လာရောက်ဖတ်ရှုကြသူအားလုံးကိုကျေးဇူးပါရှင် Mee Mee Thaw Gyi

Thursday, November 30, 2006

စိုးရိမ်မိတယ် ... အဟုတ်

မီးသော်ကြီး ၁ ယောက် စိတ်တွေ ကယောင်ချောက်ချား အာရုံတွေများပြီး ဘာမှမလုပ်ဖြစ်ခဲ့ပါဘူး။ ဒီရက်တွေအတွင်းမှာ။ ပျင်းကလည်းပျင်း၊ ချမ်းကလည်းချမ်းနဲ့ ပျင်းချမ်းကြီးဖြစ်ပြီး အပျင်းတွေကို ရှင်သန်ပေါက်ဖွားခွင့် ပေးထားပါတယ်။ အွန်လိုင်းကို မလာဖြစ်တာပါ။ ညဦး စောစောပိုင်းတွေမှာ 5movies ကလွင့်ပေးနေတဲ့ စာတန်းထိုးကားတွေကြည့်၊ ညနက်ပိုင်း ရောက်လာတော့ စောကြီး အိပ်ရာဝင်လိုက်တာ။ အပျင်းကောင်လေးတွေ ကလည်း ရှင်သန်လိုက်ပုံများ အံ့သြဖို့တောင် ကောင်းတယ်။ သူတို့ မသေနိုင်တော့ဘူး။ ( အဟိ ) ပျင်းတယ် ဆိုတာကလည်း နာမည်သာဆိုးတာ လူကတော့ သက်သာလိုက်တာမှ ...။ နတ်ပြည် ရောက်မယ်ဆိုတာ သေချာတာတောင် အလိုက်ပေး မလဲနိုင်ပေါင်။ အဲလို ... မီးသော်ကြီးက။

အပေါ်မှာပါသွားတဲ့ ညဦးပိုင်းတို့ ဘာညာ ဆိုတာတွေကို ပြန်ကြည့်မိတော့ - ညမာပြည်မှာ ရှေးယခင်က ညတွေကို ကြက်တွန်သံတွေနဲ့ ပိုင်းခြားကြတယ်လို့ မီးသော်ကြီး ဘုတ်အုပ် တစ်အုပ်ထဲမှာ ဖတ်ဘူးတယ်။ ကုလားစက်နာရီ ည ၈ နာရီ ပတ်ဝန်းကျင်လောက်ကို သူငယ်အိပ်ဆိတ်တဲ့။ ကလေးသူငယ်တွေက လသာတဲ့ ညတွေမှာဆို ရွာရိုးကိုးပေါက် လျှောက်ကစားနေကြပြီး သူငယ်အိပ်ဆိတ် ကြက်တွန်သံကြားရင် အိမ်ကို ပြန်လာကြတယ်။ မလာကြရင်လည်း အိမ်က အမကြီးတို့၊ အမေတို့က လိုက်ခေါ်ကြတယ်။ ပြန်ရောက်လာတာနဲ့ ကစားလို့ ဖုန်အလိမ်းလိမ်းကပ်ပြီး ညစ်ပတ်လာတာတွေကို ဆေးကြော သုတ်သင်းပေးတယ်။ ခြေ၊ လက်ဆေးပြီးနောက် အဆာပြေ တစ်ခုခုကျွေးပြီး အိပ်ရာဝင်ကြတယ်။ အဲချိန်မှ တွန်တဲ့ ကြက်တွန်သံကို သူငယ်အိပ်ဆိတ်လို့ ပြောကြတယ်လို့ မှတ်သားဘူးတယ်။ ကြက်တွန်လို့ သူငယ်အိပ်တာလား သူငယ်တွေ အိပ်ချိန်မှာ တွန်လို့ အဲလို ခေါ်ကြတာလားတော့ မီးသော်ကြီးလည်း ရှင်းရှင်းလင်းလင်း မသိဘူး။ နောက်တစ်ချိန်ကတော့ သက်ကြီးခေါင်းချတဲ့။ ကလေးတွေ အိပ်သွားပြီးနောက် လူကြီးတွေက ညအခါ လသာတဲ့ခါမျိုးမှာ လက်ဖက်ရည်ကြမ်းနဲ့ အမြည်း ပေါက်ပေါက်ဆုပ်တို့၊ ထန်းလျှက်ခဲတို့နဲ့ လူကြီးတွေ၊ သက်ကြီးဝါကြီးတွေ စုပြီး ရပ်ရေးရွာရေး ဆွေးနွေးကြသလို၊ တရားဓမ်မတွေ ဆွေးနွေးကြလို့ ပြီးသွားချိန်၊ အိပ်ရာ ၀င်ချိန်မှာ တွန်တာ။ အဲချိန် တွန်တဲ့ ကြက်တွန်သံကို သက်ကြီးခေါင်းချလို့ မှတ်သားထားတယ်တဲ့။ နောက်တစ်ကြိမ်က မောင်ရင်ပြန်တဲ့။ ညချမ်းချိန်ခါမှာ လုံမပျိုလေးတွေ ဗိုင်းငင် ယက်ကန်းရက်နဲ့ ဟန်ရေးပြနေတဲ့ဆီ ကိုလူပျို ကာလသားတွေက လျှောက်ပြန်သံပေးလုပ်ပြီး လူပျိုလှည့်ကြ ပျော်ရွှင်စရာ စကြနောက်ကြ စကားထာတွေ ၀ှက်တန်း ကစားကြနဲ့ အချိန်ကလေး လင့်လာပြီး ကြက်တွန်သံကြားရင် ပြန်သွားကြသတဲ့။ အဲချိန်မှာ တွန်တဲ့ ကြက်တွန်သံကို မောင်ရင်ပြန်လို့ ဆိုကြတယ်။ အကယ်၍ မောင်ရင်တွေသာ မပြန်ကြရင် အဲကြက်လည်း မတွန်ရတော့ဘူးပေါ့နော်။ ( အဟိ )။ နောက်တစ်ကြိမ်က လင်းကြက်တွန်သံတဲ့။ နံနက်ခင်း လင်းအရုဏ် လာတဲ့ချိန်မှာ တွန်တဲ့ ကြက်တွန်သံကို လင်းကြက်တွန်သံတဲ့။ အဲလင်းကြက်တွန်သံ ကြားရပြီဆိုတာနဲ့ တစ်နေ့တာ လှုပ်ရှားမှုအတွက် ပုထုဇဉ်လူသားတေ၊ွ ကျေးငှက် အစရှိတဲ့ တိရစ်ဆာန်လေးတွေဟာ လင်းကြက်တွန်သံနှင့်အတူ နိုးထလာကြပါတယ်။ ( မီးသော်ကြီး မပါဘူးနော်။ မီးသော်ကြီးဖြင့် အဲချိန်တွေမှာ အဲလိုတွေ ဖြတ်သန်းသွားကြပါလား ဆိုတာတောင်မှ မသိလိုက်ဘူး။ )

မီးသော်ကြီး တွေးမိတာက ခုဏက လုံမပျိုလေးတွေဟာ မောင်ရင်ပြန် ကြက်တွန်သံကြားမှ အိပ်ရာဝင်ကြတယ်ဆိုရင် လင်းကြက်တွန်သံ ကြားချိန်မှာ ပြန်လည် နိုးထရတယ်ဆိုတော့ သူတို့ရဲ့ အိပ်စက်မှု အချိန်တာကာလက ဘယ်လောက်မှ ရှိဘူးပဲနော်။ မီးသော်ကြီးဖြင့် အံ့သြရော။ အင်း ... ညကိစ်စတွေ လည်နေတာနဲ့ ဘယ်တွေ ရောက်ကုန်ပြီလဲတောင် မသိတော့ဘူး။ အဲညကိစ်စထဲမှာမှ အပျိုလေးတွေဆီ ကိုလူပျိုတွေ လူပျိုလာလှည့်ကြတော့ ဘယ်မှာ တွေ့ကြသတုန်းလို့ စဉ်းစားမိစရာပဲနော်။ ဟုတ်တယ်။ ရှေးရှေးခေတ်ကာလ တစ်ချိန်တုန်းက သမီးလေးရှိလို့ အရွယ်ရောက်လာပြီ ဆိုတာနဲ့ အိမ်မကြီးရဲ့ အိမ်ရှေ့မှ အမိုးတစ်ဆင့် ပြုလုပ်ပြီး ဘေးနှစ်ဘက် အကာနဲ့ မြေစိုက်အဆောင်တစ်ခု ပြုလုပ်ကြတယ်။ အဲအဆောင်ထဲမှာ တစ်ဝက်က ကြမ်းခင်း ကွပ်ပစ်သဏ္ဍာန်ဖြစ်ပြီး၊ ကျန်တစ်ဝက်က မြေတလင်း ပြုလုပ်ထားတယ်။ အချို့ အဆောင်တွေက ၁ ဆောင်လုံး မြေတလင်း ပြုလုပ်ထားကြတယ်တဲ့။ အဆောင်ထဲမှာ ရက်ကန်းစင်၊ လက်ဆုံ၊ တောင်း၊ စပါးပုတ်၊ စဉ်းအိုးကြီး၊ ဆန်ကော၊ ဆန်ကာ အစရှိတဲ့ အိမ်တွင်းအသုံး အဆောင်များ၊ လှည်းဘီး၊ ထွန်တုံး၊ လှည်းတန်ပိုး အစရှိတဲ့ လယ်ယာသုံး ပစ်စည်းတွေကို ထားကြတယ်တဲ့။ အဲတာကတော့ သမီးရှင်တွေမှာ မရှိမဖြစ်လိုအပ်တဲ့ ၀ဲလင်းဆောင် ဆိုတာပဲ ဖြစ်ပါတယ်။ အဲပစ်စည်းတွေအပြင် ကိုကိုကာလသားများ လာလျှင် ဧည့်ခံဖို့ရာအတွက် လုံမလေးများကလည်း ကွမ်းအစ်၊ ဆေးအစ်၊ မှန်၊ ဘီး၊ ကျောက်ပြင်၊ သနပ်ခါးတောင်း၊ ရေ စသည်တို့ကို ပြင်ဆင်ထားကြတယ်။ ပြီးတော့ ဆေးလိပ်လိပ်ခြင်း ဆိုတဲ့ အတတ်ပညာကိုလည်း လေ့လာ သင်ယူထားကြပါသေးတယ်။ မီးသော်ကြီးတို့ အဌမတန်းမှာ သင်ကြားဘူးခဲ့တဲ့ ကဗျာလေးထဲကလိုပေါ့။ “ မ၀ယ်ဘူး၊ မယ်ခူးတဲ့ဖက်စို ” လို့ အစရှိတဲ့ ကဗျာလေးထဲကလိုပါပဲ။ ထိုအဆောင်လေးထဲ လင်းရောင်ခြည် ရဖို့ရာကတော့ စလောင်းဖုံး ( အိုးအဖုံး ) အတွင်းမှာ ထမင်းကျန်များကို အခြောက်လှန်းထားတဲ့ ထမင်းကြမ်းခြောက်များပေါ်သို့ ရေနံချေးလောင်းကာ မီးတောက်ဖြင့် အလင်းရောင် ကိုရယူကြသတဲ့။ ကိုကိုကာလသားတွေက ရောက်လာကြသည်ဆိုတာနှင့် ဆေးအစ်ထဲမှ ဆေးနှင့် ဆေးလိပ်လိပ်သောက်ကြ၊ ကွမ်းယာစားကြ၊ ပြီးရင် သျှောင်ထုံးကို ပြုပြင်ထုံးဖွဲ့ကြ၊ ကျောက်ပြင်ရှေ့တွင် ထိုင်ပြီး သနပ်ခါး၊ နံ့သာနီ၊ နံ့သာဖြူတို့ကို သွေးကြကာ မိမိတို့ကိုယ်တိုင်လည်း လိမ်းခြယ်သကြသလို အချင်းချင်းလည်း လိမ်းပေးကြပြုကြတယ်။ ရှေးရှေးခေတ်က လူပျိုကာလသားတွေက ဘယ်လိုပါလိမ့်နော်။ တွေးချင်စရာ။ ပြီးရင် စကားထာတွေကို ပန်းပေးကြေး ၀ှက်ကစားကြတယ်။ အပျော်တမ်း စကားထာတွေ ၀ှက်ကြသလို ချစ်ရေး ချုကြသူများကလဲ “ ပဒုံမာ ယုံထောင် ” ဆိုတာမျိုး ၀ှက်ကြသလို၊ “ ဂမုန်းပန်း တစ်ခက်နှစ်ခက် ” ဆိုတာမျိုးလည်း ၀ှက် ကြတယ်။ ပျော်ကြ၊ ရွှင်ကြ၊ ကစားကြပြီးတဲ့နောက် မောင်ရင်ပြန် ကြက်တွန်ချိန်ရောက်တော့ လုံမပျိုလေးကို နှုတ်ဆက်ပြီး ပြန်သွားကြရောတဲ့။ အဲချိန်မှ လုံမပျိုလေးက ကိုကိုကာလသားတို့ ရှုပ်ပွရစ်လေတဲ့ ဆေးအစ်၊ ကွမ်းအစ်၊ သနပ်ခါး၊ ကျောက်ပြင် အစရှိတဲ့ ဟာတွေကို ပြန်လည်သိမ်းဆည်း ပြီးပါမှ အိပ်ရာဝင်တယ်။ လင်းကြက်တွန်သံ ကြားလို့ အရုဏ်တက်ချိန် ရောက်ပြန်တော့ အမိအဖများထက် ဦးစွာ စောထပြီး ဆွမ်းကပ်ဖို့ရန် ချက်ပြုတ်ကြရ ပြန်တယ်တဲ့။ မီးသော်ကြီးသာဆို အဲချိန်မှသာ အိပ်ရာဝင် မနက် ၁၁ နာရီခွဲတောင် မနည်းထရမယ်။ နေ့လည်ကျလဲ ညက အိပ်ရေးပျက်ထားတယ် ဆိုပြီး ပြန်အိပ်ဦးမှာ။ အဲတုန်းချိန်ကို တွေးလေ ပြန်မရောက်ချင်လေပဲ။ ၀ဲလင်းဆောင် ဆိုတဲ့ ရိုးရာလည်း ပျောက်သွားတာ ကျေးဇူးတင်ရမလိုလို။ ခုခေတ်မှာဆို တူရို့ ပြန်ကြပါ့မလားပဲနော်။ ( အသီးတုန်လိုက်တာ )။

ခုခေတ်ဆိုလို့ တွေးမိတာလေး နည်းနည်းရေးဦးမယ်။ ခုခေတ် ကိုကိုမောင်မောင်တွေ နားကပ် တတ်ရတာနဲ့၊ ဆံပင်အရှည် ထားရတာနဲ့၊ သိပ်မကြာသေးတဲ့ အရင်က ဆံပင်ဆို တိုတိုလေး ( ဥပမာ - မော့စ်လိုပေါ့ ) ထားကြတယ်။ ခုတော့ ခေတ်ရဲ့ ရွေ့လျားတဲ့ သဘောကြောင့် ထင်တယ်။ ဆံပင်ကို အရှည်လုပ်လာ ကြတယ်။ အဲလိုသာ ဆက်ရွေ့လျားနေမယ် ဆိုရင် ...။ သျှောင်ထုံးတဲ့ ခေတ်များ ပြန်ရောက်လာဦးမလားပဲနော်။ ဘောင်းဘီ လက်ရှည်နဲ့၊ သျှောင်နဲ့၊ နားကပ်နဲ့၊ အပျံစား၊ အလန်စား ဖက်ရှင်တွေ ဖြစ်လာမယ်ထင်ပါရဲ့။ သူတို့ သျှောင်ပြန်ထုံးတာ ကိစ်စမရှိဘူး မီးသော်ကြီးတို့လည်း ဆံတောက်ထားရမယ်ဆို - အမလေး ... မတွေးဝံ့စရာ။ အားလုံးပဲ သိကြတဲ့အတိုင်း။ ရေသည်မမပါ ဆိုနေ။ ( အဟင့် )။ ရေသည်လို့ ကြားလိုက်တာနဲ့ ဦးပုညကို မစဉ်းစားမိရင်သာရှိမယ် ... ရေသည်ယောက်ျားရဲ့ ချီးမွမ်းခန်းကိုတော့ မမေ့ကြဘူး။ “ ဆံထုံးတော်ကြီး တမာသီးနဲ့ ခါးစည်းဝတ်လဲ၊ ချုပ်စပြဲကို၊ တဲအပ်နှင့်တွယ်၊ လူမြင်သမျှ စိတ်ပျက်အောင်လှပါတဲ့ မရေသည် ” ဆိုတာကို အရင်သတိရကြမှာ။ သူ ချီးမွမ်းသလိုပဲလေ။ မီးသော်ကြီးသာ ဆံတောက်ထားရမယ်ဆို စာဖတ်နေတဲ့ တယ်ဂျင်းတို့ရယ် ...