လာရောက်ဖတ်ရှုကြသူအားလုံးကိုကျေးဇူးပါရှင် Mee Mee Thaw Gyi

Thursday, May 31, 2007

ရောက်တတ်ရာရာ အတွေးကန့်လန့်များစွာ


အော် ... ဘလော့ဘလော့ ... တည်တုန်းက တည်ထားပြီး မှန်မှန်က မရေးဖြစ် ... မရေးတော့ဘူး ဆိုလား ဆိုတော့လည်း မစွန့်လွှတ်နိုင် ဒီလိုနဲ့ပဲ ... ဖတ်ရတဲ့ သူကလည်း ပျင်း ရေးရတဲ့ သူကလည်း အဖြစ်မရှိ။ ဟုတ်နေတာပဲ။ ဒါပေမယ့်လည်းလေ မရေးပဲတော့ မနေနိုင်ဘူး။ အဲဒီတော့လည်း ရောက်တတ်ရာရာ ... ဟိုတွေး ဒီတွေးတွေကို လျှောက်ရေးလိုက်မယ်။

အတွေးနံပါတ် (၁) - ဆန့်ကျင်သည်ဟု မဆိုသာသော ... ဆန့်ကျင်သည့် အတွေးများ

မီးသော်ကြီးလည်း ဘလော့နားကို မကပ်ဖြစ်ပါဘူး။ အာဝါဟ၊ ၀ိဝါဟတွေနဲ့ လုံးခြာလည် လိုက်နေတာနဲ့တင် သနားစရာ ဘလော့လေးကို လှည့်မကြည့်ဖြစ်ခဲ့ဘူး။ ဒါကလည်း ကြုံလို့ ပြောလိုက်တာပါ။ သူငယ်ချင်းတွေ အတော်များများကိုလည်း မပြောဖြစ်လိုက်ဘူး။ အားလည်းနာတယ် ခင်လည်းခင်တယ်။ အဲကြောင့် အခုတော့ လမ်းကြုံနေတာနဲ့ ထည့်ပြောလိုက်တာ။ မပြောမပြီး မတီးမမြည် ဆိုသလိုပေါ့။ အင်း မြန်မာ စကားပုံတွေကလည်း ပြောသာပြောရတာ သေချာလည်း နားမလည်။ သူတို့ကလည်း အမျိုးမျိုးပဲ။ ဘာတဲ့ ချစ်ခြင်းအစ မျက်လုံးကတဲ့။ ပြီးလည်းပြီးရော နောက်တစ်မျိုးက အချစ်မှာ မျက်စိမရှိဘူးတဲ့။ ရှိပါသေးတယ် တစ်ရွာမပြောင်း သူကောင်းမဖြစ်၊ သေချင်တဲ့ကျား တောပြောင်း။ ကိုယ့်ဂုဏ်ကိုယ်ဖေါ် မသူတော်၊ မပြောမပြီး မတီးမမြည်။ အင်း ရှုပ်ယှက်ကို ခတ်နေတာပဲ။ အဲလိုတွေ လျှောက်တွေးနေတာနဲ့ မီးသော်ကြီးလည်း လူ့ကန့်လန့်ကြီးကို ဖြစ်နေတော့တာ။

