လာရောက်ဖတ်ရှုကြသူအားလုံးကိုကျေးဇူးပါရှင် Mee Mee Thaw Gyi

Tuesday, September 25, 2007

သပွတ်အူထဲသို့ ၀င်ကြည့်ခြင်း

မီသော်ကြီးတစ်ရောက်လည်း ထိုသို့နှယ် ဤသို့နှယ် ပျောက်ကွယ်လုဖြစ်နေပါပြီ။ ဘလော့အနားလည်း မကပ်နိုင်၊ စွဲလမ်းလာခဲ့သမျှ ချက်တင်လည်း မ၀င်ဖြစ်။ ဒါဟာ ဘယ်သူ့ကြောင့်လည်း ဆိုပြီးတော့လည်း အပြစ်ကမတင်နိုင်။ ကိုယ်ကိုတိုင် ကျေနပ်စွာနဲ့ ခြေလှမ်းစခဲ့မိတဲ့ဟာကိုး...။ ဟုတ်ပါတယ်။ မီးသော်ကြီး ကိုယ်တိုင်ဖန်တီးခဲ့တာပါ။ ခုတော့လည်း နေသားကျလို့ အဆင်ပြေစလည်း ပြုနေပါပြီကော။ ခက်တာက သံယောဇဉ်ကမပြတ်။ မအားတာ ကြားထဲ ယားနာကပေါက်ချင်။ ခက်တော့ ခက်နေသား။ အဲဒီတော့လည်း ချောက်တီးချောက်ချက်လေးနဲ့ ချက်တင်လောကမှာ သရဲခြောက် သလိုလိုနဲ့ ခဏတဖြုတ်ချက်လိုက် ဘလော့ကြတော့လည်း ပြောရမယ်ဆိုရင် အားလည်းနာတယ် ခင်လည်းခင်တယ်ပေါ့လေ လမ်းကြုံရင် ၀င်ကြည့်လိုက် ခုလို အချိန်အားလေးရတုန်း ပေါက်ကရ လမ်းမတန်းတာလေးတွေ သူများမျက်လုံးညောင်းအောင် ရေးသွားလိုက်ပေါ့.။ မီးသော်ကြီးက လမ်းကြုံလို့ ပေါက်တတ်ကရ ၀င်ရေးသွားတာမျိုးလေးတွေကို ခင်တဲ့သူတွေကိုတော့ အတင်းအဓ္ဓမ ဖတ်ခိုင်းတာမျိုးနဲ့ အားပေးခိုင်းလိုက်။ ဒါမှမဟုတ် လမ်းကြုံရေးတဲ့စာကို လမ်းကြုံရင်းနဲ့ ၀င်ဖတ်ရင်း မျက်လုံးညောင်းစေတာမျိုးနဲ့ပဲ လှုပ်လှီလှူပ်လှဲ့ ဘလော့လေးကို ဆက်လက် တည်နေဦးတော့မပေါ့နော်။

မီးသော်ကြီးလည်းလေ မအားပါဘူးဆိုမှ ရေးဖြစ်လိုက်တဲ့စာတွေများ။ အတော်ကိုများပေါ့။ အဟိ။ တကယ်ပြောတာနော် ဟောတစ်ပုဒ် ဟောတစ်ပုဒ်နဲ့ကိုနေတာ။ မယုံမရှိနဲ့ ။ တကယ်ပါဆိုနေ။ ဒါဆိုဘယ်မှာလဲ။ အဲစာတွေပြလေ ဟုတ်လား။ အဟီး အဲလိုမေးလာရင်တော့ အမှန်အတိုင်းပဲ ပြောလိုက်မယ်နော်။ ပန်းကန်တွေဆေးရင်း စိတ်ကူးနဲ့ ရေးတာတွေ။ ဟင်းချက်ရင်း ဆီသတ်ရင်းနဲ့ ရေးလိုက်တာတွေ။ အ၀တ်တွေ လျှော်လှမ်းရင်းနဲ့ ရေးလိုက်တာတွေမှ။ များကြီး။ အဟီး ဒီဘလော့ထိ သယ်မလာနိုင်တာတော့ စိတ်မကောင်းစရာ။ တကယ်ရေးလိုက်တာ ... အဲချိန်ကျမှပဲ စာလုံးတွေကလည်း ရှောလို့။ စိတ်ကူးနဲ့ ရေးလိုက်တာများ စက်သေနတ်ပစ်သလို … ဒက် ... ဒက် ... ဒက်နဲ့ နေတာပဲ။ အတွေးတွေ ကောင်းလိုက်တာများ။ တစ်စုံတစ်ခုက တိုက်ဆိုင်လိုက် သတိရလိုက် အဲချိန်ကတော့ ဟောတွေးရင်းနဲ့ ရေးလိုက်တာ စာတစ်ပုဒ် ဖြစ်သွားပြန်လေရော။ တိုက်ပဲတိုက်ဆိုင်လွန်းတာလား ... စာရေးဖို့ လမ်းစပေါ်ပြီး ဟိုသတိရ ဒီသတိရနဲ့ပဲ ဖြစ်နေတာလားတော့ မသိဘူး။ ဟင်းအိုးတူးတာမျိုးတို့ ရေတွေ လျှံကုန်တာမျိုးတို့နဲ့ လုံးချာလည်ရင်း ဘလော့မှာ စာပေါင်းများစွာကို စိတ်ကုးနဲ့ တင်ဖြစ်နေတော့တာပဲ။ ကဲ ခုတော့ လက်တွေ့ ရောက်လာပြီပေါ့လေ။ အများသူငါ မျက်လုံးညောင်းသော ဒုက္ခ ခံယူတော်မူလိုက်ကြပါဦးနော်။

ခုတလော တွေးတွေးနေမိတယ်။ ယောက်ျားနဲ့ မိန်းမဆိုတဲ့ အတွေး။ သူများတွေတော့ ပြောရော့မယ်။ ခုမှ တွေးမိရသလား။ လူပဲအိုသေတော့မယ်လို့ ပြောလည်း ခံယုံပဲ။ အဟုတ်ပဲ အခုတစ်လောမှကိုပဲ တွေးမိနေတာ။ စေ့စေ့တွေးတော့ ရေးရေးပေါ် ဆိုတာမျိုးလိုပဲ။ သေချာတွေးလေ ဘ၀င်မကျလေ။ သေချာတွေးလေ နားမလည်လေပဲ။ ခက်တာပဲနော့်။ မတွေးမိတာမှ ကောင်းသေးတယ်။ ခုတော့လည်း ဘယ်လိုလုပ်ရမလည်း တွေးမိနေပြီ။ ကဲ ... အဲဒီလိုဆိုမှတော့လည်း မထူးတော့ဘူးနော့်။ ဆက်ပြီး သဘာဝ သပွတ်အူကို အစရှာရင်း ဘာကိစ္စ ဒီလောက်ရှုပ်ရသလဲဆိုတာ အပြစ်တင်ကြည့်ကြပါစို့...။

ပြောရမယ်ဆိုရင် ရာဇ၀င်တလျှောက်ပဲဆိုဆို၊ သမိုင်းကာလ အားလုံးပဲဖြစ်ဖြစ်၊ ဗုဒ္ဓစာပေကျမ်းဂန်လာပဲပြောပြော မိန်းမဆိုတဲ့ ထိုဣတ္ထိယကို ခွေးထီးလောက်တောင်မှ မမြင့်မြတ်ဘူးလို့ ပြောခဲ့ကြတယ်။ ဘယ်သူမဆိုပေါ့လေ။ မန်လည်ဆရာတော်မှစလို့ ပြော၇မယ်ဆိုရင် ဒီနေ့ မနေ့ကအထိ နောက်ဆုံး အသည်းကွဲပါတယ်လို့ ပြောနေတဲ့ ယောက်ျားလေးပေါင်းများစွာအထိ ဆိုပါတော့။ အပြစ်တင် စကားလုံးပေါင်းများစွာ၊ တင်စားမှုပေါင်းများစွာနဲ့ ပြောဆိုလာလိုက်ကြတာ သမိုင်းတစ်ခု သက်တမ်းတစ်လျှောက် တည်ခဲ့သမျှ သက္ကရာဇ်ပေါင်းများစွာမှာပေါ့။ ဟုတ်တယ်မဟုတ်လားနော်။

အင်း ... ဟုတ်တယ်။ ဘာလို့လဲ အဲတာ။ စာဖတ်နေတဲ့ အပေါင်းအသင်းရယ်။ တွေးကြည့်ပါဦးလား။ မီးသော်ကြီးလည်း ဥာဏ်မှီသလောက်တော့ တွေးကြည့်တယ်။ လာလေသယ်ဂျင်း။ အတူတူ တွေးကြည့်ကြရအောင်။ ဖြစ်တယ်ဟုတ်။

ဒီလိုလေ ... ပြောရမယ်ဆိုရင် ဒီလို အပြစ်တင်စကား မှန်သမျှကို ပြောလာခဲ့ကြတဲ့ တလျှောက်မှာ အဲဒီ မိန်းကလေးတွေကရော ဘာလို့ လက်ခံခဲ့ကြသလဲပေါ့။ ခရစ်တော်ရဲ့ အရဆိုရင် ဧ၀တွေပေါ့။ ဧ၀ပဲဖြစ်ဖြစ်၊ ဣတ္ထိယပဲဖြစ်ဖြစ် အားလုံးကတော့ သေချာတာ မိန်းမသားထုပါ။ ဘာလို့ သူတို့တွေ လက်ခံခဲ့ကြလဲလို့ မေးရင် ပုရိသဆိုတဲ့ ယောက်ျားမှန်သမျှက တိုင်ပင်စရာမလိုပဲ တညီတညာတည်း ဖြေကြပါလိမ့်မယ်။ ဟုတ်နေလို့ လက်ခံနေကြတာပေါ့လို့။ ယောက်ျားဆိုတာ မြင့်မြတ်တယ်ဆိုတဲ့ အသိနဲ့ မိန်းမ ဆိုတာ မြစ်တစင်းလိုပဲ ဆိုတဲ့ အတွေးတွေနဲ့ ပေါင်းစပ်ပြီး အားလုံးဟာ တူညီတဲ့ အဖြေတစ်ခုတည်းကိုပဲ ပေးကြမှာအမှန်ပဲ။

