လာရောက်ဖတ်ရှုကြသူအားလုံးကိုကျေးဇူးပါရှင် Mee Mee Thaw Gyi

Friday, March 02, 2007

မီးသော်ကြီး စိတ်ချမ်းသာရင်


မီးသော်ကြီး ပို့စ်အသစ် တင်လိုဇောနဲ့ ရောက်တတ်ရာရာ ပေါက်တတ်ကရတွေ စာစီပါတော့မယ်။ အားလုံးသော ဘလော့လာ ပရိတ်သတ်များကို ကျွန်မ မီးသော်ကြီးက ထိုသို့ပုံစံဖြင့်၎င်း၊ ဤသို့ပုံစံဖြင့်၎င်း ဧည့်ဝတ်ကျေပွန်စွာနဲ့ ရောက်တတ်ရာရာတွေကို ဖတ်ရှူမငြီးရလေအောင် တင်ဆက် ရေးသားပါတော့မည် ဖြစ်ပါတယ်။ ဟုတ်ကဲ့ အခုလို အများသူငါ မြင်တဲ့အတိုင်း ပေါပြီးသကာလ မီးသော်ကြီးမှာဖြင့် ဘာရေးလို့ ရေးရမယ်ဆိုတာ မယ်မယ်ရရ မတွေးရသေးပါဘူး။ မတွေးရသေးလည်း ရေးချင်တာရေးမယ် ဆိုပြီး ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ ဒန်တန့်တန် ...

မီးသော်ကြီးကလေ လုပ်ချင်ရာကို လုပ်တတ်တဲ့ အကျင့်က မသိစိတ်မှာလား သိစိတ်မှာလားမသိ အမြဲတော့ရှိနေတယ်။ ၀ါသနာနဲ့ ဗီဇဆိုတာ ဖျောက်ရခက်တယ် ဆိုတဲ့ စကားလိုပဲ။ မီးသော်ကြီးရဲ့ ဗီဇပဲဆိုပါတော့ မကောင်းမှန်း သိပေမယ့် ဖျောက်လို့ လုံးဝမရခဲ့ပါဘူး။ ဒါလုပ်တာ မကောင်းဘူးဆိုလည်း မီးသော်ကြီးက လုပ်ချင်ပြီဆို မကောင်းသော်ညားလည်း လုပ်ဖြစ်အောင်ကို လုပ်လိုက်ရမှ စိတ်ချမ်းသာလေ့ရှိပါတယ်။ အချို့ကိစ္စတွေမှာ မီးသော်ကြီး စိတ်ချမ်းသာအောင် လုပ်လိုက်တယ် ဆိုပေမယ့် အခြားတစ်ဘက်မှာ ဆိုးကျိုးသဘော သက်ရောက်သွားတာမျိုးတွေ ဖြစ်ဘူးပါတယ်။ အဲတာကိုလည်း မီးသော်ကြီး သိသိကြီးနဲ့ ဖြစ်အောင် လုပ်လိုက်တာတွေလည်း ရှိပါတယ်။ အတ္တကြီးတာလို့ ပြောကြမယ်လည်း ထင်ပါတယ်။ ဒါပေမယ့် မီးသော်ကြီးက ဖြစ်အောင်မှ မလုပ်လိုက်ရရင် စိတ်ထဲ တနုံ့နုံ့နဲ့ ဘယ်လိုမှ နေမပျော်တော့ပါဘူး။

ရှိပါသေးတယ်။ မီးသော်ကြီး ကြောင်တာတွေ။ နမူနာတစ်ခုကို ပြောရမယ်ဆိုရင် မီးသော်ကြီး တစ်နေ့ နေကြာစေ့ ၀ယ်စားဖြစ်တယ်။ မီးသော်ကြီး အခွံလေးတွေ ခွာပြီး စားနေရင်းနဲ့ ဟိုတစ်ချိန် ကလေးဘ၀မှာ နေကြာစေ့ကို အခွံ သေချာမခွာတတ်ပဲ အားလုံးကို စုပုံပြီး ၀ါးစားပလိုက်တာကို သွားသတိရလိုက်မိတယ်။ မီးသော်ကြီးလည်း အဲလို စားချင်စိတ်ကလည်း ချက်ခြင်းပေါက်သွားတယ်။ ဘယ်ရမလဲ ချက်ခြင်း ဆုံးဖြတ်ချက်ချပြီး အားလုံးကို စုပုံပြီး ၀ါးစားပစ်လိုက်တာပေါ့။ မီးသော်ကြီးက အဲလိုလည်း ကြောင်တတ်ပါတယ်။ သူငယ်ပြန်တာတော့ ဟုတ်ဘူးနော်။ အဟိ။ အဲလို လုပ်ချင်တာကို ချက်ခြင်းလုပ်လိုက်ရမှ စိတ်ကျေနပ်တဲ့ သူမျိုးပါ။ ပြီးတော့ မီးသော်ကြီး တစ်ခါတစ်လေလည်း ယုတ်တတ်ပါသေးတယ်။ ဥပမာ - အ၀တ်တွေ လျှော်လှန်းထားတဲ့ နေ့မျိုးမှာပေါ့။ ဟုတ်ကဲ့ အဲနေ့ဆို မီးသော်ကြီး ညနေစေါင်းတာနဲ့ ယုတ်ပါတော့တယ်။ ဟားဟား။