။ တွေးသာ ကြည့်ကြပါတော့။ မီးသော်ကြီး ၁ ယောက် ဗျာများလိုက်မယ့် ဖြစ်ခြင်းကို။ ဆံတောက်ကွေးဖို့ ဆံစလည်း ချန်ရဦးမယ်၊ အပေါ်မှာ ဆံလည်းထုံးရဦးမယ်၊ အောက်မှာလည်း ဆံစ ချန်ရဦးမယ်။ ကဲ ဘယ်လိုလုပ်ကြမလဲ။ ပိုင်ရှင်ကလဲ မရှိသေးတော့ အုံလုံး သိမ်းလို့ကလည်း မရ။ ( အဟိ ... ကြုံကြွားလေး )။ မီးသော်ကြီး ဆုတောင်းပါတယ် ...။ ကိုကို၊ မောင်မောင်တို့ရယ်။ တော်ရို့ဖက်ရှင်ကို သျှောင်ထုံးတဲ့အထိ သယ်တော်မမူကြပါနဲ့လို့ ...။ မီးသော်ကြီး ကြိုတွေးပြီး ရင်တွေပူလွန်းလို့ပါ။ မီးသော်ကြီးအတွက် သယ်ဂျင်းတို့လည်း ဆုတောင်းပေးနော်။ မဟုတ်ရင် ... စိတ်ဆိုးမှာအဟုတ်။ - ။

မှတ်ချက် - ဤစာထဲမှ စာအများစု ( အကုန်လုံးနီးပါး ) ကလေ ရန်ကုန်ဘဆွေ ရေးသားတဲ့ မြန်မာပြည်သား စာအုပ်ထဲကနေ ဆင့်ပွား ကူးယူထားတာပါ။ စာအုပ်ထဲကအတိုင်း မဟုတ်ပဲ မီးသော်ကြီး အဆင်ပြေသလို ကောက်နုတ် ရေးသားလိုက်တယ်။ မူရင်းကနေ သွေဖယ်မသွားအောင် မီးသော်ကြီး ကြိုးစားပြီး ရေးထားပါတယ်။ စာအုပ်ထဲမှ ဆိုလိုသော အဓိပ္ပါယ်မျိုးနှင့် မီးသော်ကြီး ဆိုလိုသော အဓိပ္ပါယ်ကွဲပြားနေရင် အဲတာ မီးသော်ကြီးရဲ့ ညံ့ဖျင်းမှုကြောင့်သာ ဖြစ်ပါကြောင်း ...။ - ။

Sunday, November 26, 2006

စားမှာပဲ ... စားမှာပဲ

မီးသော်ကြီး ဒီမနက် အိပ်ရာနိုးလာတော့ မျက်နှာအဟောင်းကြီးနဲ့ စဉ်းစားလိုက်တယ်။ နံနက်စာကို ဘာစားရင် ကောင်းမလဲပေါ့။ အဲလက်စ်ရဲ့ သီချင်းလိုပဲနော်။ အဟိ ...။ ( မိုးလင်းထဲက စဉ်းစားမိတာ စားဖို့ပါပဲ ... )။ မုန့်ဟင်းခါး စားမယ်လို့ ဆုံးဖြတ်လိုက်တယ်။ ဆုံးဖြတ်ချက် ကျတာနဲ့ ညက်နှာအဟောင်းကြီးကို အမြန်သစ်။ နေ့သစ်အတွက် မျက်နှာအသစ် ဖြစ်သွားပါပြီ။ ပြီးတာနဲ့ မုန့်ဟင်းခါးကို ၀ယ်ခဲ့ပေးဖို့ အဒေါ်ကို မှာသွားလိုက်တယ်။ ခဏနေတော့ သူဝယ်လာတဲ့ မုန့်ဟင်းခါးနဲ့ ထမင်းနည်းနည်းနဲ့ စားလိုက်တယ်။ မုန့်ဟင်းခါးကို ဒီတိုင်းစားရင် ရင်အရမ်းပူလို့ ထမင်းနည်းနည်း ထည့်စားလိုက်တာလေ။ စားလို့ပြီးသွားတော့ ဆာလောင်ခြင်းဒွတ်ခ ကင်းလွတ်သွားတာနဲ့ တပြိုင်နက် နောက်တစ်ကြိမ် ပြန်မဆာမခြင်း မာန်တက်နေလိုက်တယ်။ စားဖိုဆောင်ကိုလဲမသွား၊ ကူညီရမလားလဲ မမေးနဲ့ ...