ကဲ ... အဲလိုဆိုရင် အဲတာကိုထားပြီး အဲလို ဖြစ်ရခြင်းအပေါ်ကို သုံးသပ်ကြည့်ကြရအောင်လားနော်။ မသုံးသပ်ကြည့်ခင် တစ်ခုတော့ ပြောထားလိုက်ဦးမယ်။ မိန်းမတွေထက် ခွေးထီးက မြတ်တယ် ဆိုတာကိုတော့ လက်ခံပါတယ်။ ဘာလို့ဆို ဥပမာတစ်ခုအနေနဲ့ ပြောရမယ်ဆိုရင် ကျိုက်ထီးရိုးဘုရားမှာပဲ ဆိုပါဆို့ ... မိန်းမတွေက သွားရောက်ဖူးမျှော်လို့ မရပါဘူးဆိုတဲ့နေရာမှာ လူမဟုတ်တဲ့ ခွေးဆိုတဲ့ တိရစ္ဆာန်တစ်ကောင်က ဟိုဟိုဒီဒီ ကူးလားခတ်ပြီး သွားလို့ရနေတာဟာ သူဟာ အထီးဆိုတဲ့ ပုရိသအနွယ်ဝင် ဖြစ်နေလို့ပါပဲ။ ဒါကိုလက်ခံတယ်။ အဲလို လက်ခံထားပြီး နောက်ပိုင်းမှာ ကျန်တာကို ဆက်ပြီး စဉ်းစားကြည့်ကြရအောင်ပေါ့နော်။

ယောက်ျားသားထုတွေဆီက ဒီလို အပြစ်တင်စကားမှန်သမျှကို ဘာလို့ မိန်းမသားတစ်ထုလုံး လက်ခံနေကြသလဲ ဆိုတာက စကြမယ်နော်။ ဘာလို့ လက်ခံနေကြသလဲ။ မိန်းမတွေကရော ဒါမျိုး မပြောတတ်တော့ဘူးလား။ ဘယ်ဟုတ်ပါ့လေမလဲရှင်။ တစ်ကယ်ဆို စကားအရာနဲ့ဖြစ်စေ၊ စာနဲ့ပေနဲ့ဖြစ်စေ၊ ပြောတတ်ကြတာပေါ့။ ကျားနဲ့မ ဆိုတာ လိင်ကွာခြားတာပဲရှိတယ်။ ပြောရမယ် ဆိုရင် လူုတွေချည်းပဲ မဟုတ်လား။ ပြောတတ် ဆိုတတ် ကြတာပေါ့။ ဒါဆို ဘာလို့ မပြောကြသလဲ။ ဘာလို့ မပြောကြသလဲ ဆိုရင် သည်းခံနိုင်စွမ်းကြောင့်၊ ခွင့်လွှတ်နိုင်စွမ်းကြောင့် သူမတူတဲ့ စွမ်းအားတစ်မျိုးကြောင့်သာလျှင် ဒီလိုမျိုး စကားနည်းရန်စဲ သဘောနဲ့ နေလာခဲ့ကြတာပေါ့။ မိန်းကလေးဆိုတာ အမိဝမ်းမှ ကျွတ်လာပြီးတဲ့ နောက်ပိုင်းမှာ မိန်းကလေးရယ်လို့ ဖြစ်ပြီဆိုတာနဲ့ သူဟာ မိခင်လောင်း တစ်ယောက်ပါပဲ။ သဘာဝတရားအရ သူဟာ မိခင်လောင်း တစ်ယောက်ပါပဲ။ အဲဒီအတွက်နဲ့တင် သူဟာ နူးညံ့တဲ့ စိတ်ထားရှိသူတစ်ယောက် ဖြစ်လာမယ်။ ဘယ်သူမဆို တွေးကြည့်လေ မိခင်လောက် ဘယ်သူကများ ကိုယ့်အပေါ်ကို ဂရုစိုက်လဲ မိခင်လောက်များ ခွင့်လွှတ်နိုင်စွမ်း ရှိသလဲဆိုတာ။ မာတာပီတု ဆိုတဲ့နေရာမှာ ဘာလို့ မာတာဆိုတဲ့ မိခင်က ရှေ့က ရှိနေသလဲ။ မိန်းမဆိုတာ ပျော့ညံ့တတ်လွန်းတာထက် နူးညံ့သိမ်မွေ့တာပါ။

