ဒီနေ့ ဆိုတာကို မီးသော်ကြီး အရမ်းသဘောကျတယ်။ ဒီနေ့သာလျှင် အရာရာတိုင်းအတွက် ဘုရင်ပါ။ ဒီနေ့သာလျှင် ဘာမဆိုဖြစ်နိုင်မည့် အခွင့်အရေးတွေကို ပေးသူပါ။ ဒီနေ့သာလျှင် အများဆုံး စွမ်းဆောင်နိုင်သူပါ။ မီးသော်ကြီးက ဒီနေ့ ဆိုတာထက် မနက်ဖြန် ဆိုတာကို အားထားမိတယ်။ ဒီနေ့ရဲ့ ကောင်းကျိုးကို မသိခင်ချိန်ကပေါ့။ မနက်ဖြန်၊ မနက်ဖြန်နဲ့ မျှော်လင့်ချက်တွေကို ထားတယ်။ မနက်ဖြန်ဆိုတဲ့ မျှော်လင့်ချက်နဲ့ မနက်ဖြန်ပေါင်းများစွာကို မျှော်လင့်ပြီး နိုးထလာတဲ့ ရက်ပေါင်းတွေ မီးသော်ကြီးဆီမှာ တောင်ပုံယာပုံပဲ။ အဲလောက်ထိအောင်ကို မနက်ဖြန်ဆိုတာကို ရင်ခုန်းရင်း နှစ်သက်နေခဲ့တာ။ တစ်ခါတစ်လေ အလုပ်လုပ်စရာတွေ ပေါ်လာလို့ ပျင်းနေတာနဲ့ကြုံရင် နက်ဖန်ကို လွှဲပလိုက်သေးတာ။ မနက်ဖြန်မှ လုပ်မယ်၊ မနက်ဖြန်မှ တွေ့မယ်၊ မနက်ဖြန်မှ သွားမယ်၊ မနက်ဖြန်မှ ... ဆိုတဲ့ မနက်ဖြန်ပေါင်းများစွာ ...။ တကယ်တော့ မနက်ဖြန်ဆိုတာ ရေရာတာ မဟုတ်ပါဘူး။ မနက်ဖြန်ထက် ပိုဆိုးတာ နောက် ၁ လတို့၊ နောက် ၁ နှစ်တို့၊ နောက် ... တို့။ မနက်ဖြန်ပေါင်းများစွာက မီးသော်ကြီးကို မျှော်လင့်ချက် မဲ့စေခဲ့တယ်။ ပြီးတော့ မနေ့က ဆိုတာကိုလဲ မီးသော်ကြီး ပြန်မတွေးချင်ဘူး။ မသိခဲ့တာ မဟုတ်ပေမယ့် မတွေးမိအောင်တော့ ထားချင်တယ်။ မတွေးမိပေမယ့် မီးသော်ကြီး ကိုယ်တိုင်ပါဝင်ခဲ့တဲ့ မနေ့က ဆိုတာကို မသိချင်ယောင်ဆောင်လို့ မရဘူး။ မနေ့က ဆိုတာတွေက တန်းစီနေတယ်။ တစ်ခါတစ်ရံမှာ မနေ့က ဆိုတာဟာ နောင်တလို့ ပြောင်းလဲသွားတတ်တယ်။ အမှန်ကတော့ အဲဒီအချိန်လေးတုန်းက အဲဒီ နောင်တဆိုတာ ဖြစ်လာမယ့် အရာကို မိမိကိုယ်တိုင် အားတက်သရော လုပ်ခဲ့သူပါ။ မိမိကိုယ်တိုင် သရုပ်ဆောင်ခဲ့တယ်။ အဲဒီ မနေ့က ဆိုတဲ့ အတိတ်ပေါင်းများစွာမှာ - ကောင်းတာတွေ၊ မကောင်းတာတွေ စုပုံလုပ်ခဲ့ပေမယ့်၊ နောင်တဖြစ်လာမယ့် အရာတွေကိုတော့ မသိစိတ်ကရော၊ သိစိတ်ကပါ စိတ်ပါလက်ပါ သယ်လာပေးကြတယ်။ မီးသော်ကြီးတော့ နောင်တ ဆိုတာကို ဖျတ်ခနဲ သိလိုက်ရရင်တောင်မှ ချက်ခြင်း ဖျောက်လိုက်တယ်။ ဟုတ်တယ်လေ အဲတာကို ဟိုတစ်ချိန်က မီးသော်ကြီး ကိုယ်တိုင် လုပ်ခဲ့တာပဲ။ စိတ်ကျေနပ်လို့ပဲဖြစ်ဖြစ်၊ မကျေနပ်စွာပဲဖြစ်ဖြစ် လုပ်ဆောင်ခဲ့တယ်။ ဘယ်လိုမှ ရှောင်လွှဲလို့ မရပဲ ဖြတ်သန်းခဲ့ပြီးပြီ။ လက်ရှိအခြေအနေမှာ စိတ်ပင်ပန်းနေခဲ့တယ်ဆိုရင် အဲဒီ နောင်တဆိုတဲ့ အတွေးက ထပ်ပြီး လူကို ပန်းစေတယ်။ နောင်တဆိုတာကို အချိန် အကြာကြီး