ဒါပေမယ့် ဒါတွေဟာ ဘ၀အရေးမှာ အရေးပါအရာရောက်တဲ့ လုပ်ရပ်မျိုးတွေကို ဆုံးဖြတ်ချက်ချရတာမျိုး မဟုတ်ပါဘူး။ အဲလိုဟာမျိုးတွေကြတော့ မီးသော်ကြီးတို့က ဖြစ်ချင်ပြီးရော ဆိုပြီး လုပ်တတ်တာလေးကို ချိုးနှိမ်ထားရပါတယ်။ ဒါမျိုးကတော့ မီးသော်ကြီးမှ မဟုတ်ပါဘူး၊ မည်သူမဆိုပေါ့လေ။ လုပ်ချင်ပြီးရော လုပ်ခွင့်ရရင်ပြီးရော ဆိုပြီး မလုပ်သင့်ဘူးတော့ ထင်ပါတယ်။ ကိုယ့်ဘ၀ တစ်သက်တာအရေး၊ ကိုယ့်လူမျိုးအရေး၊ ကိုယ့်နိုင်ငံအရေးလို ကိစ္စမျိုးတွေမှာတော့ လုံးဝ မလုပ်သင့်တာပါ။ အဲလို လုပ်တတ်တဲ့ သူကလည်း အဲလို အရေးတွေမှာ လုံးဝ မသက်ဆိုင်သလို နေမှသာလျှင် အရာရာကောင်းဖို့ ဖြစ်နိုင်မှာ။ လုပ်ချင်စိတ်ရှိလို့ လုပ်တယ် ကိုယ်ဖြစ်ချင်တာကို လုပ်ရပြီးရော ဆိုပြီး လုပ်တဲ့သူတွေသာ အဲလို အရေးကြီးတဲ့ ကိစ္စတွေမှာ လုပ်မယ်ဆိုရင် မီးသော်ကြီးဖြင့် မတွေးဝံ့တာပါပဲ။ ဟုတ်တယ် မဟုတ်လားဟင် ... စာဖတ်နေတဲ့ တယ်ဂျင်းရယ်။

နောက်တစ်မျိုးကြတော့ အဲလိုမဟုတ်ဘူး။ အချစ်ရေးမှာ ဆိုကြပါစို့။ ကိုယ်ကလည်း ချစ်တယ်၊ ကိုယ့်ကိုလည်း ချစ်တယ်။ နှစ်ဦးနှစ်ဘက် ညီမျှနေပါလျက် အကြောင်းအမျိုးမျိုးတွေ ငဲ့ကွက်ပြီး ဆုံးဖြတ်ချက်ကို သေချာအောင် မချနိုင်ဘူး ဆိုရင်။ မီးသော်ကြီးထင်တယ်။ ဒါမျိုးကြတော့ ဖြစ်ချင်တာကို ဖြစ်အောင်လုပ်လိုက်တာ ပိုအဆင်ပြေတယ်လို့လေ။ အသက် ငယ်နေတာတွေ၊ ကြီးနေတာတွေ။ ဥစ္စာဓန အဆင်မပြေတာတွေ၊ လိုအပ်ချက်တွေ ပြည့်စုံကုံလုံမှု မရှိတာတွေ ဒါတွေကို ငဲ့နေပြီး သဘာဝတရားကို လွန်ဆန်ဖို့ ကြိုးစားနေမယ်ဆိုရင် ဒါဟာ မဖြစ်သင့်တဲ့ အရာတစ်ခုပါ။ ချစ်နေကြပါလျက် လုပ်ချင်တာကို လုပ်လိုက်ဖို့ တွေဝေနေကြတယ် ဆိုရင်တော့ ဖြစ်ချင်တာကို ဖြစ်အောင် လုပ်လိုက်မှသာလျှင် စိတ်အဆာပြေမှာပါ။ ဒါမျိုးကိုကြတော့ လုပ်သင့်တယ်လို့ မီးသော်ကြီးထင်တယ်။ ဟုတ်တယ် မဟုတ်လားဟင် ... စာဖတ်နေတဲ့ တယ်ဂျင်းရယ်။

