လာရောက်ဖတ်ရှုကြသူအားလုံးကိုကျေးဇူးပါရှင် Mee Mee Thaw Gyi

Sunday, January 28, 2007

ပျင်းမိပါတယ်

မီးသော်ကြီး တစ်ယောက် ပျင်းရိခြင်းအကြောင်း တစ်ရား ၆ ပါးကနေ တစ်ပါးမှ မလွတ်ပဲ နည်းလမ်းမျိုးစုံနဲ့ ပျင်းရိနေခဲ့လိုက်တာ ဘလော့လေးနားကို ယောင်လို့တောင်မှ မရောက်မိခဲ့ပါဘူး။ ဘလော့လေးခမျာမလဲ သနားဖို့ ကောင်းလောက်အောင် ချောက်ကပ် တိတ်ဆိတ်နေရှာတယ်။ မီးသော်ကြီးက အရာရာကို လစ်လျှူရှုပြီး နေခဲ့တာတော့ မဟုတ်ပါဘူး။ အကြောင်းအမျိုးမျိုးကြောင့် တိုက်ဆိုင်စွာနဲ့ပဲ စာမရေးဖြစ်တာလည်း ပါတာပေါ့လေ။ ပျင်းတာနဲ့ နားပင်းတာ ရောနေတယ်ဆိုပါတော့။ မီးသော်ကြီးလဲ ဘလော့မှာ လာရောက်သူကို အားတွေလည်းနာ စော်ကားသလို ဖြစ်မိတာတွေကိုလည်း တွေးမိပြီး ကိုယ့်စိတ်ကို မလုံသလို ခံစားနေရတာ။ ရေးမယ်၊ ရေးမယ်နဲ့ စိတ်ထဲမှာပဲ စာတွေစီနေတာ လက်တွေ့မှာတော့ ဘာကိုမှ မယ်မယ်ရရ မလုပ်ဖြစ်ဘူး။ ပျင်းပါတယ် ဆိုနေမှ အင်တာနက်ကော်နရှင်တွေက ပျက်ကူပေးလိုက်သေးတယ်။ မီးသော်ကြီးတို့ ကံကောင်းလိုက်ပုံများနော်...။ အမှန်တော့ အလုပ်တစ်ခုကို လုပ်တယ်ဆိုတာ ကံချည်းနဲ့ပဲ ဆိုင်တာတော့ မဟုတ်ဘူး။ ပြောလေ့ပြောထရှိတဲ့ စကားတစ်ခုရှိပါတယ်။ ကံမရှိ ဥာဏ်ရှိတိုင်းမွဲ ဆိုလား။ အမှန်ကတော့ အဲစကားက မီးသော်ကြီး ဘလော့မှာ စာမတင်ဖြစ်တာနဲ့တော့ မဆိုင်ဘူး။ မီးသော်ကြီးက ၀ီရိယကော လုံ့လကော မရှိတာ။ ဘလော့လေး လုပ်ထားပါတယ် ဆိုမှတော့ စာကို ဂရုတစိုက်လေး ရေးသင့်တာပေါ့နော့်။ မီးသော်ကြီး အကြောင်းကို သိတဲ့သူ တစ်ယောက်က ဘယ်လိုပြောလဲဆို စာရေး ဒီလောက်ပျင်းတဲ့ သူက ဘလော့များ သွားလုပ်နေသေးတယ်တဲ့။ အမှန်တော့ မီးသော်ကြီးက သူများယောင်လို့ လိုက်ယောင်တာ။ စပ်စလူးပိုးကို ဓါတ်လိုက်သလိုပဲ၊ ဘလော့ လုပ်ချင်လှပါချည်းရဲ့ ဆိုပြီး အများတကာကို နားပူနားဆာလုပ်၊ ပြီးတော့လည်း ခုမြင်တဲ့အတိုင်းပဲ။ လူဆိုတာ လုံ့လ၀ီရိယလေးတော့ ထားသင့်တာပေါ့။ မီးသော်ကြီးရဲ့ သူငယ်ချင်းတစ်ယောက်၊ သူ့ရဲ့ အဖွားဆို အမြဲဝီရိယထားဖို့ တိုက်တွန်းတယ်။ သူကတော့ ဘယ်လို ဥပမာနဲ့ ပေးလည်းဆိုရင်၊ ကန်တော့ပါရဲ့ ခွေးဖြစ်ရင်တောင်မှ ပျင်းနေရင် မစင်ပူပူနွေးနွေး ဘယ်တော့မှ စားရမှာ မဟုတ်ဘူးတဲ့လေ။ သူပြောတာက စကားလုံးတွေက ရိုင်းတယ်ဆိုပေမယ့် ထိရောက်တယ်။ ဟုတ်တော့လည်း ဟုတ်နေတာပါပဲ။ မီးသော်ကြီးကတော့ အဲလိုမဟုတ်ပါဘူး။ ၀ီရိယအကျိုး စောစောနိုး၊ သူခိုးတုတ်နဲ့ရိုက် ဆိုပြီး ဘယ်တော့မှ စောစောမထဘူး။ ခုကတော့ အိပ်ရာစောစော မနိုးယုံတင်မဟုတ်ဘူး ဘလော့ကိုပါ ဥပေက္ခာ ပြုနေတာ။ မီးသော်ကြီး တောင်းပန်းပါတယ် စာဖတ်ပရိတ်သတ်ကြီးရယ်။ ( စိုင်းစိုင်းစတိုင်လ်နဲ့ ပြောကြည့်တာ၊ ငပေါကြီး ကျနေတာပဲ )။ မီးသော်ကြီး ပို့စ်တွေကို တစ်နေ့တစ်ခု မဟုတ်တောင် ခုလောက်ကြီး ရက်ကြာကြီး မတင်ဖြစ်တာမျိုး မဖြစ်အောင် ဂရုစိုက်ပါ့မယ်လို့ ပြောပါရစေနော်။ လာလည်ပါ၊ ပျင်းစရာ အကောင်းဆုံး ဘလော့တစ်ခု ဖြစ်ပေမယ့် လမ်းကြုံရင် ၀င်လာပါလို့။ ပြီးတော့ ဝေဖန်ပါ အကြံပြုပါလို့......

1 comment:

Anonymous said...

အပျင်းကမ်ဘာထဲက မမပျင်းရေ့  ပျင်းလှချည်ရဲ့ဆိုပြီး ပျင်းဋီကာတွေ ဖွင့်ပြီး ပျင်းနည်းပေါင်းသောင်းခြောက်ကို ကျိုသောက်ပြီး ပျင်းပြနေပါလားနော့့်  တော်တော်ကြာ မမပျင်းရဲ့ ပရိသတ်အပေါင်းကလည်း ပျင်းကမ်ဘာထဲ တ၀ဲလည်လည်နဲ့ ပျင်းနေလေပြီပေါ့ကွယ့့်  ရေးရင်းနဲ့ကိုပဲ ပျင်းလာလို့  ၀ါ့း့  ငိုက်လာပြန်ပြီမို့  ပျင်းသခင်မကြီး မရေသည်ရေ့  ခဏတော့ နားခွင့်ပါဦးနော့့် 