မွေးမြုမထားသင့်ပါဘူး။ အစားထိုးလိုက်ပါ။ ပြောင်းလဲပစ်လိုက်ပါ။ မေ့လို့ရရင် မေ့လိုက်ပါ။ နောင်တဆိုတဲ့ အနိုင်ယူမှုအောက်မှာ မိမိကိုယ်ကို အရှုံးမခံပါနဲ့။ ကျေနပ်စွာရခဲ့တဲ့ နောင်တဖြစ်ဖြစ်၊ ခါးသီးစွာရခဲ့တဲ့ နောင်တဖြစ်ဖြစ် သူ့ကို ကြာကြီး လက်မခံပါနဲ့။ မနေ့က ဆိုတဲ့ ခေါင်းစဉ်အောက်မှာလဲ မီးသော်ကြီး အချိန်တွေများကြီး ပေးခဲ့ရတယ်။ နောင်တ ဆိုတာတွေကို မေ့ထားလိုက်တယ် ဆိုပေမယ့် မနေ့က ဆိုတာတွေကတော့ လူတိုင်းမှာ အများကြီး ရှိခဲ့ကြမှာပါ။ မနေ့က ဆိုတဲ့ အတိတ်ပဲဖြစ်ဖြစ်၊ မနက်ဖြန်ဆိုတဲ့ အနာဂတ်ပဲဖြစ်ဖြစ်၊ အဲတာတွေ အားလုံးကို ဒီနေ့မှာ မေ့လိုက်ပါ။ ဒီနေ့မှာပဲ မီးသော်ကြီးတို့တွေရဲ့ လက်တွေ့ကျတဲ့ ဘ၀တွေကို စိတ်တိုင်းကျ ပုံဖေါ်နိုင်မှာပါ။ ဒီနေ့ရဲ့ အစွမ်း၊ ဒီနေ့ရဲ့ သတ္တိနဲ့ အရာရာကို ဒီနေ့မှာ စတင်လိုက်ပါ။ မသေချာတဲ့ မနက်ဖြန် ဆိုတာကို အားမကိုးပဲ၊ ဟောင်းသွားတဲ့ မနေ့ကကို ပြန်မတမ်းတပဲ ဒီနေ့ရဲ့ နေ့သစ်ထဲမှာ မီးသော်ကြီးတို့တစ်တွေ ပျော်ရွှင်စွာ သရုပ်ဆောင်လိုက်ကြစို့လား။ ဒီနေ့ရဲ့ ကောင်းကျိုးများစွာထဲမှာ ဒီနေ့ကို စတင်ပါ။ ဒီနေ့က မီးသော်ကြီးတို့ရဲ့ လက်ထဲမှာပါ။ ဒီနေ့က သင်တို့ကို ဘာမဆို လုပ်ဆောင်ခွင့် ပေးမှာပါ။ ဒီနေ့မှာ အရာရာကို လက်တွေ့ လုပ်ဆောင်နိုင်မှာပါ။ ဒီနေ့ရဲ့ လတ်ဆတ်တဲ့ ရနံ့ကို ရှုရှိုက်ရင်း ဒီနေ့ရဲ့ ပျော်ရွှင်စရာကောင်းတဲ့ အစီအစဉ်တွေထဲမှာ မီးသော်ကြီးတို့တစ်တွေ ပျော်ရွှင်စွာ ဒီနေ့ကို စတင်လိုက်ကြစို့လား ..။ - ။
Wednesday, December 06, 2006
Subscribe to:
Post Comments (Atom)
3 comments:
ချစ်သော်
အရမ်းသဘောကျတယ်ဒီစာလေးကို
အရမ်းအရေးအသားကောင်းတာပဲ
ဖတ်ဘူးသမျှတွေထဲမှာ ချစ်သော်စာတွေကိုအနှစ်သက်ဆုံးပဲ
နောင်တဆိုတာ...တစ်ခါတစ်လေတော.လဲ
နှစ်သက်နေမိတာပါပဲ..ချစ်သော်ရာ
မီးမီးသော်ကြီးရယ် ဒီနေ့ဟာ နက်ဖန် မဟုတ်ပါဘူးလားကွယ်။ နက်ဖန်ဟာလည်း ဒီနေ့ဖြစ်လာနိုင်တာပဲမဟုတ်လား။ ဒီတော ဖြစ်ပြီးခဲတာ မတွေးသင်တာတော ဟုတ်ပါတယ်။ ဒါပေမယ့် နောက်အတွက်တော တွေးထားသင်တာပေါ့ ကျွန်တော်ကတော ဒီနေ့ တာဝန်ပြီးရင် နောက်နေ့အတွက် စဉ်းစားတာပါပဲ။ တခါတလေတောလည်း အဲဒီဟာတွေ မကောင်းပါဘူး မီးမီးသော်ကြီးပြောသလိုလည်း ကောင်းတာပဲ ကျေးဇူးပါ မီးမီးသော်ကြီးရယ်။
ဟီး မီးမီးသော်ကြီးမောင်လေးနော် (အဒူလဲ လိုက်မရှာနဲ့)
မီးသော်ကြီး- အိုင်ဒီယာတွေက လန်ထွက်နေတာပဲ။ မိုက်တယ်ဗျ။
Post a Comment