လာရောက်ဖတ်ရှုကြသူအားလုံးကိုကျေးဇူးပါရှင် Mee Thaw Gyi's blog Mee

Saturday, March 17, 2007

သနပ်ခါးလေး မွှေးမွှေး

ခုတစ်လော မီးသော်ကြီး အရှုပ်တွေ လုပ်နေပြီး အလုပ်တွေ ရှုပ်နေလို့ မီးသော်ကြီးရဲ့ ခြောက်ကပ်ကပ် ဘလော့လေးဘက်ကို ခြေဦးမလှည့်ဖြစ်ဘူး ဖြစ်နေတယ်။ ဒီနေ့တော့ မီးသော်ကြီးတော့ အတော်လေး လန်းနေတာနဲ့ စာတွေက မရေးချင်ပါဘူးလို့ ဆိုတာတောင်မှ တန်းစီနေတယ်။ အဲတာကို ခဏလေးနေမှ ရေးမယ်လို့ လုပ်ကြည့် ကောက်တော်မူကြပြီး တကယ်ရေးမယ်လည်းဆိုရော လုံးဝ လှည့်ကြည့်ကြမှာ မဟုတ်တော့ဘူး။ အဲတော့သူတို့ကို ချော့ပေါင်းနေရတယ်။ အဲလိုမှ ချော့မပေါင်းလည်း မဖြစ်ဘူး။ ရေသည်မမဆိုတဲ့ မီးသော်ကြီးက စပ်စပ်ဆော့ဆော့နဲ့ ဘလော့ ဆိုတာကြီးကို သွားလက်ဆော့ထားလေတော့။ ကဲ ... ရေးပေဦးတော့၊ ချော့ပေဦးတော့ပေါ့နော့်။

ဒီနေ့ မီးသော်ကြီး အိပ်ရာထတော့ ရှမ်းပြည်ရာသီဥတုကလည်း တောင်ပေါ်ဒေသ ဆိုတော့ အရမ်းကြီး မပူပေမယ့်လို့ နွေဦးရောက်နေပြီ ဆိုတာကိုတော့ သိသာအောင် ပြနေတယ်လေ။ အိပ်ရာနိုးနိုးချင်း နည်းနည်းလေး ပူစပ်စပ် ဖြစ်နေတာနဲ့ ရေချိုးလိုက်တယ်။ ပြောလို့ပြောတာ မဟုတ်ဘူး ။ ခု သိပ်မပူသေးဘူး။ မန်းလေးက အသိတစ်ယောက် လာလည်တာ အေးလို့တဲ့ အနွေးထည် ၀တ်ထားသေးတယ်။ အင်း ... စာက ရေးမယ်မှ မကြံသေးဘူး နွေးဦးလေရူးလိုပဲ … ဟိုဝေ့ ဒီပတ်နဲ့။ နွေဦးလေရူး ... ဟုတ်ပါတယ်။ လေတွေ အတော်တိုက်နေတယ်။ ဦးတည်ရာလည်း မရှိဘူး။ ရွက်ဝါလေးတွေကလည်း လေရူးနဲ့အတူ တ၀ဲဝဲ လွင့်လို့ပေါ့။ ရာသီဥတုကို ပြောရမယ်ဆိုရင်တော့ အရမ်းကို သာယာနေတယ်။ လေရူးဝေ့တာ ရွက်ဝါကြွေတာတွေကို ကြည်နူးနေလို့ မဖြစ်ဘူး။ မီးဘေးအန္တရာယ်ကလည်း တခါတည်း တွဲလိုက်လာတာ။ ရင်တထိတ်ထိတ်နဲ့ နားစွင့်ပြီး နေရမယ့်နေ့ရက်တွေကို ရောက်လာပြီလို့ သတိပေးနေသလိုပါပဲလေ။ ဒါပေမယ့်လေ အရမ်း သာယာနေတာတော့ အမှန်ပဲ။ မီးသော်ကြီးရဲ့ အမြင်တွေ လန်းနေလို့ပဲလားတော့မသိ။ (ဟာဟ)

စာတွေက လိုရင်းကနေ သွေဖယ်သွားတယ်။ ၂၃.၅ ဒီဂရီ တိမ်းစေါင်းနေတဲ့ ကမ္ဘာကြီးပေါ်မှာပဲ နေလို့လားတော့ မသိဘူး။ အမြင်တွေကလည်း စောင်းတတ်သလို ခု မီးသော်ကြီးရေးတဲ့ စာကလည်း တိမ်းစောင်းပြီး လိုရင်းကနေ သွေဖယ်သလိုလို ဖြစ်ဖြစ်သွားတယ်။ ကြုံလို့ ပြောလိုက်ဦးမယ် ဖတ်နေတဲ့ သူငယ်ချင်းလည်း စောင်းစောင်းကြီး မဖတ်နဲ့နော်။ တော်ကြာ ကိုယ့်စိတ်နဲ့ ကိုယ့်သဘောပဲကွာ ဘယ်လိုဖတ်ဖတ် ဆိုပြီး စောင်းစောင်းကြီး ဖတ်နေရင် ကိုယ်နဲ့ လုံးဝမဆိုင်ဘူးလို့ ထင်ထားတာကို အရမ်းကို ဆိုင်ချင်နေတဲ့ ပတ်ဝန်းကျင်က အိုးရွဲ့ကို စလောင်းရွဲ့နဲ့ ဖုံးနေတယ်လို့ ပြောဦးမယ်။

