လာရောက်ဖတ်ရှုကြသူအားလုံးကိုကျေးဇူးပါရှင် Mee Mee Thaw Gyi

Wednesday, February 07, 2007

ဒါ ... အိပ်မက်လား

မီးသော်ကြီး ရင်တွေ ခုန်လိုက်တာနော် ...။ ဘယ်လို ပြောရမလဲ ဒီခံစားချက်ကို ဘယ်လို ဖွင့်ဆိုရမလဲ။ ခြေဖျား လက်ဖျားတွေ အေးစက်၊ နားရွက်ဖျားတွေ ပူထူ၊ ရင်ခုန်သံတွေက တစ်ဒုံးဒုံး။ ကုလားဘုရားပွဲ လှည့်သလို ဆိုတာမျိုးလား။ ဘာလုပ်လို့ ဘာကိုင်ရမယ်ဆိုတာကို ကွဲကွဲပြားပြား မသိနိုင်တော့ဘူး။ အို ... ခြေလှမ်းတွေလည်း အမှားမှား အယွင်းယွင်းနဲ့။ ဒီလျှောက်လက်စ လမ်းကလေးတောင် ဆုံးထိတိုင်အောင် ခြေလှမ်းမှန်စွာနဲ့ လျှောက်လှမ်းနိုင်ပါတော့မလား။ နောက်ကျောပဲ မလုံတော့သလို၊ ရှေ့မှာပဲ တံတိုင်းကြီးတွေများ ကာဆီးထားလေသလား။ အို ... အို ...။

သူ … အကြည့် တစ်ချက်လေးအတွင်းမှာ မီးသော်ကြီးတစ်ယောက် အယောင်ယောင် အမှားမှားနဲ့ ဘာတွေ လှုပ်ရှားမိကုန်လဲဆိုတာ သေချာ မသိတော့ပါလား။ လူ့ဘ၀ လျှောက်လှမ်းခဲ့ရတာ ရှည်လျှားလှတယ် ဆိုပေမယ့် ဒီတစ်ခဏတာလေးဟာ မီးသော်ကြီးအတွက်တော့ တစ်ကမ္ဘာတစ်မျှ ကြာရှည်လိုက်တာနော် ...။ မီးသော်ကြီးရဲ့ အသိနဲ့ သတိတွေ ဘယ်တွေ ပျောက်ဆုံးကုန်ပြီင်္လဲ။ ဒီလောက်ကြီး ဗြောင်းဆန်သွားရအောင် မီင်္းသော်ကြီး နင်ဟာ ၁၀ ကျော်သက်လေးလား။ သစ်ရွက်ကလေးတွေ လေတိုက်လို့ လှုပ်တာကို ဟာသလို့ထင်ပြီး ရယ်မော ပျော်ရွှင်နေမိရလောက်တဲ့ ၁၀ ကျော်သစ်တစ်ယောက်ဘ၀ကို နင်တစ်ယောက် လွပ်လပ်ပျော်ရွှင်စွာ စိတ်တိုင်းကြ ဖြတ်သန်းခဲ့ပြီးပြီ မဟုတ်ဘူးလား။ ဘာကိုမှ အတွေ့အကြုံမရှိတဲ့ သူတစ်ယောက်လိုတော့ နင်မဖြစ်သင့်ပါဘူး။ ပြောလည်းခံရယုံပဲ။ သူ့အကြည့် တစ်ချက်လေးအတွင်းမှာ အဲလောက်တောင် ဖြစ်သွားခဲ့တယ်လေ။ သူကတော့ မျက်လုံးလေး အကြည့်တစ်ချက်ပဲပေါ့။ သူ --- ဒင်းနစ်။

