လာရောက်ဖတ်ရှုကြသူအားလုံးကိုကျေးဇူးပါရှင် Mee Mee Thaw Gyi

Thursday, February 22, 2007

သဒ္ဒါတတ်အား များများမဆို

မီးသော်ကြီး ရေးတဲ့စာတွေ မီးသော်ကြီး ပြန်ဖတ်ကြည့်တာ ပျင်းတယ် ဆိုတာတွေချည်းပဲ။ အဲလောက်တောင် ကြေညာဝင်ထားမှတော့ ဘယ်သူက မီးသော်ကြီးကို လှည့်ကြည့်ပါတော့မလဲနော်။ ခုတော့ ဓါတ်ပြားဟောင်း ဖြစ်တဲ့ ပျင်းတာကို စာမစီတော့ပါဘူး။ အားလုံးလည်း သိပြီး ဖြစ်ကြမှာပါ။ ထပ်မပြောတော့ဘူးနော်။

မီးသော်ကြီး ဒီမနက် အိမ်ရှေ့မှာ ထိုင်နေတုန်း မယ်သီလလေးတစ်ပါး အလှူလာခံတယ်။ မီးသော်ကြီး ပြောနေကြအတိုင်း ဆိုရင်တော့ နမ်းမလားရှင် ဆိုပြီးတော့ပေါ့။ နေရင်းထိုင်ရင်း ကြားထဲကနေ ငရဲ ယူလိုက်သေးတယ်။ အဟိ။ မီးသော်ကြီးလဲ ဆန်လေးယူပြီး နိဗ္ဗာန်နသပစ္စယောဟောတု ဆိုပြီး သူ့အဓိပ္ပာယ်ကို သေချာတော့ မပေါက်ပဲ ပြောပြီး လှူလိုက်ပါတယ်။

မီးသော်ကြီး တွေးမိတယ်။ မီးသော်ကြီးတို့ မြန်မာလူမျိုးတွေက စေတနာ သဒ္ဒါတရား ထက်သန်လွန်းကြတယ်။ အလှူရေစက်လက်နဲ့ မကွာဆိုတာမျိုး။ လှူဖို့အတွက်ဆို တတ်နိုင်သလောက်ကတော့ လူတိုင်းမှာ အဆင့်သင့် ဖြစ်နေကြပြီးသားပါ။ မီးသော်ကြီး ပြောတဲ့ မြန်မာလူမျိုးဆိုတာ မြန်မာနိုင်ငံ ဆိုတဲ့ နိုင်ငံတစ်ခုမှာ မွေးဖွား ကြီးပျင်းလာကြတဲ့ လူမျိုးအားလုံးကို ပြောချင်တာပါ။ မြန်မာလူမျိုးတွေ လှူတယ်ဆိုတော့ ငါတို့ တိုင်းရင်းသားတွေကရော မလှူလို့လားလို့ ပြောနေကြဦးမယ်။ ဟုတ်တယ် အားလုံးက လှူတယ်လို့ ဆိုတာနဲ့ စေတနာ သဒ္ဒါတရားတွေက ပေါက်ဖွားလာကြတယ်။ မရှိလို့ မလှူ၊ မလှူလို့ မရှိ ဆိုပြီး တတ်စွမ်းသလောက်ကို လှူကြတယ်။ အချို့ ကြတော့ လှူတာတော့ လှူကြတယ်။ ဒါပေမယ့် စေတနာသန့်ရဲ့လား။ တယ်ဂျင်း တွေးကြည့်လေ။ လှူကြတဲ့ခါ ညောင်စေ့လောက်လှူပြီး ညောင်ပင်ကြီးလောက် ရပါစေတဲ့။ လှူတာတောင်မှ အကျိုးလေး မျှော်ကိုးလို့။ လှူတန်းတဲ့ နေရာတောင်မှ လာဘ်ဆိုတာက နေရာယူနေသေးတာ။ မြန်မာနိုင်ငံသား ပီသအောင် နေကြတာလည်း ဖြစ်နိုင်ပါတယ်လေ။