ကဲပါ ဘယ်တွေ ရောက်ရောက်ကုန်လည်း မသိဘူး။ မီးသော်ကြီး ရေးချင်တာကို ပြန်သွားမှ ...။ မီးသော်ကြီးက ရေချိုးပြီး သနပ်ခါးလိမ်းတာကို စာစီမလို့ဟာ ဘာတွေ ဘယ်လို ရောက်ကုန်လည်းကို မသိတော့ဘူး။

ဟုတ်တယ် ဒီနေ့ မီးသော်ကြီး ရေချိုးပြီးတော့ တစ်ဆောင်းတွင်းလုံး စွန့်ခွာထားတဲ့ သနပ်ခါးလေးနဲ့ ပြန်ဆုံတယ်။ အဲသနပ်ခါးကို မီးသော်ကြီး ဆောင်းဝင်ပါပြီ ဆိုကတည်းက လုံးဝကို လှည့်မကြည့်တော့တာ။ ကြည့်လို့လည်း မဖြစ်ဘူး။ ဒီလောက်အေးတာ ... သနပ်ခါး လိမ်းလိုက်ရင် မျက်နှာတွေ တင်းပြီး အသားတွေ အက်ကုန်မယ်။ အဲတော့လည်းလေ အားနာနာနဲ့ လှည့်ကို မကြည့်ဖြစ်ဘူး ဆိုပါတော့။ ဒီမနက်တော့ ရေချိုးပြီးတော့ ရာသီဥတုကြောင့် ပူစပ်စပ် ဖြစ်နေတာနဲ့ သနပ်ခါးလေးဆီကို ခြေဦးပြန်လှည့်လိုက်တာ။ အိုး ... အိုး ... အရမ်းခင်တဲ့ သူငယ်ချင်းလေးကို ပြန်တွေ့လိုက်ရသလိုပဲ။ သိပ်ချစ်ဖို့ကောင်းတာ သိလား။ ( ဘယ်ဟာကို ပြောတာလဲတော့ လာမမေးနဲ့နော် )။ သူ့ကို အချိန်အတန်အကြာ ပစ်ထားတာတောင်မှ သူ့ဘက်က သစ္စာရှိရှိနဲ့ နွေးနွေးထွေးထွေးလေးနဲ့ ပြန်ကြိုဆိုတယ်။ ရေချိုးပြီး သနပ်ခါးလေး သွေးပြီး မျက်နှာပေါ် တင်လိုက်တာ။ အားပါး ... အေးအေးလေးနဲ့ မွှေးလိုက်တဲ့ဖြစ်ချင်း။ သူလေးက အဲလို ချစ်ဖို့ကောင်းတာလေ။ မီးသော်ကြီးလည်း ဒီနေ့မှ ပြန်တွေ့ရတာဆိုတော့ များကြီးသွေးပြီး ပစ်ပစ်လေးနဲ့ ဘဲကြား ရိုက်ပလိုက်တယ်။ ချစ်တဲ့သူက ကြည့်ရင် ( ... ဘဲကြားလေးနဲ့ ထူထူ ... အသားထိအောင် နေမခသူ ) ဆိုတဲ့ သီချင်းလေးကို ဆိုမိမယ်။ မနာလိုတဲ့သူ ကြည့်ရင်တော့ ပဲဟင်းအိုးထဲ မှောက်လာသလားပေါ့။ တယ်ဂျင်းကရော ဘယ်လို ပြောမလဲနော်။ အဟိ။

သနပ်ခါးလေးကို ပစ်ပစ်နဲ့ ညက်ညက်လေး သွေးပြီးတော့ အသားထဲကို စိမ့်နေအောင် လိမ်းပြီး ပါးကွက် ထူထူလေး ကွက်လိုက်တာ။ အဟဲ ... လိမ်းပြီးတော့ မျက်နှာကြောက တင်းနေတယ်။ မီးသော်ကြီးကလေ သနပ်ခါးကို ဘာမှမပါပဲ သနပ်ခါးသက်သက် လိမ်းတာကို အရမ်းကြိုက်တာ။ များသောအားဖြင့်လည်း အဲအတိုင်းပဲ လိမ်းတယ်။ အောက်ခံမိတ်ကပ်တို့ ဘာညာတို့ မပါဘူး။ ဒါပေမယ့် သူ့နေရာနဲ့သူပေါ့နော်။ မီးသော်ကြီး မိတ်ကပ်ကိုလည်း လိမ်းဖြစ်ပါတယ်။ ခုပြောသလို လိမ်းတာကတော့ များသောအားဖြင့် အိမ်မှာ နေတဲ့ချိန်တွေ လိမ်းတာများတယ်။ မီးသော်ကြီး မျက်နှာက အဆီပြန်တယ်လေ။ သနပ်ခါးကို အဲလို လူးထားလိုက်ရင် ခဏနေ အကြော်သယ်မျက်နှာ ကြနေတာပဲ သနပ်ခါးတွေက ကွက်နေတာ။ ဘယ်လောက် လှလိုက်တဲ့ရုပ်ဖြစ်မလဲ ဆိုတာ တယ်ဂျင်းတို့ဘာသာ စဉ်းစားကြည့်ကြပေတော့။ တော်မ၀င်လို့ ခေါ်မတင်တာလို့တော့ မထင်ပါနဲ့နော်။ သနပ်ခါးဆိုတာ မြန်မာပြည်ရဲ့ ထူးခြားလှတဲ့ ၀ိသေသတစ်ခုလို့ ပြောလို့ရတယ်။ သနပ်ခါးနဲ့ မြန်မာပြည် ရာသီဥတုကလည်း အရမ်း လိုက်ဖက်ညီတယ်။

နံနက်အိပ်ရာထ မျက်နှာသစ်ပြီး သနပ်ခါးလိမ်းဖို့ သွေးတယ်ဆိုရင်ပဲ အညောင်းပြေတဲ့ ကိုယ်လက်လှုပ်ရှားမှူကို ရမယ်။ လက်ချောင်းလေးတွေ သန်မာမယ်။ လက်မောင်းလေးတွေ ပြည့်ပြည့်ဖြိုးဖြိုး ဖြစ်လာမယ်။ ခါးလေ့ကျင့်ခန်းလည်း လုပ်ပြီးသားဖြစ်မယ်။ ဒါက မြန်မာမိန်းကလေးတွေရဲ့ သဘာဝအလှကို ဖန်တီးပေးတဲ့ အချိန်ယူပြီး လုပ်စရာမလိုတဲ့ လေ့ကျင့်ခန်းတစ်ခုပေါ့။ မြန်မာပြည် အညာဘက် ဒေသတွေမှာ ရာသီဥတုက အရမ်းပူတော့ မနက်မိုးလင်းတာနဲ့ အလှအပအတွက်တင်မကဘူး အပူဒဏ်ပါ ခံနိုင်ဖို့အရေး သနပ်ခါးလေးကို လိမ်းလိုက်ပါမှ နေရထိုင်ရတာ သက်တောင့်သက်သာဖြစ်တယ်။ မောနေတဲ့အချိန် သနပ်ခါးနံ့လေး ရလိုက်တယ်ဆိုရင်ပဲ အမောလေးကိုပြေလို့ ရင်လေးကို အေးသွားတာ။ သနပ်ခါးလေးမှာ ချွေးလေးတွေ စို့နေတဲ့ ကောင်မလေးတစ်ယောက်ရဲ့ မျက်နှာဟာ မလှခဲ့ရင်တောင်မှ အတော်ကြည့်လို့ကောင်းတယ်။ ဒီနေ့မီးသော်ကြီးရဲ့ မျက်နှာလိုပေါ့။ အဟီး ... ကြော်ညာဝင်ကြည့်တာ။

ဟုတ်ကဲ့ ... ဒီနေ့လေ မီးသော်ကြီးတစ်ယောက် ၃ လတာမျှ ခွဲခွာနေရတဲ့ သူငယ်ချင်းလေးနဲ့ ပြန်ဆုံတဲ့နေ့ပါ။ အေးအေး မွှေးမွှေးလေးနဲ့ နေလို့ကောင်းလိုက်တာ။ လေရူးလေပွေတွေကလည်း ဟိုဝေ့ဒီဝေ့နဲ့။ ရွက်ဝါလေးတွေကလည်း လေနဲ့အတူ ပျံဝဲလို့။ တစ်ချက်တစ်ချက် ဥသြလေးကလည်း တေးလေးကိုသီကျူးလို့။ လေတစ်ချက်တစ်ချက် အဝေ့မှာ သနပ်ခါးရနံ့လေးကလည်း သင်းလို့။ အတော်ပြည့်စုံပြီး သာယာတဲ့ နေ့လေးတစ်နေ့ပါပဲ။ - ။

မှတ်မှတ်ရရ ( ၁၆.၃.၂၀၀၇ ) နေ့ပါ။
မီးမီးသော်ကြီး

1 comment:

Anonymous said...

you are so funny, but i like , because i'm too. we all crazy.