ယောက်ျားလေးတစ်ယောက်နဲ့ မိန်းကလေးတစ်ယောက် ဖြစ်လာကြတဲ့ ပြဿနာတစ်ခုမှာ ဆိုပါတော့။ ပြဿနာ ဖြစ်လာကြတယ် ဆိုတာရဲ့ နောက်မှာ ယောက်ျားလေးတွေဟာ မင်းတို့မိန်းမတွေ ဒီလိုကြီးပဲ၊ မင်းတို့မိန်းမတွေအားလုံးက ဒီလိုပဲ ဆိုပြီး ပြောတတ်ကြတယ်။ တကယ်တမ်းမှာတော့ အဲဒီ ယောက်ျားလေးကရော ဒီလိုချည်းပဲ မဟုတ်ဘူးလား။ အားလုံးကရော ဒီလိုကြီးပဲ မဟုတ်ဘူးလား။ မဟုတ်ဘူးလို့တော့ ဇွတ်မညင်းပါနဲ့။ ဆွမ်းဆန်ထဲ ကြွက်ချေးရောတာပါလို့လည်း မပြောပါနဲ့လေ။ အားလုံးက ညီမျှချင်းတစ်ခုရဲ့ဘေးမှာ တစ်ဖက်စီ ရှိနေကြတာပါ။ ၀ါးလုံးရှည်နဲ့ ရမ်းမသိမ်းပါနဲ့လို့ မပြောနဲ့။ ဒါဟာလည်း ညီမျှခြင်းတစ်ခုအလည်မှာ ရှိနေတယ်။ အမှန်ဆို အားလုံးဟာ ညီမျှခြင်းတစ်ခုရဲ့ဘေးမှာ ကိုယ်စီကိုယ်စီ ရှိနေကြတာပါ။

မင်းတို့မိန်းမတွေကြောင့် ဘ၀ပျက်ခဲ့ရတာတွေ ရေတွက်လို့တောင်မှ မနိုင်ဘူးလို့ ဆိုလာရင်၊ ယောက်ျားလေး ရာခိုင်နှုန်း အတော်များများကြောင့် ဘ၀ပျက်ခဲ့ရတဲ့ မိန်းကလေးတွေက ယောက်ျားလေးတွေလို ရင်ဘောင်တန်းပြီး ကြွေးကြော်ခဲ့ကြမယ် ဆိုရင် ဘယ်သူ အားသာမယ်ထင်သလဲနော်။ မိန်းကလေးတစ်ယောက်က ဘယ်လောက်ထိပဲ ရက်စက်ခဲ့စေဦးတော့ နောက်ဆုံးမှာ သူဟာ အမြဲ ရှုံးနိမ့်သူ ဖြစ်လေ့ရှိတယ်။ ဒါဘာလို့လဲ။ နောက်ဆုံးမှာ သူ့မရဲ့ နူးညံ့လှတဲ့စိတ်ထား မိန်းကလေးတစ်ယောက်မှာသာလျှင် ရှိတတ်သော ထိုစိတ်ထားက အလျှော့ပေးလိုက်လေ့ ရှိသောကြောင့်လို့ ပြောရမယ်။

ယောက်ျားလေးတစ်ယောက်ဟာ အချစ်ဦးကိုမှ လိုချင်တယ်။ တွေးကြည့်မိရဲ့လား။ မိန်းကလေးတစ်ယောက်ကရော တန်းတူ အချစ်ဦး တစ်ယောက်ကိုပဲ လိုချင်ကြလိမ့်မယ်ဆိုတာကို။ ဒါပေမယ့် ယောက်ျားကောင်းတော့ မောင်းမတစ်ထောင် ဆိုပြီး ဟစ်ကြွေးကြတယ်။ ဒါကို မိန်းမသားတစ်ထုလုံးက နားလည်လက်ခံပေးနိုင်ပေမယ့်လို့။ ရည်းစားတစ်ထောင် လင်ကောင်တစ်ယောက် ဆိုတဲ့ စကားကိုကြတော့ ယောက်ျားလေးတစ်ယောက်ကတောင်မှ ဘာလို့ လက်မခံမပေးနိုင်ရသလဲ။ မိန်းကလေးတစ်ယောက်က ယောက်ျားလေးတစ်ယောက်နဲ့ လူငယ်သဘာဝ ချစ်ကြိုက်လာကြမယ်။ အဲနေရာမှာ နမ်းကြတယ်။ ရိုင်းတယ်လို့ ထင်ပေမယ့် တွေးကြည့်ပါရစေ။ မိန်းကလေးတိုင်းကို နမ်းခဲ့တဲ့ ယောက်ျားလေးတစ်ယောက်ရဲ့ အနမ်းကို နှစ်သက်သဘောကျသူ မိန်းကလေးလည်း ကိုယ့်ချစ်သူဆိုပြီး လက်ခံနိုင်ပေမယ့်လို့ ယောက်ျားလေးတိုင်းက နမ်းခဲ့မယ်ထင်တဲ့ မိန်းကလေးတစ်ယောက်ကို မိမိ သဘောကျတယ်လို့ ယူဆထားတဲ့ ယောက်ျားလေးတစ်ယောက်က ဘာလို့ မနမ်းချင်ရသလဲ။ ဒါဟာ ယောက်ျားလေး ဆိုတဲ့ ပုရိသတစ်ယောက်ရဲ့ အတ္တပဲ မဖြစ်ပေဘူးလား။