အတွေးနံပါတ် ( ၂ ) - ဆိုင်တယ်လို့ မတွေးမိဘူးလား သူငယ်ချင်းရေ

လူ့ကန့်လန့် ဆိုတာနဲ့ နောက်တစ်ခု တွေးမိသွားပြန်ရော။ သိတယ်မလား။ လူ့စိတ်က မျောက်စိတ်ပါ ဆိုနေ။ တွေးမိတဲ့ နောက်တစ်ခုက မီးသော်ကြီး သူငယ်ချင်း တစ်ယောက် ပြောနေကြ စကားတစ်ခုပါ။ သူ အမြဲပြောလေ့ ရှိတယ်။ ဘာမှ မဆိုင်ဘူး ဘုန်းကြီးနဲ့ဘီး အပျိုကြီးနဲ့ စွပ်ကျယ်တဲ့။ မီးသော်ကြီးက ဘာမှတော့ ပြန်မပြော ဖြစ်ပါဘူး။ တွေးတော့ တွေးမိလိုက်တယ်။ ဘာကိစ္စ မဆိုင်ရမလဲ။ သိပ်ဆိုင်တာပေါ့လို့။ ဘုန်ကြီးနဲ့ဘီး မဆိုင်ဘူးလို့ ဘယ်သူပြောလဲ။ ကျောယားတဲ့ အခါမျိုးမှာပေါ့ . မယားလို့ ခေါ်တဲ့ ကုတ်တံလေး မရှိခဲ့ရင် ဘီးနဲ့ လက်မမှီတဲ့ နေရာမျိုးကို ကုတ်လို့ရတယ်။ လူဆိုတာ ဆန္ဒတစ်ခုရှိရင် ဖြေဖျောက်လိုက်ရမှ နေလို့ထိုင်လို့ အဆင်ပြေတာမလား။ အဲအချိန်မျိုးမှာ လက်နဲ့လည်း မမှီဘူး ဖြစ်နေချိန် ဆိုပါတော့။ ဘီးတစ်ချောင်းသာ အနားမှာ ရှိခဲ့ရင် ဘုန်းကြီးနဲ့ဘီးဟာလည်း ဆိုင်တတ်ပါတယ်လို့။ အဲ နောက်တစ်ခုက အပျိုကြီးနဲ့ စွပ်ကျယ်။ အဲတာကမှ ပိုလို့တောင် ဆိုင်သေးတယ်။ ဘယ်လို ဆိုင်လည်းဆိုရင် မြန်မာပြည်က မိန်းကလေး အတော်များများကပေါ့ အချို့လည်း မပါဘူးထင်တာပဲ။ အများစုကတော့ သုံးကြပါတယ်။ စွပ်ကျယ်နဲ့ တို့ဖတ် ခေါ်မလား သနပ်ခါး လူးပြီး မျက်နှာပေါ်မှာ ရိုက်ကြတယ်လေ။ အဲမှာကို ဆိုင်နေပြီ။ သားအမိ ၂ ယောက်ပဲ ရှိကြတယ် . အမေကြီးက အိုနေပြီ သမီးကလည်း အပျိုကြီး အသက်က ကြီးနေပြီ။ အိမ်မှာလည်း ယောက်ျားသားက မရှိ။ အဲလိုချိန်မှာ ငယ်ကတည်းက အကျင့်ပါလာတဲ့ တို့ဖတ်ရိုက်တဲ့ စွပ်ကျယ်ကလည်း မရှိတော့ရင်။ အဲအပျိုကြီးဟာ ဈေးမှာ စွပ်ကျယ်ကို သူကိုယ်တိုင် ၀ယ်ရမှာ။ သူပြောနေကြ မဆိုင်ဘူး ဆိုတဲ့ စကားက သေချာပဲတွေးတွေး အားနေလို့ပဲတွေးတွေး ဆိုင်ကိုဆိုင်နေတာနော်။ ဟုတ်တယ်မလား။ ကဲ အဲဒီတော့ … မီးတော်ကြီး ဒုတိယံမ္မိ လူ့ကန်လန့်ကြီး ဖြစ်သွားပြန်ပါလေရော။