မီးသော်ကြီး ကြားဘူးတဲ့ ဟာသပဲ ဆိုမလား တကယ်ပါလို့ပဲ ပြော၇မလားမသိတဲ့ ပျက်လုံးဆန်တဲ့ စကားလေး ပြောပြရဦးမယ်။ ဒီလိုလေ အလှူခံ ဌာနတစ်ခုမှာ ကြေညာတယ်ပေါ့။ လှူသွားတဲ့ သူတစ်ဦးက ၁၀၀ကျပ် လှူသွားတယ်ပေါ့။ အဲတာကို ကြေညာပေးတာက ( ဦး/ဒေါ် က ... အလှူတော်ငွေ ၁၀၀ကျပ် ဒါနပါ ဘုရား ) တဲ့။ ကဲ နောက်တစ်ယောက်က ၅၀၀ကျပ် လာလှူသွားတော့ ဘယ်လို အော်လဲဆို ( ဦး/ဒေါ် က ... အလှူတော်ငွေ ၅၀၀ကျပ် မြတ်ဒါန ပါဘုရား ) တဲ့။ အဲတာပဲကြည့်လေ များမှ မြတ်ဒါန ဖြစ်သတဲ့တော်။ လှူတာပဲ စေတနာ ရှိသလောက်ပေါ့။ ပြီးတော့ လှူပြီးမှတော့ စိတ်ပိုင်းဖြတ်လိုက်ပါတော့လား။ အဲလိုလည်း မဟုတ်ကြသေးဘူး အချို့များပေါ့နော့်။ လှူပြီး နေတာတောင်မှ ဘာလုပ်မယ်ဆိုပြီး အလှူခံလို့ လှူလိုက်ပါတယ် … ပြီးတော့ ဘာလုပ်လိုက်ကြတာ ဆိုပြီး ရှိကြသေးတာ။

မြန်မာထဲကမှ မြန်မာအချို့ ကြပြန်တော့လဲ မြန်မာရည် ၀နေတော့ အလှူခံ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အမျိုးမျိုး ကိုယ်ကျိုးစီးပွား ရှာကြသေးတာ။ အဲတာမျိုးတွေနဲ့ ပြန်ယှဉ်ရင် သူဖုန်းစားတွေကမှ ဟုတ်နေသေးတယ်။ တောင်းစားတယ်လေ။ ပွင့်ပွင့်လင်းလင်းပဲ။ အလှူခံမဟုတ်ဘူး။ အဲလို ပွင့်လင်း လွန်းတာကြောင့်လားတော့ မသိဘူး။ ညမာပြည်မှာ အဲလူတွေကလည်း ရှောင်မလွတ်ပဲ။ အေးလေ တောင်းတိုင်းသာ ပေးနေရမယ် ဆိုရင်လည်း မြန်မာပြည်က သူတောင်စားတွေ သူဌေးဖြစ်နေတာ ကြာပြီပေါ့။ အလှူခံဆိုတဲ့ ခေါင်းစဉ် အောက်က အလှူခံတွေပဲ ကောင်းပါတယ်လေ။ ရာထူးချင်း တူရင်တောင်မှ ဂုဏ်ရှိတာပေါ့။

အမှန်တကယ်ဆိုရင် အဓိက တရားခံက မြန်မာတွေရဲ့ စိတ်ဓါတ်ပါ။ စေတနာ သဒ္ဒါတရားတွေက အမြဲတမ်း ထက်သန်နေကြလေတော့ မှန်သည် မှားသည် မရှိတော့ဘူး အလှူဟေ့ဆို လှူချင်ကြ လှူပြီးသားကြတွေချည်းပါပဲ။ အဲကြောင့် လှူသမျှ အကြိမ်တိုင်းက စိတ်ပိုင်းဖြတ်ပြီးသား ဖြစ်နေတာ အကောင်းဆုံးပါပဲ။ စေတနာ သန့်ကြပါစေ။

အဲတော့ မီးသော်ကြီးလည်း ခါတော်မှီလေး အလှူခံမလားလို့ပါ။ ဘလော့လာလည်တဲ့ သူတွေဆီကပေါ့။ ဖြစ်တယ်မလား။ ဟုတ်ကဲ့ ... ရွာက ထန်းပင်ကြီး ထီးတင်ရန်နှင့် ဇီးပင်ကြီး ရွှေချရန် ... မီးမီးသော်ကြီးရဲ့ ဒီဘလော့ကနေ အလှူခံနေပါတယ်လို့။ လှူလိုတဲ့ သူငယ်ချင်းများ သဒ္ဒါတတ်အား များများမဆို လာရောက် လှူဒါန်းနိုင်ပါကြောင်း။ - ။