ဟယ် ... ပန်းစည်းလေး ကိုင်လို့ စေါင့်နေပါလား။ ငါ့ကို ပေးတော့မယ်ဆိုတာ သေချာပါတယ်လေ။ ဘာကြောင့်များလဲ။ မီးသော်ကြီးကိုမှ ဒီနေရာလေးမှာ အမြဲရပ်လို့ စောင့်စောင့်နေခဲ့တာ။ မီးသော်ကြီး သိပ်သတိထားမိတာပေါ့။ သူ့ရဲ့ ညိုမှောင်နေတဲ့ မျက်လုံးညိုကြီးတွေနဲ့ အမြဲစိုက်လို့ ကြည့်ကြည့်နေခဲ့တာ။ အခါအားလျှော်စွာ ပန်းစည်းတွေ၊ အရုပ်လေးတွေကို ပေးတတ်သေးတယ်လေ။ ခုလဲကြည့်လေ ပန်းစည်းအကြီးကြီးနဲ့ မီးသော်ကြီးကို စောင့်နေပြန်ပါပြီ။ ခြေလှမ်းတွေလည်း ယောင်မှားစ ပြုလာပြီ။ ဘယ်လိုလုပ်ရမလဲ။ ဟော ... သူနောက်ကနေ လိုက်လာပြီ။ ရှေ့ဆို အိမ်ကို ရောက်တော့မယ်။ သိပ်မလိုတော့ဘူး။ ခေါင်းကို ငုံ့ထား မီးသော်။ ကဲ - အိမ်ရှေ့ရောက်ပြီ။ အယ်တော့ ... သူလေ ဘာမပြော ညာမပြောနဲ့ မီးသော်ကြီးကို ပန်းစည်း အတင်းပေးသွားပြီး လှည့်ပြန်သွားပြီ။ နားလည်ရ သိပ်ခက်ပါလား သူရယ်။ အော် ... ပန်းစည်းထဲမှာ ကဒ်လေးတစ်ခု။ ဟယ် ... ဗယ်လင်တိုင်းမှာ သူ ချောကလက် လက်ဆောင် ပေးပါရစေတဲ့လေ။ သူ --- ဘရက်ပစ် ( မီးသော်ကြီး အခေါ် = ဘလွတ်ပစ် )

14.2.200-
( တင်းတောင်… ) တံခါးဘဲလ်သံပါလား ...။ ဘယ်သူပါလိမ့် ဒီလောက် စောစောကြီး။ စိတ်ရှုပ်လိုက်တာနော်။ အိပ်ရေး မ၀သေးပါဘူးဆိုမှ ...။ စောစောစီးစီး အနှောက်အယှက်က ပေါပါ့။ ဆိုးပါ့ ... ဒီမနက်ကတော့ good morning မဖြစ်နိုင်တော့ပါလား။ ဟမ် ... ဘလွတ်ပစ်နဲ့ ဒင်းနစ်ပါလား ...။ ဘာတွေလဲ ... ဘုရား ဘုရား ...။ တစ်ခုခုတော့ မှားနေပြီ။ မဟုတ်သေးပါဘူးနော်။ အမ် ... နှစ်ယောက်လုံးက ပန်းစည်းတွေ ချောကလက်တွေနဲ့။ တစ်ယောက်က နှင်းဆီပန်း အဖြူလေး တစ်ပွင့်ထဲနဲ့ အသဲပုံ ချောကလက်တစ်ခု။ နောက်တစ်ယောက်က နှင်းဆီပန်း အနီလေး တစ်ပွင့်နဲ့ ချောကလက်။ ဘာတွေလဲ ... ဘာတွေလဲဟာ။ ဟာ ... လုပ်ပြန်ပြီ သူကျွေးတဲ့ ချောကလက်စားပါ၊ ငါကျွေးတဲ့ ချောကလက်စားပါနဲ့။ အာရုဏ်တွေ နောက်လိုက်တာနော်။ မီးသော်ကြီး ဘာပြောရမလဲ၊ ဘာလုပ်ရမလဲ။ အဲ ... အဲ ... နှစ်ယောက်လုံးက ဒူးထောက်လိုက်ကြပြီ အဖြေကို တောင်းကြတော့မှာလား ...။ မီးသော်ကြီးရဲ့ လက်တစ်ဖက်စီကို ၂ ယောက်သား ပြိုင်တူ ဆွဲလိုက်ကြတယ်။ မီးသော်ကြီး ဘာလုပ်ရမလဲ ... မျက်လုံးကို စုံမှိတ်ပစ်လိုက်တယ်။ မီးသော်ကြီးရဲ့ ညာဘက် လက်ကို နမ်းနေတယ် ...။ ဘယ်သူပါလိမ့်။ မီးသော်ကြီးလည်း အာရုဏ်တွေ ရှုပ်နေတာနဲ့ ဘယ်တစ်ယောက်က ညာဘက် ဘယ်တစ်ယောက်က ဘယ်ဘက်ဆိုတာ လုံးဝ သတိမထားလိုက်မိဘူး။ ဘယ်သူပါလိမ့်နော် ...။ ကဲ ... သေချာသွားအောင် မျက်လုံးကို ဖွင့်ကြည့်လိုက်မယ် ... မှန်းစမ်း ...။ ဟမ် ... အမြှီးနဲ့၊ ဟာ ...။ ဘယ်တွေ ရောက်ကုန်ကြပြီလဲ ဘလွတ်ပစ်ကော ဒင်းနစ်ကော ...။