အတွေးနံပါတ် ( ၃ ) - လိပ်ပြာနဲ့ ခူယားက အမွှာတွေပါ

အင်း ... ခူယား အချို့ကတော့ ပိုးယားလို့ ခေါ်ကြတယ်။ ခူယား ဆိုတာနဲ့ ရွံသလိုလို၊ ကြောက်သလိုလို၊ မသတီသလိုလိုနဲ့ လိုလိုပေါင်းများစွာနဲ့ လူတွေရဲ့ အတွေးကိုယ်စီမှာ ဖြစ်တတ်လေ့ ရှိကြပြီး ဝေးရာရှောင်ကြတဲ့သူ ရှိသလို၊ သတ်ပစ်တဲ့သူ၊ တစ်နေရာရာသို့ လွှင့်ပစ်လိုက်သူတွေကြီးပါပဲ ...။ ဟုတ်တယ် မဟုတ်လား။ ချစ်စရာကောင်းလိုက်တဲ့ ခူကောင်လေးပါလို့ မည်သူ တစ်ဦးတစ်ယောက်ကမှ ပြောကြလိမ့်မယ်တော့ မီးသော်ကြီး မထင်ပါဘူး။ အဲလိုနဲ့ ခူကောင်လေး ဘ၀ကနေ သူများတွေ သိပ်သတိမထားမိတဲ့ ပိုးတုန်းလုံးကောင်လေးမှတဆင့် လိပ်ပြာလေးဘ၀လည်း ရောက်သွားရော ...။ အားပါးးးး ပြောင်းလဲသွားလိုက်ကြတဲ့ လူတွေ။ လှလိုက်တဲ့ လိပ်ပြာလေးလို့။ ဓါတ်ပုံ ရိုက်ထားလိုက်တဲ့ သူတို့။ ပန်းနဲ့လိပ်ပြာ ဆိုပြီး စာဖွဲ့ကြသူတို့။ ရှိပါသေးတယ် လိပ်ပြာတွေသာ မရှိရင် ကမ္ဘာကြီးတောင် ပျက်စီးသွားနိုင်တယ် ဆိုတဲ့ အပြောနဲ့ ပြောကြတဲ့သူတွေ။ အဲလို ပြောကြတဲ့ သူတွေ အားလုံးနီးပါးက လိပ်ပြာမဖြစ်ခင် ခူကောင် ဘ၀ကာလတုန်းမှာ ချစ်တတ်ခဲ့ကြရဲ့လား။ တကယ်ဆို မျှတကြရဲ့လားဆိုတာ။ ဒါပေမယ့် သူ့ကုသိုလ်ကံနဲ့ သူပဲပေါ့။ ဒါကိုတော့ ပြောလို့ ဘယ်ရမလဲ။ ပြောမရဘူး ဆိုပေမယ့်လည်း ပြောလိုက်ပါဦးမယ် လိပ်ပြာတွေကို ချစ်တတ်ရင် ခူကောင် ဆိုတာကိုလည်း ကြင်နာကြည့်ပေးကြပါလို့။ ခူကောင်တွေ ရှင်သန်ပါမှ လှပါတယ်ဆိုတဲ့ လိပ်ပြာတွေဟာ များပြားစွာ အသက်ရှင်နိုင်ကြမှာလေ။ သိတယ်မလား။ ကန့်လန့်ကြီးပါဆိုနေ ... အဲဒီတော့ ထုံးစံအတိုင်းပဲပေါ့ ...။ မီးသော်ကြီးက တတိယံမိ လူ့ကန့်လန့်ကြီး ဖြစ်သွားပြန်ပါလေရောပေါ့။

အင်း ... အဲလိုနဲ့ အချိန်တွေက အားနေရော ... အားနေတာနဲ့ တွေးလိုက်ရော။ တွေးလိုက်တာနဲ့ ကန့်လန့်ဖြစ်ကုန်ရော။ မီးသော်ကြီးလည်း စိတ်တွေက ကန့်လန့်ဖြစ်ပါများပြီး တော်ကြာ ကဏန်းကောင်တွေလို ဘေးတိုက်ကြီး လမ်းလျှောက် ဖြစ်နေဦးမယ် ဆိုပြီး အတွေးတွေကို လျှော့လျှော့ထားလိုက်ပါတယ်။ မဟုတ်လို့ကတော့ သူငယ်ချင်းရယ် တွေးကြည့်ပါ မီးသော်ကြီး လမ်းလျှောက်တာ သူများတွေလို မဟုတ်ပဲ ကဏန်းတစ်ကောင်လို ဘေးတိုက်ကြီး ဖြစ်နေမယ်ဆိုရင်ဖြင့် ကြည့်ရတာ လှလိုက်မယ့်ဖြစ်ခြင်း ဆိုတာများနော်။ အဟား။ ( သေချာ တွေးကြည့်လိုက်နော် မမေ့စေနဲ့ )။ ဘာဖြစ်ဖြစ်လေ ... သူငယ်ချင်းတို့ရေ ဘယ်သူ့မှတော့ ပြန်မပြောနဲ့ပေါ့နော်။ လျှို့ဝှက်ချက်ရယ်လို့ မဟုတ်တဲ့ လျှို့ဝှက်ချက်တစ်ခုကို ပြောပြမယ်သိလား။ အဲတာကလေ။ အတွေးတွေကို လျှော့ထားလိုက်တယ် ဆိုပေမယ့်လို့ လူမသိသူမသိ တိတ်တိတ်လေး စိတ်ကူးထဲမှာ ဆက်ပြီး အတွေးတွေ ကန့်လန့်တိုက်နေတုန်းပဲ ဆိုတာကိုပေါ့။ အဟိ။ ဘယ်သူ့ကိုမှ ပြန်မပြောရဘူးနော်။ သူငယ်ချင်းတို့ပဲ သိပါစေ။ ဟုတ်ပြီနော်။ ယုံကြည်နေမယ် သိလား ။ - ။