စာကြွင်း။ ။ မီးသော်ကြီး မြင်သမျှ တွေ့သမျှကို ရေးလိုက်တာပါ။ အားလုံးက ဒီလိုပါလို့တော့ ပြောတာမဟုတ်ပါဘူး။ အလှူခံ ဆိုတဲ့ နေရာမှာလဲ မီးသော်ကြီး ပြောချင်တာက ဘာသာရေးမှာရယ်လို့ ပြောတာ မဟုတ်ပါဘူး။ ကျန်တဲ့ ကိစ္စပေါင်း သောင်းခြောက်ထောင်မကတဲ့ ကိစ္စတွေ များစွာထဲကမှ အချို့ကို ဆိုလိုတာပါ။ အမှန်တစ်ကယ် သဒ္ဒါတရား ပွားများပြီး စေတနာ ရက်ရက်ရောရောနဲ့ လှူဒါန်းနေကြသူတွေလည်း အပုံအပင်ပါ။ အဲတာမျိုးတွေကြတော့ မီးသော်ကြီးတို့က သာဓုကို အကြိမ်ကြိမ် ခေါ်မိပါတယ်။ မီးသော်ကြီး ဆိုလိုချင်တာကို နားလည် သဘောပေါက် ကြမှာပါ။

Wednesday, February 21, 2007

ဘယ်လို အချစ်မျိုးတဲ့လဲ

တကယ်ဆိုရင်တော့ မီးသော်ကြီး ဘလော့မှာ ပို့စ်အတင်နည်းတာ မီးသော်ကြီးစာရေးပျင်းလို့ပါ။ ဗဟုသုတ နည်းပါးခြင်းဆိုတဲ့ အရာလည်း တစ်ခု အပါအ၀င်ပေါ့လေ။ မီးသော်ကြီးလေ စာကို မဖြစ်မနေ ဆိုတာမျိုးတော့ မရေးချင်ဘူး။ တင်ချင်တာပေါ့ရှင်။ ပို့စ်အသစ်တွေကို ရွှတ်ခနဲ၊ ရွှတ်ခနဲ နေအောင် တင်ချင်တာပေါ့။ အဲကြောင့် သူများပြောတာ ကြားဘူးတာကတော့ လောကကြီးမှာ မလှတဲ့ မိန်းကလေးဆိုတာ မရှိဘူး။ ပျင်းတဲ့ မိန်းကလေးပဲ ရှိတယ်ဆိုတာ။ မီးသော်ကြီးလည်း ထိုနည်း၎င်းပေါ့။ မီးသော်ကြီးကို အကြံပေးကြတယ်။ သူငယ်ချင်း အချို့ကပေါ့။ နင့်ဘလော့ စာမှ မတင်ဖြစ်ရင်လည်း ပိတ်လိုက်ပါတော့လားတဲ့။ မီးသော်ကြီး တွေးတယ် ... အဲလိုလည်း မဖြစ်သေးဘူးပေါ့။ မီးသော်ကြီး သေမလောက် ရေးချင်တဲ့ နေ့ကြတော့ ဘယ်မှာ သွားရေးရမလဲပေါ့နော်။ ကိုယ့်ဘလော့မှာ ကိုယ်ရေးမှသာ စိတ်လွတ်ကိုယ်လွတ် ရေးခွင့်ရှိမယ်လေ။ အဲဒီတော့ ဒီချောက်ကပ်ကပ် ဘလော့လေးကိုလည်း ပိတ်လိုက်လို့ မဖြစ်သေးပါဘူးလေ။ စိတ်အဆာပြေလေး ရေးဖို့တော့ ထားရဦးမယ်လေ ... နော် ...။

ခုလည်း မီးသော်ကြီး စာရေးချင်လာတယ်လို့ ခံစားမိလို့ ဟိုဟိုဒီဒီ လျှောက်ရေးရင်း စဉ်းစားနေတယ်။ မီးသော်ကြီး ခုတလော စဉ်းစားမိတာက (( အချစ် )) ဆိုတဲ့ အကြောင်းပဲ။ သေချာ တွေးလေ မသိလေ။ မသိဘူးလား ဆိုတော့လဲ သူစိမ်း မဟုတ်ဘူး ဖြစ်နေတယ်။ သိလား ဆိုပြန်တော့လဲ သူက မသိသလို လုပ်နေပြန်ရော။ ဆိုးပါ့နော် ...။ ထိုအရာ ဘယ်လောက် စိတ်ရှုပ်ဖို့ ကောင်းသလဲဆို စတောင်မှ မစရသေးဘူး လူကို အရူးလုပ်နေတယ်။