။ ဘာလုပ်ရမလဲ စဉ်းစားလိုက်တော့ စာလေး နည်းနည်းပါးပါးတော့ ရေးလိုက်ဦးမယ်လို့ တွေးမိလိုက်တာနဲ့ ကွန်လေးကိုဖွင့် တရားအားထုတ်နေရတဲ့ အွန်လိုင်းလေးကို ခဏ ပြေးကြည့်လိုက်တယ်။ အင်း ဆန်းဒေးမို့ ထင်တယ်။ ဒူမှလဲမတွေ့။ အဲတာနဲ့ ပြန်ထွက်လာပြီင်္း စာရေးတော့မယ်လို့ ဆုံးဖြတ်ချက်ကို လုံးဝချလိုက်တယ်။

ရေးမယ်ဆိုတော့လဲ ဘာရေးရမလဲပေါ့။ တွေးမိတာတွေကလဲ ဟိုတစ်စ ဒီတစ်နဲ့ စုံစီနဖာကို ပွလို့။ ဖြစ်သေးပါဘူးလေ။ အဲလိုတော့မဖြစ်ဘူး။ တော်ကြာ လာဖတ်သူ တယ်ဂျင်းတွေက စိတ္တဇအတွေးလို့ ဆိုတဲ့အတိုင်း ပေါက်ကရတွေ တွေးပြီး အရူးမက ရေးထားတယ် ပြောနေကြဦးမယ်။ အင်း ... လူတွေကလဲ မှန်တာပြောရင် တယ်နာတတ်သကိုး။ အမှန်က သူတို့ ဝေဖန်တာက ဟုတ်နေတာပဲလေ။ လူ့စိတ်ဆိုတာ အဲလိုပဲ။ မှန်တာပြောတော့လဲ စိတ်ဆိုးတတ်ကြတယ်။ မမှန်တာပြောလဲ စိတ်ဆိုးတတ်ကြတယ်။ မမှန်တာပြောရင် - ဟုတ်လို့ ပြောတာဆို ခံရတာ တော်ပါသေးတယ်။ မဟုတ်ပဲနဲ့တော့ အပြောမခံနိုင်ဘူးတဲ့။ မှန်တာတွေ ပြောတော့လဲ မှန်တာတွေ ပြောရပါ့မလားဆိုပြီး စိတ်ဆိုးကြတာပါပဲလေ။ ကဲ ... ပြောချင်တာ ပြောကြပါစေတော့အေ။ ပေယျာလကန် ပြုလိုက်မယ်။ ( ဘာလဲတော့မမေးနဲ့ မီးသော်ကြီးလဲ သူ့အနက်အဓိပ္ပါယ်ကို မသိဘူး။ ) ရေးမှဖြစ်မယ်လေ။

ခုဏ စားလိုက်တဲ့ မုန့်ဟင်းခါး တန်ခိုးက ပြလာပါပြီ။ ရင်ပူလိုက်တာ။ လိမ်မော်သီးစားမှထင်တယ်။ မုန့်ဟင်းခါးက အဲလိုစွမ်းတာလေ။ သူ့ကိုစားပြီးရင် လုံးဝမေ့ထားလို့ မရဘူး။ အဲကြောင့်ဖြစ်မယ်။ ညမာတွေ အားလုံးက တက်ညီလက်ညီကို ကြိုက်ကြတယ်။ မုန့်ဟင်းခါးလို့ ပြောလိုက်တာနဲ့ စားချင်လာကြရော။ မီးသော်ကြီး ထင်တယ်။ အခြားအစားအစာ တစ်မျိုးမျိုးထက် မုန့်ဟင်းခါးက အကြိုက်ပိုညီကြတယ်။ မုန့်ဟင်းခါးက အနယ်နယ်အရပ်ရပ်မှာ သူ့ပုံစံမျိုးနဲ့သူ ရပ်တည်နေတာ။ မုန့်ဟင်းခါးလို့သာ နာမည်တူတာ သူ့နယ်အလိုက် ချက်နည်းတွေက မတူကြဘူး။ တစ်နယ်ကို ပုံစံတစ်မျိုးစီပါပဲ။ ကုလားပဲနဲ့ ချက်ကြသလို ပဲမပါဘဲ ဆန်နဲ့ချည်းလဲ ချက်ကြတယ်။ အချို့နယ်က မြေပဲဆန်ကို စေးနေအောင်ထောင်းပြီး ထည့်ကြတယ်။ အချို့နယ်က စပါးလင်ပါတာ မကြိုက်ကြဘူး။ အချို့နယ်က ပဲကိုမှပျစ်ပျစ်ကြီးချက်ပြီး စားကြတယ်။ မီးသော်ကြီး တွေ့ဘူးတာတော့ ကရင်ပြည်နယ်ဘက်မှာဆိုရင် မုန့်ဟင်းခါးထဲကို ပူစီနံတို့ ပဲပင်ပေါက်တို့ ( မန်းလေးမှာတော့ ပဲပင်ပေါက်ကို တိုရလို့ခေါ်တယ်။ ဘာလို့ အဲလိုခေါ်လဲဆိုတာ မီးသော်ကြီး မသိဘူး။ ) ဂေါ်ဖီတို့ ခ၇မ်းချဉ်သီးတို့ ထည့်စားကြတယ်။ မီးသော်ကြီး မိတ်ဆွေတစ်ယောက်ကတော့ ဂန့်ဂေါဘက်က။ သူကျတော့ မုန့်ဟင်းခါးထဲကို ကောက်ညင်းပေါင်း ထည့်စားတယ်။ များသောအားဖြင့်တော့ အကြော်စုံ၊ ငါးဖယ်၊ ကြက်ဥ-ဘဲဥ နံနံပင် အဲတာမျိုးကတော့ ထည့်စားနေကြတာပဲ။ မီးသော်ကြီးဆိုရင် ငါးဖယ်ကြော်ရယ် ဘူးသီးကြော်ရယ် ကြက်သွန်ကြော်ရယ် ဘဲဥရယ် ထည့်စားတာကို ကြိုက်တယ်။ မုန့်ဟင်းခါးဆို သူ့ပုံစံကို မမြင်ရသေးနဲ့ဦး အနံ့ရလာပြီဆိုတာနဲ့ စားချင်ကြတာ။ ပုံမှန် မုန့်ဟင်းခါး တစ်ပွဲမှာ ဆိုရင် မုန့်တီရယ် ကြက်ဥရယ် အကြော်ရယ် နံနံပင်ရယ် ကြက်သွန်ဖြူကို ကြော်ထားတဲ့ ဆီချက် အဖန်လေးတွေရယ် ငရုပ်သီးရယ် သံပုရာသီးရယ် ဟင်းရည်ရယ်ပါတယ်။ မုန့်ဟင်းခါးနဲ့ စားတဲ့ ငရုပ်သီးကလဲ ဆီနဲ့ကြော်ရင် နည်းနည်းမှ စားမကောင်းဘူး။ လှော်ပြီး ထောင်းထားမှ စားလို့လိုက်ဖက်တယ်။ မီးသော်ကြီးတို့ အိမ်မှာဆို မုန့်ဟင်းခါးကို မကြာခဏ ချက်ချက်စားကြတယ်။ များသောအားဖြင့်တော့ ၂ မျိုးချက်စားတယ်။ ၁ မျိုးက ကုလားပဲကို ပြုတ်ချေပြီး ငါးဆီသတ်နဲ့ ချက်တယ်။ ငါးကို ဆီသတ်တဲ့ချိန်မှာ စပါးလင်ကို ညက်နေအောင် ထောင်းထားတာရယ်၊ ကြက်သွန်ဖြူကို ထောင်းထားတာရယ်၊ ကြက်သွန်နီကို ထောင်းထားတာရယ်၊ ဂျင်းကို ထောင်းထားတာရယ်ကို အားလုံးရောပြီး ဆီသတ်လိုက်တယ်။ ငရုပ်သီး အနုမှုန့်ကို နည်းနည်းထည့်တယ်။ အဲလို ဆီသတ်ပြီး ကုလားပဲပြုတ်ပြီး ချေထားတဲ့ အထဲထည့်လိုက်ပြီး