အမြှီးလေး တစ်နန့်နန့်နဲ့ မီးသော်ကြီး အချစ်တော် ခွေးမလေး အောကစ်။ အော် ... မီးသော်ကြီး နေ့ခင်းကြီးမှာ အိပ်ပျော်ပြီး အိမ်မက်လှလှ တစ်ဝကြီး မက်နေရှာသကိုး ...။ မီးသော်ကြီး မွေးနေ့မှာ အိမ်တံခါးမကြီးကို ဖွင့်လိုက်တာနဲ့ ပန်းစည်းတွေက ဝေါကနဲ့ အိမ်ထဲကို ပြိုဆင်းလာမလား ဆိုပြီး စိတ်ကူး အတွေးချော်ပြီး အိပ်ပျော်သွားလိုက်တာ ... ခွေးမကလေးက တစ်အီအီနဲ့ လာနိုးတော့မှပဲ ...။ အဟိ။-။

Sunday, January 28, 2007

ပျင်းမိပါတယ်

မီးသော်ကြီး တစ်ယောက် ပျင်းရိခြင်းအကြောင်း တစ်ရား ၆ ပါးကနေ တစ်ပါးမှ မလွတ်ပဲ နည်းလမ်းမျိုးစုံနဲ့ ပျင်းရိနေခဲ့လိုက်တာ ဘလော့လေးနားကို ယောင်လို့တောင်မှ မရောက်မိခဲ့ပါဘူး။ ဘလော့လေးခမျာမလဲ သနားဖို့ ကောင်းလောက်အောင် ချောက်ကပ် တိတ်ဆိတ်နေရှာတယ်။ မီးသော်ကြီးက အရာရာကို လစ်လျှူရှုပြီး နေခဲ့တာတော့ မဟုတ်ပါဘူး။ အကြောင်းအမျိုးမျိုးကြောင့် တိုက်ဆိုင်စွာနဲ့ပဲ စာမရေးဖြစ်တာလည်း ပါတာပေါ့လေ။ ပျင်းတာနဲ့ နားပင်းတာ ရောနေတယ်ဆိုပါတော့။ မီးသော်ကြီးလဲ ဘလော့မှာ လာရောက်သူကို အားတွေလည်းနာ စော်ကားသလို ဖြစ်မိတာတွေကိုလည်း တွေးမိပြီး ကိုယ့်စိတ်ကို မလုံသလို ခံစားနေရတာ။ ရေးမယ်၊ ရေးမယ်နဲ့ စိတ်ထဲမှာပဲ စာတွေစီနေတာ လက်တွေ့မှာတော့ ဘာကိုမှ မယ်မယ်ရရ မလုပ်ဖြစ်ဘူး။ ပျင်းပါတယ် ဆိုနေမှ အင်တာနက်ကော်နရှင်တွေက ပျက်ကူပေးလိုက်သေးတယ်။ မီးသော်ကြီးတို့ ကံကောင်းလိုက်ပုံများနော်...