Sunday, April 15, 2007

ဖြစ်တတ်ပါတယ်လေ

အဟုတ်ပဲ ... ဘလော့ကို လုံးဝ လှည့်မကြည့်ဖြစ်တာမှ … အတော်ဆိုးနေပါလားနော် ... ခုတော့လည်း ခြောက်ကပ်နေတာပဲ … ပိုင်ရှင်ကိုယ်တိုင်တောင်မှ လှည့်မကြည့်မှတော့လည်း … အင်းလေ ... ဖြစ်သင့်ပါတယ်လေ။ ရေးချင်စိတ်လည်းပျောက် ... လူလည်း ဂေါက်နေတယ်။ ဘယ်လို လုပ်ရပါ့မလဲပဲ။ ရေးဖြစ်တယ် စိတ်ထဲမှာ အမြဲရေးနေတယ်။ ဒါပေမယ့် ဘလော့ပေါ်မှာ ချမပြဖြစ်တာ။ မီးသော်က စိတ်ထဲရှိတာ ရေးတာဆိုတော့လေ။ စိတ်ညစ်နေတာနဲ့ ကြုံရင် စိတ်ညစ်တာပဲ ရေးမိမယ်။ အဲတော့ မဖြစ်ဘူးလေ။ လာရောက် လည်ပတ်သူတွေကို အားနာရမယ်ဟုတ်။ ပထမတုန်းကတော့ ဒိုင်ယာရီ သဘောမျိုးနဲ့ပဲ ကိုယ့်ဘာသာ ရေးချင်တာလေးတွေ ရေးမယ်ပေါ့ တွေးလိုက်တာ။ နောက်တော့ သူငယ်ချင်းတွေက လင့်ချိတ်ပေးထားတော့လေ ရေးချင်တာတွေ ရေးလိုက်ရင် လာဖတ်တဲ့သူတွေကို အားနာစရာကြီးတွေ ဖြစ်ကုန်မှာပေါ့နော်။ မီးတော်ကြီး စိတ်တွေ ဂယောင်ချောက်ခြား ဖြစ်နေလို့လေ ... အဲကြောင့် မရေးတာ။ ဒီမနက် တွေးမိတယ် စာတော့ ရေးလိုက်ပါဦးမယ်လေ လို့ပေါ့။ ခုတော့လည်း စိတ်တွေက အဆင်မပြေဘူး။ ရေးမှာလည်း ၀ါးတားတားနဲ့။

အမှန်က မျက်နှာသစ်တုန်းက တွေးမိသွားတာ။ အကောင်လေး တစ်ကောင် ရေထဲမှာ ကျနေတာ တွေ့တာကနေ စတာပဲ။ ပုရွက်ဆိတ်လို အကောင်လေးပဲ ဒါပေမယ့် နည်းနည်းကြီးတယ်။ အတောင်ပံ ပါတယ်။ အဲအကောင်လေးကလေ ရေထဲမှာ ယက်ကန်ယက်ကန် ဖြစ်နေတာ။ သော်လည်း မျက်နှာမသစ်ခင် ကြည့်မိလိုက်တယ်ပေါ့နော်။ အော် ... သူ့ခမျာ သေရေးကနေ ရှင်ရေးပြောင်းဖို့ အတော် ကြိုးစားနေရှာတာ။ သော်လည်း သူ့ကို ကူပေးလိုက်ပါတယ်။ သူ့ရဲ့ ရှင်ရေးကြိုးစားမှူကို။ မှန်တာပြောရင် ကိုယ်ကျိုးအတွက် တွေးလိုက်မိပါတယ်။ တကယ်ပါ။ ဖြူစင်တဲ့ ကယ်တင်မှုတော့ မဟုတ်ပါဘူးပဲ။ မီးသော်လည်း ရေမကူုးတတ်ဘူးလေ။ အကယ်၍ ရေကြောင်းခရီး သွားဖြစ်ခဲ့လို့များ ဤသို့ဖြစ်လာလျှင် ဆိုပြီး ကယ်တင်လိုက်တာပါ။ ဒါပေမယ့် အဲလို တွေးလိုက်ပေမယ့် ဆယ်ယူလိုက်တဲ့ အချိန်မှာတော့ ရှင်စေချင်တဲ့စေတနာက အပြည့်ပါ။ အဲအကောင်လေးက ဆိုးသည်ဖြစ်စေ ကောင်းသည်ဖြစ်စေ လတ်တလော အခြေအနေမှာတော့ သူရှင်သန်ဖို့ပဲ တွေးမိပါတယ်။