မီးသော်ကြီး နဲ့ ထိုအရာလည်း မသိလိုလိုနဲ့ သိနေပြီး၊ သိသလားဆို တွေးလိုက်တော့ မသိသလိုလိုကြီး ဖြစ်နေပြန်ရော။ တကယ်တော့ ၁၀ ကျော်သက် အရွယ်ကစလို့ လူုတိုင်းနဲ့ ရင်းနှီးခဲ့ဘူးတာ အဲသူစိမ်းဆန်လှတဲ့ အချစ်ဆိုတဲ့ အရာပဲပေါ့။ မီးသော်ကြီးတို့လဲ ရှောင်လွဲပြီး မဖြတ်သန်းခဲ့ပါဘူး။ ရင်းရင်းနှီးနှီး ငယ်ပေါင်းတစ်ယောက်လို သူနဲ့ ပတ်သက်ခဲ့သေးတာ။ ( ကြေညာလိုလို ဘာလိုလို ... အဟိ ) ဒါပေမယ့် သူက မီးသော်ကြီးကို ရင်းနှီးအောင် မနေခဲ့ဘူး။ သူများတွေပြောတဲ့ ရင်ခုန်တာကို အချစ်လို့ ပြောမယ်ဆိုရင်တို့၊ အကြည့်ချင်းဆုံ ရင်ခုန်တယ်တို့၊ အဲတာတွေကို မီးသော်ကြီး သူနဲ့ ( အချစ် )နဲ့ ခင်နေတုန်းက မရိုးအောင် သုံးခဲ့တာပေါ့။ သူက ( အချစ် )လည်း စကားလုံးတွေကို မထပ်အောင် ထုတ်ပေးနေတယ်လေ။ မီးသော်ကြီးလည်း ဘုမသိဘမသိနဲ့ ပျော်ပျော်ကြီး နေပစ်ခဲ့တာပေါ့။ သူ့ကိုလည်း မီးသော်ကြီးနဲ့ အမြဲ နေလေလိမ့်မလား ဆိုပြီး သိပ်တော့ အရေးတစ်ယူ မပြုမိခဲ့ဘူး။ မီးသော်ကြီးလည်း ဒီလိုနဲ့ ပျော်ပျော်ကြီး ဖြတ်သန်းနေခဲ့တာပေါ့။ ဗြုန်းဆို ... မီးသော်ကြီး သတိရလို့ ဘေးနားကို ကြည့်လိုက်တော့၊ သူက မီးသော်ကြီးနဲ့ ပါမလာတော့ဘူးလေ။ အဲတာ သူ့ကို တန်ဖိုးထားရကောင်းမှန်း တန်ဖိုးရှိပါလား ဆိုတဲ့ အသိ ရှိလာချိန်ရောက်တော့ သူက မီးသော်ကြီး အနားမှာ မရှိတော့ဘူး။ အဲဒီတော့ အရမ်းရင်းနှီးပြီး မရင်းနှီးအောင် နေသွားတဲ့ အချစ်ဆိုတဲ့ ထိုအရာကို မီးသော်ကြီးက ဘယ်လို နားလည်ရတော့မလဲနော်။

မီးသော်ကြီးလေ သေချာစဉ်းစားတယ်။ မီးသော်ကြီးရဲ့ အချစ်က ဘယ်လို အချစ်မျိုးများလဲဆိုပြီး။

ညောင်ပင်လို အချစ်။ ။ ညောင်ပင် တစ်ပင် ဖြစ်လာဖို့ ညောင်စေ့ကနေ စခဲ့ကြတယ်ဆိုပါတော့။ ညောင်စေ့ လေးကနေ ကြီးမှားလှတဲ့ ညောင်ပင်ကြီး ဖြစ်လာဖို့ အချိန်ကာလ ကြာမြင့်မှုနဲ့ နှိုင်းယှဉ်ရလောက်အောင် ကြာမြင့်လှတဲ့ အချစ်။ အဲဒီ ကြီးမားလှတဲ့ ညောင်ပင်ကြီး ကြံ့ကြံ့ခံနိုင်အောင် စွဲမြဲစွာ ကုတ်တွယ်ထားတဲ့ သူ့ရဲ့ အမြစ်တွေလို ခိုင်မာလှတဲ့ အချစ်။ သူ့ရဲ့ အရွက်တွေကြောင့် အေးမြနေတဲ့ အရိပ်မှာ လာရောက် ခိုလှုံသူတွေ စိတ်အေးချမ်းသာ အမောပြေစေနိုင်သလို အေးမြတည်ငြိမ်လှတဲ့ အချစ်။ အားလုံး စုပြောရမယ်ဆိုရင်တော့ တစ်ယောက်ဆို တစ်ယောက်တည်း စွဲမြဲစွာ ချစ်နေပြီး အေးချမ်းလှတဲ့ အချစ်မျိုးပေါ့။-။