။ အမှန်တော့ အလုပ်တစ်ခုကို လုပ်တယ်ဆိုတာ ကံချည်းနဲ့ပဲ ဆိုင်တာတော့ မဟုတ်ဘူး။ ပြောလေ့ပြောထရှိတဲ့ စကားတစ်ခုရှိပါတယ်။ ကံမရှိ ဥာဏ်ရှိတိုင်းမွဲ ဆိုလား။ အမှန်ကတော့ အဲစကားက မီးသော်ကြီး ဘလော့မှာ စာမတင်ဖြစ်တာနဲ့တော့ မဆိုင်ဘူး။ မီးသော်ကြီးက ၀ီရိယကော လုံ့လကော မရှိတာ။ ဘလော့လေး လုပ်ထားပါတယ် ဆိုမှတော့ စာကို ဂရုတစိုက်လေး ရေးသင့်တာပေါ့နော့်။ မီးသော်ကြီး အကြောင်းကို သိတဲ့သူ တစ်ယောက်က ဘယ်လိုပြောလဲဆို စာရေး ဒီလောက်ပျင်းတဲ့ သူက ဘလော့များ သွားလုပ်နေသေးတယ်တဲ့။ အမှန်တော့ မီးသော်ကြီးက သူများယောင်လို့ လိုက်ယောင်တာ။ စပ်စလူးပိုးကို ဓါတ်လိုက်သလိုပဲ၊ ဘလော့ လုပ်ချင်လှပါချည်းရဲ့ ဆိုပြီး အများတကာကို နားပူနားဆာလုပ်၊ ပြီးတော့လည်း ခုမြင်တဲ့အတိုင်းပဲ။ လူဆိုတာ လုံ့လ၀ီရိယလေးတော့ ထားသင့်တာပေါ့။ မီးသော်ကြီးရဲ့ သူငယ်ချင်းတစ်ယောက်၊ သူ့ရဲ့ အဖွားဆို အမြဲဝီရိယထားဖို့ တိုက်တွန်းတယ်။ သူကတော့ ဘယ်လို ဥပမာနဲ့ ပေးလည်းဆိုရင်၊ ကန်တော့ပါရဲ့ ခွေးဖြစ်ရင်တောင်မှ ပျင်းနေရင် မစင်ပူပူနွေးနွေး ဘယ်တော့မှ စားရမှာ မဟုတ်ဘူးတဲ့လေ။ သူပြောတာက စကားလုံးတွေက ရိုင်းတယ်ဆိုပေမယ့် ထိရောက်တယ်။ ဟုတ်တော့လည်း ဟုတ်နေတာပါပဲ။ မီးသော်ကြီးကတော့ အဲလိုမဟုတ်ပါဘူး။ ၀ီရိယအကျိုး စောစောနိုး၊ သူခိုးတုတ်နဲ့ရိုက် ဆိုပြီး ဘယ်တော့မှ စောစောမထဘူး။ ခုကတော့ အိပ်ရာစောစော မနိုးယုံတင်မဟုတ်ဘူး ဘလော့ကိုပါ ဥပေက္ခာ ပြုနေတာ။ မီးသော်ကြီး တောင်းပန်းပါတယ် စာဖတ်ပရိတ်သတ်ကြီးရယ်။ ( စိုင်းစိုင်းစတိုင်လ်နဲ့ ပြောကြည့်တာ၊ ငပေါကြီး ကျနေတာပဲ )။ မီးသော်ကြီး ပို့စ်တွေကို တစ်နေ့တစ်ခု မဟုတ်တောင် ခုလောက်ကြီး ရက်ကြာကြီး မတင်ဖြစ်တာမျိုး မဖြစ်အောင် ဂရုစိုက်ပါ့မယ်လို့ ပြောပါရစေနော်။ လာလည်ပါ၊ ပျင်းစရာ အကောင်းဆုံး ဘလော့တစ်ခု ဖြစ်ပေမယ့် လမ်းကြုံရင် ၀င်လာပါလို့။ ပြီးတော့ ဝေဖန်ပါ အကြံပြုပါလို့......