မနေ့ညကလည်း အိမ်နောက်ဖေးကို ဆင်းတဲ့ လှေကားလေးနားမှာ မြွေလေး သေးသေးလေး တစ်ကောင်။ သူက လူသံကြားလို့ထင်ပါရဲ့ ငြိမ်နေတယ်။ သူ့ရဲ့အန္တရာယ်ကို ကာကွယ်တာလည်း ဖြစ်သလို သူများကို အန္တရာယ်ပေးဖို့လည်း ဖြစ်နိုင်ပါတယ်။ အမှန်ဆုံး ထင်မိတာကတော့ သူ့အတွက် ကာကွယ်ဖို့ ငြိမ်နေတာပါလေ။ ဘာလို့လဲဆို အဲမြွေလေးက အကောင်ပေါက်လေး။ တီကောင်ထက် နည်းနည်းလေးပဲ ကြီးတယ်လေ။ တုတ်လေးနဲ့ ထိကြည့်လိုက်မှ မြွေသွားသလို ပြေးသွားတော့မှပဲ မြွေလေးမှန်းသိတာ။ မီးသော် သူ့ကို နည်းနည်းခြောက်လှန့်ပြီး လွတ်ရာကို ပြေးစေလိုက်တယ်လေ။ သူလည်း သူ့အတွက် သေရေးကနေ ရှင်ရေးကို ကူးပြောင်းရတာ ဆိုတော့ မြန်ပါတယ် ပြေးသွားလိုက်တာ။ ကြီးလာရင် အန္တရာယ်ရှိမှန်း သိပေမယ့် လတ်တလော အခြေအနေမှာတော့ သူ့ကို ရှင်သန်စေချင်တဲ့ စိတ်လေးပဲရှိပါတယ်။

အဲလိုပဲ အလားတူ တိုက်ဆိုင်မှုခေါ်မလားတော့ မသိဘူး။ မီးသော်ကြီးလေ ကြီးလာရင် အန္တရာယ်ရှိမှန်း သိပေမယ့် ရှင်သန်ခွင့် ပေးမိခဲ့တယ်။ မှန်တာပြောရရင် သူက အဆိပ်ရှိတယ် ဆိုတာ သိနေခဲ့ပါတယ်။ ဒါပေမယ့်လေ လတ်တလော အခြေအနေမှာ သူ့ကို ရှင်သန်စေချင်တယ်။ မီးသော်ကြီးရဲ့ မပြတ်သားတဲ့ စိတ်တွေကြောင့်ပဲ ဆိုပါတော့။ ပုရွက်ဆိတ်လို အကောင်လေး ရေထဲမှာ ဘာပဲဖြစ်ဖြစ် လုံးဝဂရုမစိုက်ခဲ့ရင် ...။ မြွေတစ်ကောင်ပဲဆိုပြီး သတ်ပစ်လိုက်ရင် ...။ အချစ်ကိုလည်း ဘာမို့လို့လည်း ဆိုပြီး လုံးဝ ဥပေက္ခာ ပြုလိုက်နိုင်ခဲ့ရင် ...။

နောက်ဆုံးတော့ တွေးမိပါတယ်လေ။ ဘယ်သူမပြု မိမိမှုပဲ ဆိုပါတော့။ ပုရွက်ဆိတ်လို အကောင်လေးကိုလည်း မသေစေချင်ခဲ့ဘူး။ မြွေပေါက်စလေးကိုလည်း မသတ်ရက်ခဲ့ဘူး။ အဲလိုပဲ အချစ်ကိုလည်း ဥပက္ခော မပြုနိုင်ခဲ့လေတော့ ...။