ယောက်ျားတစ်ယောက်နဲ့ မိန်းကလေးတစ်ယောက် သဘာဝကို မလွန်ဆန်နိုင်လို့ ချစ်ခင်နှစ်သက်ကြသည် ဆိုပါတော့။ နောက်ဆုံးမှာ ပြဿနာတက်မယ်။ ဇာတ်သိမ်းမလှဘူး။ အဲနေရာမှာ ယောက်ျားလေးက နောက်ဆုံး ပွဲသိမ်းမှာ ရေရွတ်လေ့ ရှိတာက မိန်းမတွေ မကောင်းကြောင်းပါ။ ဘယ်ချိန်ထိမဆို သူတို့ဟာ အဲဒီ နားကျည်းမုန်းတီးတဲ့စိတ်ကို သယ်ဆောင် ယူသွားနိုင်ကြတယ်။ နှစ်ဘယ်လောက်ကြာမှ ဖြစ်ပါစေ သတိရလိုက်မိချိန်တိုင်းမှာ နာကျည်းမှုနဲ့အတူု ပေါက်ကွဲ ဒေါသထွက်လေ့ရှိပါတယ်။ မတူညီတာကတော့ မိန်းကလေးတွေက အဲလို မဟုတ်ကြပါဘူး။ နာကျည်းမယ်၊ မုန်းတီးမယ် နောက်ဆုံးမှာ အညှိုးအတေး ထားခဲ့ကြမယ် ဆိုရင်တောင်မှ တဖက်သားက အလျှော့ပေးမယ် ၀န်ချတောင်းပန်လာမယ် နားလည်မှုတွေ ပေးလာခဲ့မယ်ဆိုရင် အဲဒီ နာကျည်းလှပါတယ်ဆိုတဲ့ မိန်းကလေးတစ်ယောက်က အလိုလို ခွင့်လွှတ်ပြီးသား ဖြစ်သွားမှာပဲ။ မိန်းကလေးတစ်ယောက်ရဲ့ မသိစိတ်မှာ လွှမ်းမိုးထားလေ့ရှိတဲ့ ခွင့်လွှတ်နိုင်စွမ်းအား တစ်ခုကြောင့်ပါပဲ။ အကယ်၍ ထိုမိန်းကလေးက ခေါင်းမာနေပြီး အတ္တကြီးနေမယ် ဆိုရင် အဲတာဟာ သူ့ရဲ့ ဟန်ဆောင်မှုတစ်ခုပါ။ ဥပမာ ပြိုင်ပွဲတစ်ခု ဖြစ်ခဲ့မယ် ဆိုရင် အနိုင်ရလိုစိတ် တစ်ခုကြောင့်သာ သူဟာ ဆက်ပြီး ဟန်ဆောင်နေတာပဲ ဖြစ်နိုင်ပါတယ်။ မည်သူ တစ်ဦးတစ်ယောက်မှ မရှိတဲ့ချိန်မှာ သူမဟာ အဲလိုပဲ ဖြစ်နေလိမ့်မယ်လို့ အပေါင်းအသင်း ထင်မိပါသလား။ အမှားကြီး မှားသွားလိမ့်မယ် သူငယ်ချင်း။ အဲလို မိန်းကလေးတွေဟာ ပိုပြီး အထီးကျန်ပြီး ၀မ်းနည်းတတ်လေ့ရှိပါတယ်။ အဲချိန်မှာ သူတို့ရဲ့ လျှို့ဝှက် သို့မဟုတ် မြှုပ်ကွက်တစ်ခုဖြစ်တဲ့ အားကိုးရာ ပုရိသတစ်ယောက်ကို သူမဟာ တမ်းတပြီး အားကိုးစိတ်နဲ့ အဖေါ်မဲ့နေမှာပဲ။

နောက်ပြီး မိန်းကလေးတစ်ယောက်ဟာ ကတိမတည်နိုင်ဘူးလား။ သူငယ်ချင်းရော ဘယ်လိုထင်လဲနော်။ မီးသော်ကြီးကတော့ ထင်ရာတွေ ဆက်ရေးလိုက်ဦးမယ်။ ယောက်ျားကတိကွ တည်တယ်။ မင်းတို့မိန်းမတွေလို မဟုတ်ဘူး။ ကတိမတည် သစ္စာမရှိတဲ့ မင်းတို့မိန်းမတွေလို မဟုတ်ဘူးကွ ဆိုတဲ့ စကားမျိုးကို အနီးစပ်ဆုံးပြောရရင် မြန်မာဗွီဒီယိုဇာတ်လမ်း အတော်များများမှာ တွေ့ရလေ့ရှိပါတယ်။ ပြောရမယ်ဆိုရင် ယောက်ျားလေးတိုင်းကရော ကတိတည်ကြလို့လား။ မင်းမှာသစ္စာ လူမှာကတိဆိုတဲ့ ဆိုရိုးစကားတစ်ခုကို ကြားဘူးတယ်။ အမှန်မှာတော့ ယောက်ျားကတိ၊ မိန်းမကတိ ဆိုပြီး ခွဲထားခဲ့တာ မရှိပါဘူး။ လူမှာကတိဆိုပြီးပဲ ရှေးလူကြီးတွေ သုံးခဲ့ကြတာပါ။ ကတိတည်တဲ့ မိန်းမတွေ ရေတွက်လို့ မရနိုင်အောင်ရှိသလို ကတိမတည်တဲ့ ယောက်ျားတွေလည်း ဒုနဲ့ဒေးပါ။ တကယ်တမ်းမှာ မိန်းမတွေဟာ ယောက်ျားတွေလောက် ကတ်တွက်တတ်တဲ့ စိတ်မရှိလို့သာလျှင် ဒါတွေကို မသိယောင်ဆောင်ပေးရင်း နားလည်မှုနဲ့ နေပေးနေကြတာတွေပါ။