မီးသော်ကြီးကတော့ လုပ်ချင်စိတ် ရှိနေတာကို လုပ်လိုက်ရမှ စိတ်နေပျော်တယ်။ ဆုံးဖြတ်ပြီးပြီ ဆိုရင်လည်း ဘယ်တော့မှ နောင်တများ ရလောက်လေမလား ဆိုပြီး ဘယ်တော့မှ မတွေးဘူး။ ဒီလိုလုပ်လိုက်လို့ စိတ်ချမ်းသာသွားတယ် ဆိုရင် အများသူငါအမြင်မှာ ဘယ်လောက် မလုပ်သင့်ဘူး ပြောနေပါစေ မီးသော်ကြီးကတော့ ဖြစ်အောင် လုပ်ပစ်လိုက်တာပဲ။ နောင်တရလည်း မီးသော်ကြီးအတွက် တန်ဖိုးရှိပါတယ်။ မီးသော်ကြီး စိတ်ထဲမှာ ဖြစ်ချင်တာကို ဖြစ်အောင်လုပ်လိုက်ရလို့ ကျေနပ်သွားတဲ့ စိတ်အဆာပြေမှုက ဘယ်အရာမှ အစားမထိုးနိုင်အောင် တန်ဖိုးရှိသွားတယ်။ မီးသော်ကြီးကတော့ ဆုံးဖြတ်ချက်ရမယ် ပြတ်သားရမယ်ဆိုလည်း ဘယ်တော့မှ ၀န်မလေးဘူး။

ဒါပေမယ့်လေ လူ့ပတ်ဝန်းကျင် လူ့အသိုင်းအ၀ိုင်းထဲမှာ နေရတာဆိုတော့လည်း အချို့အချို့သော ကိစ္စတွေမှာ မီးသော်ကြီးက လိုက်တွက်ကပ်နေမယ်၊ ညစ်ပေါက်ကပ်ကျယ် လုပ်နေမယ် ဆိုရင် မီးသော်ကြီး မြို့ပြင် ရောက်သွားလိမ့်မယ် ထင်တယ်။ ဟားဟ ...။ ဒါမျိုးတော့ ဘယ်အဖြစ်ခံလေမလဲနော်။ သူများလုပ်တယ် ဆိုရင်လည်း မီးသော်ကြီး လက်ခံနိုင်မှာ မဟုတ်သလို မီးသော်ကြီး လုပ်မယ်ဆိုရင်လည်း ဘယ်သူမှ လက်ခံမှာ မဟုတ်ပါဘူးလေ။ အဲဒီင်္တော့ နေထိုင်နေတဲ့ ပတ်ဝန်းကျင်ရယ် လူနေမှူအသိုင်းအ၀ိုင်းမှာ အဆင်ပြေစွာ နေထိုင်နိုင်ဖို့အရေး အချို့အရေးပါတဲ့ ကိစ္စလေးတွေမှာ ဖြစ်ချင်တာကို ဖြစ်အောင် လုပ်ပစ်လိုက်ချင်စိတ်လေးကို ချိုးနှိမ်ထားရပါတယ်။ အလိုက်သင့်လေးပေါ့။ ရေလိုက်ငါးလိုက်၊ မချစ်သော်လည်း အောင့်ကာနမ်း ဆိုတာမျိုးတွေနဲ့ ပျော်ပျော်ကြီး နေနေရပါတယ်။ ဒါတောင်မှ လစ်ရင်လစ်သလို အခွင့်အရေး ရရင်ရသလို အများညီလို့ ဤက ကျွဲ ဖြစ်နေတာတောင် မီးသော်ကြီးက တစ်စင်ထောင်ပြီး ဤဖြစ်အောင် ဤလိုက်သေးတာ။ မတတ်နိုင်ဘူးလေ ... ၀ါသနာနဲ့ ဗီဇဆိုတာ ဖျောက်ရခက်တယ်လို့ ပြောပြီးပါပကောလေ ...။ အဟိ။ ဟိုဟာ စိတ်ချမ်းသာ ဘာအေးချမ်းတယ် ဆိုလားပဲ....။ - ။

3 comments:

စိုးဇေယျထွန်း said...