ကြက်သွန်နီဥတွေ၊ ငှက်ပျောအူတွေ၊ ဘဲဥတွေ ထည့်ပြီးတည်တယ်။ နောက် ၁ မျိုးကတော့ ဆန်မှုန့်ကို လှော်လိုက်တယ်၊ ပြီး ရေနဲ့ဖျော် ပြီးတည်တယ်။ ငါးပြုတ်ကို အသားတွေကို နွှာပြီးထည့်တယ်။ ခေါင်းတွေနဲ့ အရိုးတွေကို ထောင်းပြီး သူ့အရည်ကို အရိုးစတွေ မပါအောင် စစ်ပြီး ထည့်လိုက်တယ်။ အဲ မဟုတ်ဘူး အသားတွေကို ကြက်သွန်နီနဲ့ ဆနွင်းနဲ့ နည်းနည်းလေး ဆီသတ်တယ် ဆိုရုံလေး ဆီသတ်သေးတယ်။ ပြီးရင် ဆူပွက်လာအောင် တည်တယ်။ ထုံးစံအတိုင်း ကြက်သွန်ဥ ဘာညာ ထည့်တယ်ပေါ့။ သူက ငရုပ်ရောင်မဟုတ်ပဲ ၀ါဝါလေး။ ဆန်လှော်ချက်ပေါ့။ အဲလို ၂မျိုး ချက်စားတယ်။ တစ်ကြိမ်ထဲ ၂ မျိုးတော့ မဟုတ်ဘူးပေါ့။ မုန့်ဟင်းခါးကို ကြိုက်တဲ့ သူတွေက ဘယ်လိုချက်ချက် ကြိုက်နေကြတာပါပဲ။ ဟုတ်တယ်မလား။ မုန့်ဟင်းခါးပန်းကန်ထဲကို မုန့်တီဖတ်လေးထည့် အကြော်၊ ငါးဖယ်၊ ဘဲဥလေးထည့်၊ နံနံပင်းလေးထည့်၊ ကြက်သွန်ဖြူကြော်ဖတ်လေးတွေထည့်၊ ဟင်းရည်လေးနဲ့ ပူပူလေး ပြင်ထားလိုက်ရင် ဘယ်သူမဆို မြင်လိုက်တာနဲ့ စားချင်စိတ်က တန်းဖြစ်လာမှာပဲ။ ကြိုက်ရင်ပေါ့။ မီးသော်ကြီး အပေါင်းအသင်းထဲမှာ မုန့်ဟင်းခါးကို လုံးဝ မကြိုက်တာ ၂ ယောက်။ မီးသော်ကြီး မြင်ဘူးတယ်။ ဒါပေမယ့် နည်းပါတယ်။ မုန့်ဟင်းခါးချက်ရင် ငါးဆိုရင် ငါးခူနဲ့ချက်တာ ပိုကောင်းတယ်လို့ မီးသော်ကြီးထင်တယ်။ ငါးကြင်းနဲ့လဲ ချက်ကြတယ်။ အချို့ဆို ငါးသလောက်နဲ့လဲ ချက်ကြတာပဲ။ ဘယ်ငါးနဲ့ချက်ချက် ကိုယ်နေတဲ့အရပ်က စားနေကြပုံစံမျိုးနဲ့ ချက်ရင်စားလို့ ကောင်းနေတာပဲ။ မုန့်ဟင်းခါးနဲ့ ပတ်သက်ပြီး စည်းလုံးတာတွေ ဘာညာတွေတော့ ထည့်မရေးတော့ဘူး။ စာစီစာကုံးသာ ဆိုရင်တော့ အမှတ်တိုးစေဖို့ လျှောက်ရေးပေးရမှာပေါ့။ ခုတော့အဲတာတွေမရေး တော့ဘူး။

အဲတော့ ... ရင်ပူရာကနေ ရေးလိုက်တာ မုန့်ဟင်းခါးဇာတ် ဖြစ်သွားတယ်။ ဖြစ်လာမှတော့ တည်နေပါစေတော့အေ။ မုန့်ဟင်းခါး ဆိုတော့လဲ မုန့်ဟင်းခါးပေါ့။ ဖြစ်တယ်မလား။ ရင်ကတော့ ပူနေပေမယ့် ရေးရင်းနဲ့ ထပ်စားချင်လာတာပဲ။ ( စားမှာပဲ ... စားမှာပဲ ... ငါ့ကို လာမတားနဲ့ ... )။