ပြောကြစတမ်းဆိုရင်တော့ ဒါဟာ စကားရည်လုပွဲတစ်ခု ဖြစ်သွားမှာ အမှန်ပဲ။ ယောက်ျားလေးက မိန်းကလေးနဲ့ ကင်းနိုင်ကြတာလည်း မဟုတ်သလို မိန်းကလေးကလည်း ယောက်ျားလေးနဲ့ ကင်းနိုင်တာမဟုတ်ပါဘူး။ ယောက်ျားလေး မစွမ်းဆောင်နိုင်တာကို မိန်းကလေးက စွမ်းဆောင်နိုင်တာရှိသလို၊ မိန်းကလေး မစွမ်းဆောင်နိုင်တာလည်း ယောက်ျားလေးစွမ်းဆောင်နိုင်တာ ရှိပါတယ်။ ဒါဟာ သဘာဝတစ်ရားကြီးက ဖန်တီးထားတဲ့ သဘာဝတစ်ခုပါ။ ပြီးတော့ ကင်းအောင်နေလို့လည်း မရဘူး။ သူ့လိုအပ်ချက်နဲ့သူ ရှိနေပြီးသား သူ့ဖြည့်ဆည်းချက်နဲ့သူ ရှိနေပြီးသားဖြစ်လို့ ဒါဟာ ယောက်ျားမိန်းမ ဆိုပြီး ခွဲခြားနေစရာ မလိုဘူးလို့ ထင်ပါတယ်။ မိန်းမဆိုတာ မကောင်းဘူးလို့ ကြွေးကြော်တဲ့ ပုရိသ အတော်များများဟာ တစ်ချိန်မှာ သဘာဝကို မလွန်ဆန်နိုင်ပဲ အဲဒီ မကောင်းမှန်း သိနေတဲ့ ဣတ္ထိယကို ရှောင်ကွင်းပြီး မသွားနိုင်ပါဘူး။ အလားတူပဲ မိန်းမဆိုတာလည်း ပုရိသနဲ့ မကင်းကွာနိုင်ပါဘူး။ ယောက်ျားလေးတစ်ယောက်က မိန်းကလေးတစ်ယောက်ကြောင့် ခံစားမှုတွေ အလွန်အကျွံဖြစ်ပြီး နေထိုင်မှုပုံစံကိုပါ သွားရောက်ထိခိုက်လို့ မိန်းကလေးကို အပြစ်တင်ကြမယ် ဆိုရင် တကယ်တမ်း အပြစ်ရှိသူဟာ ထိုယောက်ျားလေးသာလျှင် ဖြစ်တယ်လို့ တွေးကြည့်မိပါရဲ့လား။ သူဟာ အဲလိုဖြစ်စေဖို့အတွက် သူကိုယ်တိုင် မိန်းကလေးတစ်ယောက်ကို အခွင့်အရေးတွေ ပေးခဲ့လို့သာလျှင် ထိုမိန်းကလေးက ထိုသို့ လုပ်ခွင့်ရခြင်း ဖြစ်ပါတယ်လို့လေ။

တကယ်တမ်း လက်တွေ့ဘ၀မှာ ယောက်ျားလေးတစ်ယောက်ကလည်း တီးတိုးတိုင်ပင်ဖေါ်၊ ဆေးပေးမီးယူ ဆိုတာမျိုးနဲ့ မိန်းကလေးတစ်ယောက်ကို လိုအပ်သလို မိန်းမသားဘ၀မှာလည်း အလံမရှိတဲ့ရထား၊ တံခွန်မရှိတဲ့ဘုရား၊ လင်သားမရှိသောမိန်းမ ဆိုတဲ့ စကားတွေခံပြီး အမှန်တကယ် ရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပေးနိုင်မယ့် ယောက်ျားတစ်ယောက်ကို လိုအပ်တာ အမှန်ပဲ။ ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ မိမိတို့ကိုယ်တိုင်ကမှ ကျားကမကိုဖြစ်စေ မကကျားကိုဖြစ်စေ ကင်းကွာပြီး နေဖို့ဆိုတာ မလွယ်ကူမှတော့ နှစ်ဦးနှစ်ဖက် သာတူညီမျှတွေးပြီး တစ်ယောက်အပေါ်တစ်ယောက် နားလည်မှုတွေနဲ့ တွေးပြီး ဖြည့်ဆည်းနေထိုင်ကြတာ အသင့်တော်ဆုံးပဲ မဟုတ်လားနော်။ တစ်ယောက်ရဲ့ အပြစ်ကို တစ်ယောက်ကြည့်ပြီး ဝေဖန်ပြောဆိုနေကြမယ့်အစား အဲလိုနေရာတွေမှာ နားလည်မှု ဆိုတာတွေနဲ့ အစားထိုးပြီး ပျော်ပျော်ရွှင်ရွှင် နေကြည့်ရင်ကော မဖြစ်နိုင်ဘူးလား။ မျက်မှန်စိမ်းကြီး တတ်ကြည့်ရင်တော့ အစိမ်းရောင်မြင်ကွင်းထဲမှာ အားလုံး ရောက်နေမှာပဲလေ။ ဘာတွေ ဘယ်လိုပဲပြောပြော ချစ်တဲ့မျက်လုံးနဲ့ ကြည့်တတ်ဖို့ပဲ လိုတာပါ။