Blogger စာအုပ်ထုတ်ရအောင်

လာမယ့် World Blog Day မှာ ကျွန်တော်တို့မြန်မာ ဘလော်ကာတွေ စုပေါင်းပြီး စာအုပ်တစ်အုပ် ထုတ်ချင်တယ်။ အဲဒီစာအုပ်က ကိုယ်ပိုင် Blog မှာဖော်ပြထားကြတဲ့ ကောင်နိုးရာရာ ပို့တွေကို ရွေးချယ်ပြီး ဖော်ပြချင်တယ်။ စာအုပ်ထုတ်လို့ ရလာတဲ့ အကျိုးအမြတ်အားလုံးကို လိုအပ်နေတဲ့ ကျောင်းတစ်ကျောင်းလို နေရာမျိုးမှာ လှုဒန်းဖို့စိတ်ကူးထားတယ်။

ကျွန်တော်တို့ မြန်မာဘလော့ကာတွေ စုစုစည်းစည်းနဲ့ ပါဝင်ပူးပေါင်း ဆောင်ရွက်ကြမယ်ဆိုရင် ဒီစာအုပ်လေးဟာ သေချာပေါက်ဖြစ်လာမှာပါ။ စာအုပ်ထုတ်လုပ်တဲ့ စားရိတ်ကတော့ Wood Free စက္ကူ 60g နဲ့ စာမျက်နှာ သုံးရာကျော်လောက် ပါတဲ့စာအုပ်ကို အုပ်ရေနှစ်ထောင်လောက် ရိုက်ရင် ရှစ်သိန်းဝန်ကျင်လောက် ကုန်ကျတယ်လို့ အာကြမ်းဖျင်း်သိရပါတယ် ( အသေးစိတ်ကုန်ကျ စရိတ်များကို နောက်ထပ် စုံးစမ်းပြီး တင်ပြပေးပါမယ်)။ ကျွန်တော် ထင်ပါတယ် ဘလော့ရေးနေတဲ့ သူငယ်ချင်းတွေ လူသုံးဆယ်လောက် ပါဝင်ရင် တစ်ယေက်ကို သုံးသောင်းဝန်းကျင် လောက်ကျခံရုံနဲ့ ဒီစာအုပ်လေးက ဖြစ်မြောက်သွားမှာပါ။

သုံးသောင်းလောက် ဆိုတဲ့ငွေပမာဏဟာ အခုခောတ်မှာ ဖိနပ်ဖိုးလောက်ပဲ ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ စုစည်းလိုက်တဲ့ ငွေနဲ့ ဘလော့ကာတွေရဲ့ မှတ်တိုင်တစ်ခုလဲ စိုက်ထူနိုင်မှာဖြစ်သလို အလှုငွေ လက်ခံရရှိကြမဲ့ ချို့တဲ့ကျောင်းသားတွေအတွက် လှေကားထစ်လေး တစ်ခုဖြစ်သွားမှာပါ။

ကျွန်တော့ဘက်က တာဝန်ယူဆောင်ရွက် ပေးနိုင်တာကတော့ စာအုပ်ဖြစ်မြောက်ရေးအတွက် စာမူများကို ဖောင်ကိုင်ခြင်း စာပေစိစစ်ရေးရုံးတင်ခြင်း မှအစ ပုံနှိပ်စက်ပို့ခြင်း စသည့်ကိစ္စရပ်များ၊ ဂျာနယ်နှင့် မီဒီယာများတွင် သတင်းအချက်အလက် ထည့်သွင်းထုတ်ပြန်ခြင်းကိစ္စများကို စေတနာ့ဝန်ထမ်း အနေနဲ့ဆောင်ရွက် ပေးနိုင်ပါတယ်။

အထူးပြောကြားချင်တာက ဒီကိစ္စက မြန်မာဘလော်ကာများ အားလုံးကို ကိုယ်စားပြုမှာ ဖြစ်တဲ့အတွက် တစ်ဦးတစ်ယောက် တစ်ယောက်စနှစ် ယောက်စနဲ့လုပ်လို့ မရပါဘူး ဘလော့ရေးနေတဲ့ သူငယ်ချင်းတွေ အားလုံးပူးပေါင်းပါဝင်ဖို့ လိုပါတယ်။

အချိန်ကလည်း ခြောက်လလောက် ရသေးတဲ့အတွက် သူငယ်ချင်းတွေရဲ့ ဆန္ဒကိုလည်းဆွေးနွေး တိုင်ပင်နိုင်ကြပါတယ်။

naing said...
This comment has been removed by the author.
Anonymous said...

ဟုတ်ပါတယ် မမီးသော်ကြီး။ တခါတရံ မှာ ၀ါးတားဖောလိုး ဖစ်ခ်ျဖောလိုး ပါတယ်။ လူတိုင်းလည်း ငြိမ်းချမ်းချင်တယ်လေ။ ဒါမှလည်း ကမ္ဘာကြီး ငြိမ်းချမ်းမယ်လေ။