လိမ္မော်ပင်လို အချစ်။ ။ လိမ္မော်ပင် ဆိုတာ တစ်နှစ်မှာ တစ်ကြိမ်သီးတယ်။ အသီးသီးချိန် ရာသီဆိုရင်လည်း မြောက်များစွာသီးတယ်။ ပြီးတော့ နှစ်တိုင်းသီးတယ်။ စုပြောရမယ်ဆိုရင် အကြိမ်ကြိမ် ချစ်တယ်။ အချစ်တွေ များကြီးလည်း ရှိတယ်။ တစ်ကြိမ် ချစ်ပြီးတိုင်းလည်း နောက်တစ်ကြိမ် ချစ်သေးတယ်။-။

ဂျပန်မြက်လို အချစ်။ ။ ဂျပန်မြက်လို့ ဆိုမလား မီးသော်ကြီးတော့ အဲလိုပဲခေါ်တယ်။ အလှမွေး မြက်ကလေးတွေ။ ရိတ်လေ ထွက်လာလေ။ အဲလိုပဲ ဒီတစ်ယောက် ချစ်ပြီးလည်း နောက်တစ်ယောက်။ နောက်တစ်ယောက် ပြီးသွားလည်း နောက်တစ်ယောက်။ ဘယ်တော့မှ ကုန်သွားတယ် မရှိတာမျိုးနဲ့ တူတဲ့ အချစ်။-။

ကြက်ဆူပင်လိုအချစ်။ ။ ဒါကတော့ ညမာပြည်တွင်းမှာ နေတဲ့သူတွေ ပိုသိပါတယ်။ မဖြစ်မနေ ဆိုတာမျိုး။ မစိုက်ချင်လည်း စိုက်ရတယ်။ နေရာဒေသလိုက်လို့ မဖြစ်ထွန်းနိုင်မှန်း သိပေမယ့်လည်း စိုက်ရတယ်။ ရှင်သန်တာ မရှင်သန်တာနောက် စိုက်ဆို စိုက်ရမယ်။ မချစ်ချင်လည်း ချစ်ရမယ်။ မချစ်ပေမယ့်လည်း ချစ်ရမယ်။ မဖြစ်မနေ ချစ်ရမယ့် အချစ်မျိုးပေါ့။-။

အဲလိုတွေ ပေါက်ကရတွေးပြီး တွေးကြည့်လိုက်တော့ မီးသော်ကြီးရဲ့ အချစ်က ညောင်ပင်လို အချစ်မျိုး မဖြစ်တာတော့ ကျိန်ပြောစရာကို မလိုအောင် သေချာတယ်။ အဟီး။ ကိုယ့်ဂုဏ်ကိုယ်ဖေါ် မသူတော် ဖြစ်မှာစိုးလို့ အကျယ်မချဲ့ပါရစေနဲ့နော်။ ဂျပန်မြက်လိုလည်း ခဏတိုင်းတော့ မချစ်ခဲ့ပြန်ဘူး။ ကြက်ဆူပင်လိုလည်း မဖြစ်မနေက လုံးဝမရှိခဲ့ဘူး ဆိုတော့ ... နောက်ဆုံး လိမ္မော်ပင်လို အချစ်မျိုးပဲ ဆိုကြပါစို့။ သူနဲ့ အမြဲတမ်း ရင်းနှီးခဲ့ပေမယ့် မီးသော်ကြီးကိုတော့ သူက ယခုတိုင် သူစိမ်းဆန်နေဆဲပဲလေ။ လိမ္မော်ပင်ပျိုတွေလိုပဲဖြစ်ဖြစ် ပင်အိုတွေလိုပဲဖြစ်ဖြစ် သူ့ရာသီရောက်တိုင်း တာဝန်ကြေစွာ အသီး လှိုင်နေသလိုပါပဲ။ နှစ်တိုင်း တာဝန်မပျက် သီးလာပေမယ့်လို အရသာရှိဆဲ ...။

ထို့အတူ မီးသော်ကြီးရဲ့ လိမ္မော်ပင်နဲ့ တူတဲ့ အချစ်တွေကလည်း ... ချိုမြိန်ဆဲ ... မရင်းနှီးခဲ့ပေမယ့် ရင်းနှီးနေဆဲ။ ကဲ ... သူငယ်ချင်းများရဲ့ အချစ်တွေကရော ဘယ်အပင်လိုများ ဖြစ်နေမလဲဆိုတာ ကိုယ့်ကိုကိုယ် မညာတမ်း တွေးကြည့်ကြပါဦးနော်။ - ။