မိန်းကလေးတွေက အမှတ်အတေးကြီးတယ် ဆိုကြပေမယ်လို့ အဲဒီအညှိုးတွေ အာဃာတတွေကို အင်နဲ့အားနဲ့ ကျောက်ခဲကျောက်ဆိုင်ပေါ်မှာ ရေးထွင်းထားကြတာ မဟုတ်ပါဘူး။ သဲပြင်လို နေရာမျိုးမှာပဲ အလွယ်တကူ မှတ်ထားလိုက်ကြတာမျိုးတွေပဲပေါ့။ ရေတိုက်စား လေတိုက်စားပြီး အလွယ်တကူ ပျောက်ပျက်တတ်စေလိုက်တယ်လေ။ ဒါကြောင့်လည်း မိန်းမဆိုတာ နှာခေါင်းသာမပါရင် ဆိုပြီး နှိမ့်ချတဲ့ စကားလုံးတွေနဲ့ နှိုင်းယှဉ်ခံရတာပေါ့။ တစ်ကယ်လို့ မိန်းကလေးတိုင်းက သေချာမှတ်ထားပြီး ယောက်ျားလေးတွေလို တွက်ကတ်ပြီး လိုက်ပြောနေမယ်ဆိုရင် ကင်းကွာလို့ မရတဲ့သူတွေ အားလုံးက အဆင်မပြေမှုတွေနဲ့ပဲ လောက၀တ်တရား မကျေ ဖြစ်ကုန်ကြမှာပေါ့နော်။ ဒါပေမယ့် မိန်းမသားထုကြီးက အရာရာတိုင်းကို လိုက်ပြီး တွက်ကတ်မနေပဲ ခွင့်လွှတ်ခြင်း ဥပေက္ခာနဲ့ လက်ခံပေးနိုင်ကြလို့သာ ဒီလို အငြင်းပွား ငြင်းခုံမှုမျိုးတွေကို ရှောင်နိုင်ခဲ့တာပါ။

ဘာပဲပြောပြောလေ ပုရိသဆိုတဲ့ ယောက်ျားတွေဟာ ဣတ္ထိယဆိုတဲ့ မိန်းကလေးတွေနဲ့ ကင်းကွာပြီး သီးခြားရပ်တည် နေကြတာမှ မဟုတ်လေတော့ ... (ရဟန္တာ၊ သူတော်စင် ပုဂ္ဂိုလ်များ မပါဝင်ပါ) ကိုယ့်ရဲ့ နီးစပ်မှုရှိတဲ့ မိန်းကလေးတွေကို မျှဝေ နားလည်ပေးနိုင်ကြရင် အကောင်းဆုံးဖြစ်မှာပါ။ "ငါဒီလိုလုပ်တာ မကြိုက်ဘူး၊ ဒါမျိုး မကြိုက်ဘူး" လို့ တွေးမိရင် တစ်ဖက်က မိန်းကလေးမှာလည်း ကိုယ့်လိုပဲ ခံစားတွေးမိမှာပဲ ဆိုတာကို ဂရုစိုက်ပေးရင်းနဲ့ ကြင်ကြင်နာနာ မျှမျှတတ နေသွားရင် မကောင်းပေဘူးလားနော်။ ကောင်းတယ် ဆိုးတယ် ဆိုတာကလည်း ကိုယ့်ကိုကိုယ်ပေါ်မှာ မူတည်ပါတယ်။ ချစ်တတ်တဲ့ မျက်လုံးနဲ့ ကြည့်မယ်ဆိုရင် အရာရာဟာ ချစ်ဖို့ကောင်းပါတယ်။ နားလည်ပေးမယ့် အသိစိတ်နဲ့ ရင်းနှီးမှု ရယူမယ်ဆိုရင် အရာရာတိုင်းကို နားလည်နိုင်ပါတယ်။ ဒါပေမယ့် ကိုယ်ကိုတိုင်ကမှ မျက်မှန်စိမ်းကြီးတတ်ပြီး အမြင်တွေ မကြည်လင်ဘူးဆိုရင် ... မြင်မြင်သမျှ အရာရာတိုင်းက ဘာကိုမှ အဆင်ပြေတော့မှာ မဟုတ်ပါဘူး။ အဲကြောင့် မိမိကိုယ်သာလျှင် အကောင်းအဆိုးတွေကို ပြုသူဖြစ်တယ်ဟုတ်။

