒီနေ့ညထိ သူ ဆန်ဖွပ်နေတုန်းပဲလေ။ ဒါတွေထားလိုက်ပါ။ အေးမြတဲ့ လရောင်ကို ခံစားတာပဲ ကောင်းပါတယ်။ ဒါပေမယ့် အနားမှာ အဖေါ်မရှိတော့ ခံစားမှုက မပြည့်စုံတာရယ် ပိုပြီးပြင်းထန်တာရယ် ရောနေတယ်။ ဘာပဲဖြစ်ဖြစ်လေ လသာတဲ့လပြည့်ညမှာ သာနေတဲ့ လမင်းကြီးရဲ့ အေးမြတဲ့ အလင်းရောင်ကို ခံစားရင်းနဲ့ ဘယ်ချိန်မှာများ ရွှေလင်ပန်းနဲ့ ထည့်ထားတဲ့ ထမင်းဆီဆမ်း ရောက်လာမလဲဆိုတာ မျှော်လင့်နေတာပဲ ကောင်းပါတယ်နော် ... ဟုတ်တယ်မဟုတ်လား။
၂၄.၇.၂၀၀၂
ဝါဆိုလပြည့်၊ ဗုဒ္ဓဟူးနေ့၊ ည ၁၂နာရီ တိတိ
မနှစ်တုန်းကလည်း ၀ါဆိုလပြည့်နေ့မှာ စာတစ်စောင်ရေးဖြစ်တယ်။ ခပ်ကြောင်ကြောင် စာတစ်စောင်ပါ။ အဲဒါ - ဒီနေ့ရောက်တော့ သတိရမိတာနဲ့ နောက်တစ်စောင် ထပ်ရေးမိသွားတာ။ မနှစ်တုန်းက ဒီအချိန်မှာ တွေးမိတဲ့ အတွေးက ဒီနှစ်တွေးမိတာနဲ့ မတူဘူး။ မနှစ်တုန်းက လသာတာကိုကြည့်ပြီး ခံစားမိတယ်။ ဒီနှစ်က မနက်ဖြန် ဈေးနေ့မှာ ပိတ်စသွားဝယ်ပြီး စကတ် တစ်ထည် ချုပ်ဝတ်မယ်လို့ တွေးထားမိတယ်။ ဈေးလည်း လယ်မယ်ပေါ့။ နောင်နှစ် ဒီအချိန်မှာရော ဘာတွေများ တွေးမိဦးမလည်း မသိဘူး။ တစ်နှစ် ဆိုတာ ခဏလေးနဲ့ ကုန်သွားတယ်။ ဒါပေမယ့် ဖြစ်ပျက်ခဲ့တာတွေက အများကြီး - ပျော်ရွှင်စရာတွေ၊ ၀မ်းနည်းစရာတွေ၊ စိတ်ပျက်စရာတွေ - ဘာတွေဟာ ဘယ်လောက်၊ ဘယ်လို ဖြစ်ခဲ့တယ်လို့ မမှတ်မိပေမယ့် ဖြစ်ခဲ့တာတွေ အားလုံးကို သိနေခဲ့တယ်။ ဒီနေ့မှစပြီး နောင်နှစ်အချိန်အထိ အတွင်းမှာရော ဘာတွေဖြစ်ပြီး ဘာတွေကြုံဆုံရဦးမှာလဲ။ အင် … တစ်နှစ်အတွင်းမှာရော၊ အရင်တုန်းကနှစ်တွေမှာရော၊ အခုလက်ရှိအခြေအနေမှာရော မပြောင်းလဲပဲ တူညီတာ တစ်ခုရှိတယ်။ အဲဒါက လထဲက အဖိုးအိုက ဆန်ဖွပ်နေပြီး ယုန်ကလေးက မျှော်နေတာပဲ။ အဖိုးအိုရဲ့ ရည်ရွယ်ချက်၊ ယုန်ကလေးရဲ့ မျှော်လင့်ချက်။ ငါကရော နောင်လာမယ့် နှစ်တွေမှာ ဘာတွေကိုများ လုပ်နိုင်စွမ်းရှိမလဲ မသိဘူး။ အိပ်တော့မယ်။
၁၄.၇.၂၀၀၃
ဝါဆိုလပြည့်၊ တနင်္ဂနွေနေ့

2 comments:

chitsanm said...

ဟုတ်ပါတယ်.. မီးမီးသော်ကြီး…..

လဟာ ဘယ်လိုအရာဝတ္ထုအစိုင်အခဲတွေနဲ့ တည်ဆောက်ထားသလဲ၊ လပေါ်မှာရှိနေတဲ့ ဆန်ဖွပ်တဲ့အဖိုးအိုနဲ့ အဖိုးအိုရဲ့အနီးမှာ လိုချင်တာလေးတစ်ခုကိုရဖို့အတွက် မျှော်လင့်နေတဲ့ ယုန်ကလေးတို့ရဲ့ အသွင်သဏ္ဍာန်တွေဟာ ဘာကြောင့်ဖြစ်ပေါ်လာရသလဲ၊ အားလုံးသော သတ္တ၀ါတွေရဲ့ စိတ်နှလုံးကို ငြိမ်းချမ်းသာယာအောင် ပေးစွမ်းနိုင်တဲ့ လရဲ့အလင်းရောင်က ဘယ်ကရလို့ ဘယ်လိုထွက်ပေါ်လာရသလဲဆိုတာ အရှည်တ၀င့် စဉ်းစားနေစရာမလိုတော့ ဘူးပေါ့။

အေးမြတဲ့လရောင်လေးရဲ့အောက်မှာ ဆန်ဖွပ်တဲ့အဖိုးအိုနဲ့ ယုန်ကလေးကို ငေးမော့ကြည့်ရင်း နဲ့ပဲ သူကပေးစွမ်းနိုင်တဲ့ နှစ်သက်ဖွယ်စွမ်းအားလေးတွေကို အပြည့်အ၀ခံစားနေရင်းနဲ့ပဲ သာယာမှုကို ကြည်နူးခံစားနေတာ အကောင်းဆုံးပဲပေါ့။

လသာညရှိခဲ့လို့ လကွယ်ညဆိုတာ ဖြစ်ပေါ်လာတာပါ။ ဖိုးလမင်းကြီးကတော့ လကမ္ဘာဆိုတဲ့ ဂြိုလ်လေး တည်နေတရွေ့ သစ္စာရှိရှိနဲ့ ၀တ်တရားမပျက် ဆက်လက်ပြီး သူစွမ်းဆောင်နိုင်တဲ့ စွမ်းအားတွေကို ပေးစွမ်းသွားဦးမှာပါ။

Yan said...

စာရေးကောင်းလှချည်လားဗျာ. ဒီဘလော့ဂ်လေးကို အတွေ့နောက်ကျသွားတယ်. ဆောရီး မမီးမီးရေ...
လည်စရာ အိမ်တော့တိုးပြန်ပြီ