ယောက်ျားဆိုတဲ့ ပုရိသတွေသာလျှင် ဘုရားအဖြစ်ကို ရောက်နိုင်သူတွေပါ။ ပြီးတော့ သူတို့ဟာလည်း သဘာဝ ပေးအပ်တဲ့ တာဝန်အရ ယောက်ျားလေးတွေဟာ ဖခင်လောင်းတွေ ဖြစ်တယ်လေ။ ပြီးတော့ သူတို့ဟာ ဦးဆောင်သူတွေလည်း ဖြစ်တယ်။ ဘယ်လိုပဲဖြစ်စေ သဘာဝတရားကြီးဟာ ယောက်ျားလေး ဆိုတဲ့ ပုရိသနွယ်တိုင်းကို မြင့်မြတ်တဲ့နေရာမှာ ပေးအပ်ထားခဲ့တယ်။ အဲဒါကြောင့်လေ ထိုပုရိသများက အားနွဲ့တဲ့ မိန်းမသားရယ်လို့ ရှေးအစဉ်အလာကတည်းက သတ်မှတ်ထားခဲ့တဲ့ ၎င်းဣတ္ထိယတွေ အပေါ်ကို စာနာနားလည်စိတ်၊ ကိုယ်ချင်းစာစိတ်၊ သည်းခံခွင့်လွှတ်စိတ်တွေနဲ့ ခင်မင်ယုယ ပေါင်းသင်းဆက်ဆံ ကြည့်ရှု စောင့်ရှောက်လို့ မဖြစ်နိုင်ဘူးလားနော်။

အင်း ... ရေးရင်းနဲ့ စာတွေလည်း ဟိုရောက်ဒီရောက် ...။ သေချာတာတော့ သပွတ်အူအစစ် ဖြစ်သွားတယ်။ မီးသော်ကြီးလည်း ဘာရယ်တော့ မဟုတ်ဘူး ... တွေးမိတာတွေကို တွေးမိသလို ချရေးလိုက်တာ။ ဘယ်သူရယ် ဘာရယ် ဆိုပြီးတော့လည်း မရည်ရွယ်ဘူးပဲ။ တွေးမိတွေးရာနဲ့ လုပ်ချလိုက်တာ သပွတ်အူဇာတ် ဖြစ်နေတယ်။ သေချာတွေးလို့ ရေးရမယ်ဆိုရင်လည်း စကားနိုင်လုပွဲ ဖြစ်သွားမှာပဲ။ ဒါမျိုးတော့ မဖြစ်ချင်ဘူး။ မျက်လုံးတစ်ခြမ်းပိတ်ပြီး မကြည့်စေချင်တဲ့ သဘောလောက်လေးပဲ ရှိတာပါ။ လူတိုင်းမှာ အကောင်းနဲ့ အဆိုးဟာ ဒွန်တွဲနေတာပဲလေ။ တစ်ယောက်မကောင်းတာကို တစ်ယောက်က အပြစ်တင်ပြီး ကိုယ့်မျက်ချေး ကိုယ်မမြင်တာမျိုးနဲ့ ရှုတ်ချဝေဖန် ပြောဆိုနေတာထက် နားလည်မှု ကိုယ်ချင်းစာမှုတွေနဲ့ တစ်ယောက်အပေါ်တစ်ယောက် ဖေးမနားလည်ပေးကြမယ် ဆိုရင် ဆိုတဲ့ အတွေးမျိုးလေးကို တွေးမိလိုက်လို့ ဒီလိုဟာတွေ လျှောက်ရေးဖြစ်သွားတာပါ။

မီးသော်ကြီး ကိုယ်တိုင်က မိန်းကလေးတစ်ယောက် ဖြစ်လေတော့ မိန်းကလေးအတွက် ရေးရာမှာ အနည်းငယ် ဦးစားပေးမိသလို ဖြစ်ကောင်းဖြစ်လိမ့်မယ်။ ဒါကိုလည်း သူငယ်ချင်းက မြင့်မြတ်တဲ့ ယောက်ျားလေးတစ်ယောက်အဖြစ်နဲ့ နားလည်ပေးလိုက်ဦးလို့နော် ...။ မီးသော်ကြီးလည်း ရေးသာရေးတာ ဘာတွေမှန်းလည်းတော့ သေချာမသိဘူး ...။ သေချာတာကတော့ မီးသော်ကြီးက သပွတ်အူကို ဖြေရှင်းပြီး သေချာ သပ်သပ်ရပ်ရပ် ဖြစ်သွားအောင် လုပ်ပေးချင်တာဖြစ်တယ်။ ခက်တာက သပွတ်အူက အစရှာမရဘူး ဖြစ်နေတယ်။ ခက်တယ်နော် ...။ သပွတ်အူကလည်း ဘာလို့ အဲလောက်ရှုပ်နေပြီး မီးသော်ကြီးကလည်း ဘာလို့များ အဲသပွတ်အူကိုမှ မနေနိုင်မထိုင်နိုင် သွားပြီး ယူကြည့်မိရသလည်း ...။ ကြည့်ပြီးတဲ့နောက်မှာရော ဘာလို့များ ရှင်းပေးချင်ရတာလည်း မသိဘူးနော် ...။ - ။

3 comments:

တေဇာတေ said...

တစ်မျိုးပဲ......

phung bella said...

hi impressive blog.
We have a big website to sale cars online throughout Myanmar. Please visit us back at: http://motors.com.mm/?utm_campaign=mot_mm_lb_blog_phung&utm_source=mot_lb_blog&utm_medium=lb_blog

Anonymous said...

'microsoft' Lucidtouch -- Technology Designed to Change Netbooks Forever

my web-site :: peregrination